Breaking News

လေခဏီ - ဘုရားအလုပ် ဘယ်သူ လုပ်မလဲ

လေခဏီ - ဘုရားအလုပ် ဘယ်သူ လုပ်မလဲ

(မိုးမခ) ဖေဖော်ဝါရီ  ၂၄ ၊ ၂၀၂၄


အင်္ဂုလိမာလဟာ သူ့ဆရာရဲ့ ဂျင်းယုံကြည်ချက်တခုအတွက် လက်ချောင်းတွေ လိုက်ဖြတ်ရင်း လူသတ်နေတာ လက်ချောင်းတထောင် ဆိုပေမယ့် ပျောက်ပျောက်သွားတဲ့အတွက် မပြည့်နိုင် ဖြစ်လို့ လိုက်လိုက်သတ်ရင်း သတ်ရင်း သတ်စရာလူ ရှားလာတော့ နောက်ဆုံး အမေကို သတ်ရမယ့်အဖြစ် ဆိုက်လာတာပဲ။

မအလ စစ်တပ်ကလည်း အဲလိုပါပဲ။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဒို့တာဝန်အရေး သုံးပါး ဂျင်းယုံကြည်ချက်အတွက် ပြည်ထောင်စုလိုက် လူတွေသတ်၊ တိုင်းရင်းသား ကလေးတွေ သတ်၊ ဖိုးအို ဖွားအိုတွေ သတ်၊ မိန်းမပျို မိန်းမအို တွေ့သမျှ မုဒိမ်းကျင့်၊ ကျင့်တာမှ အမိရှေ့ အဖရှေ့ လင်ရှေ့ သားရှေ့ ငရဲဇာတ် ခွေးသရဲဇာတ်ကို သေချာကြည့်ခိုင်းပြီး ကျင့်သတ်တာ။ တပြည်လုံး မီးပတ်ရှို့၊  မြို့တွေ ရွာတွေ ဗုံးကြဲဖျက်ဆီး။ တပ်မတော်သားတွေရဲ့ ဒို့တာဝန်အရေးသုံးပါးဆိုတာကြီးက ပစ်သတ်တာရယ်၊ မီးတိုက်တာရယ်၊ ဗုံးကြဲတာရယ်ပါဘဲ။

တယောက်ပြီး တယောက် သတ်လာလိုက်တာ ခု ကိုယ့်ဆွေကိုယ့်မျိုး ကိုယ့်ညီကိုမောင်နှမ၊ နောက်ဆုံး ကိုယ့်မိသားစုလက် ဖြတ်ဖို့အဆင့် ရောက်လာပြီ။ တဖြည်းဖြည်းနဲ့ ရှို့လာလိုက်တာ ခု ကိုယ့်မြို့ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ကိုးကွယ်ရာ ကိုယ့်ကျောင်း ကိုယ့်အိမ်ရောက်လာပါပြီ။ တအုံးအုံးနဲ့ ကြဲနေတဲ့ ဗုံးတွေအောက်မှာ ကိုယ်အင်္ဂါအပိုင်းပိုင်းပြတ် သေသွားရတဲ့ ကလေးငယ်ပေါင်းများစွာ ဘိုးဘွားပေါင်းများစွာ ပြိုပျက်သွားတဲ့ အဆောက်အအုံပေါင်းများစွာ၊ မြို့ရွာပေါင်းများစွာ ကျောင်းပေါင်းများစွာ၊ အဲဒီအဆောက်အအုံတွေအတွက် လှဲခဲ့ရတဲ့ သစ်ပင်ပေါင်း မရေနိုင် တူးခဲ့ဆွခဲ့ လုပ်ခဲ့ကိုင်ခဲ့ရတဲ့ ချွေး သွေး ကာယ ဉာဏ လုပ်အား အချိန်ကာလ နှစ်ရာချီ အကုန်ပြာဖြစ်သွားပြီ။ 

တိုင်းပြည်ဟာ လွင်တီးခေါင် 

တိုင်းပြည်ဟာ တစပြင်

တိုင်းပြည်ဟာ သုဿာန်

တိုင်းပြည်မှာ နာကျည်းမှု

တိုင်းပြည်မှာ မျက်ရည်

တိုင်းပြည်က သွေးမတိတ်။

ကဲ အခု အမေကို သတ်ဖို့ ထုတ်တဲ့ဓားလို မအလဟာ စစ်မှုထမ်းဥပဒေထုတ်ပြီ။ အင်္ဂုလိမာလဟာ အမေကို ရက်ရက်စက်စက် ခုတ်သတ်ပစ်မယ်ဆိုတဲ့ ပိုင်းဖြတ်မှုမျိုး အကုန်လုံး အချင်းချင်းပတ်သတ်ဖို့ ပက်ပက်စက်စက် အမိန့်ပေးလိုက်ပြီ။

အင်္ဂုလိမာလကို တားနိုင်ခဲ့တာ ဘုရားပဲ။

ကဲ ဘုရားအလုပ် ဘယ်သူလုပ်မလဲ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar