Breaking News

လင်းလက်နွေဦး - ပါဆယ်ဆွဲတဲ့ နေ့

လင်းလက်နွေဦး - ပါဆယ်ဆွဲတဲ့ နေ့

(မိုးမခ) ဇန်နဝါရီ ၂ ၊ ၂၀၂၄


အမျှော်တော် ရှိနေပြီ ထင်ပါရဲ့။

အခြေအနေအရပ်ရပ်ကြောင့် စာနဲ့ အဆက်အသွယ် ပြတ်သွားပေမယ့် ရင်ထဲ တလှပ်လှပ်နဲ့ရယ်။ အခြေအနေအရပ်ရပ်လို့ လုံးထွေးပြောလို့ရပေမယ့်၊ ယောကျ်ားတစ်ယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက်ကို ရေးသား တင်ပြချင်ပါသေးတယ်။ ဒီလို ပြောလိုက်တော့ ‘ယောကျ်ားဝါဒီကြီး’လို့တော့ မသမုတ်လိုက်ပါနဲ့၊ လျှာရှည်ချင်တာကို အမွှန်းတင်တာပါ။ ကာတွန်းတစ်ခုမှာ ဒီလို ရေးထားတယ်၊ ‘ဆရာမှာ မိန်းမမသိအောင် ဘက်ထားတဲ့ ဘတ်ငွေတွေ အတော်များနေပြီ ထင်တယ်’ ဆိုတာကို ‘ဘတ်ငွေလို့ မပြောပါနဲ့ “အမျိုးသား အကျိုးစီးပွား ရန်ပုံငွေ” လို့ ပြောပါကွ’လို့ ပြန်ချေပလိုက်တယ်။ အဲဒီကာတွန်းလေးလိုပဲ၊ ကျနော်လည်း စိတ်ထဲ ပေါ့သွားအောင် ရင်ဖွင့် ပြချင်တာကို ဆရာမကြီး ဂျူးရဲ့ ဝတ္ထုခေါင်းစဉ်တစ်ခုကို မှီးပြီး ‘ယောကျ်ားတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်’တွေ ဘာတွေ လုပ်ပစ်လိုက်တာပဲ။

တနေ့က ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဆုံဖြစ်တယ်။ သူက ကျနော့်ကို သေချာကြည့်ပြီး ဒီနှစ်တွေ အတွင်း အတော်အိုစာလာတယ်နော်လို့ ပြောလာတယ်။ စတာ နောက်တာ မဟုတ်ဘူး၊ ကျနော့်ကို ကျနော်လည်း သိတယ်၊ ကျနော် အတော် အိုစာလာတယ်၊ ဒီနှစ်တွေမှာ။ ကျနော့်လို အိုစာလာတဲ့သူတွေ၊ ပုံပျက်ပန်းပျက် ဝလာ ပိန်လာတဲ့တဲ့သူတွေ၊ ရုပ်ပိုင်းဆိုင်ရာ သိသိသာသာ ပြောင်းလဲလာသူတွေ အများကြီး။ စိတ်ပိုင်းဆိုင်ရာလက္ခဏာ တွေကရော၊ အများသူငါ မမြင်သာအောင် ကြိုးစားဟန်ဆောင်နေပေမယ့် ပွင့်အန်ကျလာတာတွေ အများကြီး။

ဟိုးအရင်နှစ်တွေကဆို၊ မဆုံဖြစ်ပါဘူးဆို တပတ်၊ နှစ်ရက် သုံးရက်လောက် မနက်ပိုင်း လက်ဖက်ရည် ဆိုင်မှာ ဆုံဖြစ်ကြတဲ့ စီဒီအမ် သူငယ်ချင်း သုံး လေးယောက် ရှိတယ်။ တစ်ယောက်က စဖောက်လာတယ်၊ ဆိတ် ကျောင်းရတာနဲ့၊ ဝက်မွေးရတာနဲ့။ ကျိုးကြား ကျိုးကြား လာတွေ့ရှာတယ်။ ခုနောက်ပိုင်း ရပ်ဝေးတနေရာ အလုပ် သွားလုပ်ရတော့၊ မတွေ့ရတာ အတော်ကြာပေါ့။ နောက်တယောက်ကတော့ အိမ်အလုပ်တွေ ဝိုင်းကူလုပ်ရတော့ ဖင်ပူအောင်တောင် မထိုင်နိုင်ရှာဘူး။ လက်ဖက်ရည်ကို အပြေးအလွှား သောက်ရတဲ့သူပေါ့။ ကျန်တဲ့သူတွေကတော့ တောင်အကြောင်း မြောက်အကြောင်း ဟိုဟိုဒီဒီ ပြောကြ ရယ်ကြ အမောဖြေကြ။

အဲထဲကမှ တစ်ယောက်သောသူက ခွေးဆွဲခံရပြန်တယ်။ ဘယ်သူ ဘယ်ဝါက ဘယ်ခေါ်သွားမှန်း မသိ။ ဘာလို့ ခေါ်သွားမှန်း မသိ။ သေမှန်း မသိ၊ ရှင်မှန်း မသိ။ သူ့ဇနီး စီဒီအမ် ကျောင်းဆရာမလေးမှာ ကိုယ်ဝန် အရင့်အမာကြီးနဲ့။ သတင်းအစအန ရှာမရတာ၊ တစ်လ ကိုးသီတင်းကြာတော့မှ၊ စခတွေ ဖမ်းသွားမှန်၊ မြို့နယ် အချုပ်ခန်းထဲ ရောက်နေမှန်း သိသွားတော့တယ်။ လမ်းတနေရာမှာ ဖုန်းအစစ်ခံရပြီး ဖုန်းထဲမှာ ပီဒီအက်ဖ်ပုံတချို့ တွေ့သွားလို့တဲ့လေ။ ဖေ့ဘုတ်ကနေ ကြိုက်လို့ အားကျလို့ ဆေ့ဗ်ထားရင်ကို အပြစ်ကြီးကြီး ဖြစ်နေပြီပေါ့။ သုံး လေးလကြာမှ ပြန်လွတ်လာတယ်။ ဘယ်လိုလုပ်လိုက်သည် မသိ။ ပြန်တော့ လွတ်လာတယ်။ သူ့အိမ်သွား အားပေးတော့၊ သူ့ လေသံက တိုးတိုးလေး။ သိသိသာသာ တိုးတိုးလေး။ တိုးတိုးလေး ပြောပြလာတယ်၊ တစ်ခါ တစ်ခါ စစ်ဆေးခံရရင် အခါတစ်ရာလောက် အရိုက်ခံရတယ်တဲ့။ အရိုက်ခံရတိုင်း ‘ဆန္ဒပဲ ပြဖူးတာပါ၊ ပီဒီအက်ဖ်တွေနဲ့ အဆက်အသွယ် မရှိပါဘူးဗျ’လို့ အော်သတဲ့။ သူ၊ အဲနောက်ပိုင်း၊ ဖေ့ဘုတ်အကောင့် မရှိတော့ဘူး၊ လက်ဖက်ရည်ဆိုင် မထိုင်တော့ဘူး။

ကျနော်တို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ထဲ စခတွေ ဝင်မွှေလာတယ်။ ဆိုင်ထဲ ပီဒီအက်ဖ်တွေ လာထိုင်တတ်လို့တဲ့။ ဆိုင်ရှင်က ပြေလည်အောင် ပြန်ပြောတယ်၊ ကားဂိတ်နား ဈေးနားနီးတော့ မျက်နှာစိမ်း ဧည့်သည်တွေတော့ နေ့တိုင်း အဝင်အထွက် ရှိပါတယ်ပေါ့။ ဘယ်သူဘယ်ဝါတွေကတော့ ပီဒီအက်ဖ်မှန်း မသိပါဘူးတဲ့။ ဒင်း တို့ ဆိုင်ထဲဝင်လာတော့ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတာပေါ့။ အပြင်လည်း ထွက်လို့မရ၊ သုံး လေးကောင် က အပြင်ဘက်မှာ၊ သေနတ်ကြီးတွေ တကားကားနဲ့။ ကျနော်တို့က ဝိုင်ဖိုင်ကပ်သုံးရင်း ကလစ်နေကြတဲ့ ကောင်တွေ။ ‘ဂန်းတော့မှာပဲ’ မျက်နှာငယ်လေးတွေနဲ့ ကုပ်နေရတယ်။ ကျနော်တို့က အပြင်ဘက်ဆုံးဆိုတော့ ဖုန်းသိမ်းချိန် ရတယ်။ ချဲရောင်းနေတဲ့ ကျောင်းဆရာထွက်နဲ့ ကားပြေးနေတဲ့ ဘော်ဒါတစ်ယောက်ကတော့ ဟန်မပျက်ပေါ့။

‘ခင်ဗျားတို့က ဒီရွာကလား’တဲ့၊ ကျနော်တို့ဘက် ဝေ့ကြည့်လိုက်ပြီးတော့ မေးလာတယ်။ ကားဆရာက ‘ဟုတ်တယ်လေ အဘ၊ ဟိုတနေ့ကတောင် အဘတို့ကို လိုက်ပို့လိုက်သေးတယ်၊ ည သန်းခေါင်ကြီးထဲ’လို့ ပြောလိုက်တော့၊ ဘဲနာကြီးတွေက မှတ်မိသွားတယ် ထင်တယ်။ ‘အိုကေ အိုကေ၊ ကျုပ်တို့ သတင်းရလို့ လာရှာနေတာ၊ အေးဆေး အေးဆေး’လို့ ပြောပြီးပြန်ထွက်သွားကြတယ်။ နောက်ရက် ဘာဖြစ်တာလည်း မသိပါဘူး၊ ဆိုင်ရှင်ကို လာခေါ်သွားတယ်။ ခုထိတော့ ပြန်မထွက်လာနိုင်သေးဘူး။

တနေ့၊ အဲဆိုင် ရောက်မိတော့၊ ဆိုင်ရှင် အမျိုးသမီးက ပြောလာတယ်၊ ‘နင်တို့ ပျောက်နေလိုက်တာဟယ်’ တဲ့။ ဟိုကောင်တွေလည်း ပေါ်မလာတော့ဘူးတဲ့။ ‘အမရေ၊ ကျနော်လည်း အတွင်းသတင်းကရ အဆွဲခံရမယ်ဆိုလို့  ရွာဘက်မှာ ရှောင်နေရတာဗျ၊ ခုမှ ပြန်ရောက်တာ’လို့။ ဟိုကောင်တွေဆီ ဖုန်းဆက်ကြည့်လိုက်တော့၊ တယောက်က ဖုန်းမကိုင်ဘူး၊ တယောက်က ဆိုင်ကယ်မရှိလို့နဲ့။ လက်ဖက်ရည်ငတ်နေပေမယ့် လက်ဖက်ရည် ဆိုတာ တယောက်တည်း သောက်ရင် မြိုမကျတာနဲ့၊ အချုပ်ပြန်ကြီးကို ဖုန်းဆက်ခေါ်လိုက်တယ်။

သူက တိုးတိုးလေး ပြန်ဖြေတယ်၊ ‘ပါဆယ်ဆွဲလာခဲ့’တဲ့။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar