သီအိုဇော် - သတ္တိနဲ့ပွင့်လန်း၊ သတ္တိနဲ့ ရှင်သန်
သီအိုဇော် - သတ္တိနဲ့ပွင့်လန်း၊ သတ္တိနဲ့ ရှင်သန်
(မိုးမခ) ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၄
ဒီနွေဦးတော်လှန်ရေးမှာ အနုပညာရှင်များရဲ့ ပါဝင်တဲ့ အခန်းကဏ္ဍ ကြီးမားတာကို ငြင်းပယ်လို့ မရပါဘူး။ အခုအချိန်အထိ ပြည်သူတွေနဲ့ တသားတည်းရှိပြီး တော်လှန်ရေးဘက်မှာ သတ္တိရှိရှိ ရပ်တည်ခဲ့ကြသူများစွာ ကျန်ရှိပါသေးတယ်။ ကဏ္ဍအသီးသီးက အနုပညာရှင်များနဲ့ လှုပ်ရှားနေတဲ့ Artists’ Shelterကို အထူး မိတ်ဆက်ပေးစရာ လိုမှာ မဟုတ်တော့ပါဘူး။ ဒီဖေဖော်ဝါရီလ ၂၅ ရက်နေ့ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၇ နာရီက စပြီး ‘သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ’ Acoustic Music Concert ကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။
အခု ရေးနေချိန်အထိ လက်မှတ် အစောင်ရေ ၅၀၀၀ ကျော် ရောင်းချပြီး ဖြစ်တယ်လို့ သိရပါတယ်။ ရည်မှန်းထားတာက အစောင်ရေ ၇၀၀၀ ဖြစ်တဲ့အတွက် မဝယ်ယူရသေးတဲ့ အထူးသဖြင့် နိုင်ငံတကာရောက် မြန်မာတွေ ထပ်မံအားဖြည့်ပေးရင် ပြည့်မီနိုင်မယ်၊ ကျော်လွန်ပြီးတောင် သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
‘လင်းလင်း၊ အနဂ္ဂ၊ မင်းမော်ကွန်း၊ ပိုင်ဖြိုးသု၊ တူးတူး၊ အောင်မြင့်မြတ်’ တို့ ပါဝင်သီဆိုကြမယ့် ဒီအနုပညာလှုပ်ရှားမှု ကမ်ပိန်း လက်မှတ်ဝယ်ယူဖို့အတွက် Artists’ Shelter Facebook Page ကို သွားရောက်နိုင်ပါတယ်။ နိုင်ငံတကာ အရောင်းကိုယ်စားလှယ်များကလည်း ရောင်းချပေးနေပါတယ်။
အချိန်ကွာဟကြောင့်ပဲ ဖြစ်ဖြစ်၊ မအားလပ်လို့ပဲဖြစ်ဖြစ် ထုတ်လွှင့်တဲ့အချိန်မှာ မကြည့်ရှုနိုင်ရင်လည်း လက်မှတ်မှာ ပါတဲ့ ကုဒ်နံပါတ်နဲ့ ၅ ရက်အတွင်း ၃ ကြိမ်တိုင်တိုင် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေ အကျိုးအမြတ်တွေဟာ တော်လှန်ရေးဘက်မှာ အခုချိန်အထိ အခက်အခဲများကြားကနေ ခံယူချက် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင် အတတ်ပညာရှင် မိသားစုများအတွက်သာမက၊ မြေပြင်အဖွဲ့များဆီကိုလည်း ၅၀ ရာခိုင်နှုန်း ပြန်လည်စီးဆင်းမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
အနုပညာလှုပ်ရှားမှု သက်သက်သာ မဟုတ်ပဲ၊ အဖိနှိပ်ခံပြည်သူများရဲ့ အသံကို ထင်ဟပ်စေတဲ့ အခုလို ကမ်ပိန်းတွေ၊ ပရောဂျက်တွေ ဒီထက်အရှိန်အဟုန် မြင့်တက်လာဖို့အတွက် နိုင်ငံတကာရောက် မြန်မာမိသားစုများက ပါဝင် အားဖြည့်ပေးနိုင်တဲ့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်။
ယူကရိန်း ကျူးကျော်စစ် နောက်ပိုင်းမှာ ယူကရိန်း ဘဲလေးအနုပညာရှင်များ စုစည်းပြီး The United Ukrainian Ballet အဖွဲ့ဟာ နိုင်ငံတကာကို လှည့်လည်ကပြပြီး အနုပညာနဲ့ လှုံ့ဆော်ကြတာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။
ပြည်ပကို တိမ်းရှောင်လာရတဲ့ ကဏ္ဍမျိုးစုံက အနုပညာရှင်၊ အတတ်ပညာရှင်စစ်စစ်များရဲ့ အနုပညာလှုပ်ရှားမှုများ အောင်မြင်သထက် ပိုအောင်မြင်လာနိုင်စေရေးအတွက် ပြည်တွင်း ပြည်ပရှိ မြန်မာများ၊ အထူးသဖြင့် အထိန်းအချုပ်အောက်မရှိပဲ လွတ်လွတ်လပ်လပ် ပါဝင်နိုင်တဲ့ နိုင်ငံတကာရောက် မြန်မာများက အင်တိုက်အားတိုက် ပါဝင် အားပေးကြစေလိုပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar