လင်းလက်နွေဦး- ငွေကျော့ကုသိုလ် ကျော့ကုသိုလ်ရှင့်
လင်းလက်နွေဦး
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၄
ဒီနေ့ အသံတိတ်သပိတ်နေ့။ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို လုယူသွားတာ (၃)နှစ်မြောက်တဲ့နေ့။ သူ့ကျွန်ဘဝ ကျရောက်တာကို ဝမ်းနည်းတဲ့အနေနဲ့ ပြည်သူတွေ တရပ်လုံး ပူဆွေးသောကရောက်နေရပါတယ်ဆိုတာကို ဒီသပိတ်နဲ့ ဖော်ပြနေကြတာပါ။ တကယ်တော့ ပူဆွေးဝမ်းနည်းနေရ တာ ဒီနေ့ဒီရက် တစ်ရက်တည်းသာ မဟုတ်ပါဘူး၊ နေဝင်းတို့တတွေ အာဏာလုခဲ့ကြတဲ့အချိန်ကတည်းဆို နှစ်ပေါင်းဆယ်ချီ ကြာခဲ့ပါပြီ။ ရွှေရိုးအမည်ခံ နိုင်ငံခြားသားတစ်ဦးရေးသားခဲ့တဲ့ ‘အမြဲပြုံးပျော်နေသော ဗမာများ’ ဆိုတာ နေဝင်းလက်ထက်ကတည်းက ပျောက်ရှသွားပါပြီ။ လူပီသတဲ့ လူသားဆန်တဲ့ မြန်မာနိုင်ငံသားတိုင်း စိတ် လွတ်ကိုယ်လွတ် ပြုံးပျော်ကြည်နှူးရတဲ့ နေ့ရက်တွေဆိုတာ ရွှေလို ရှားပါးပါတယ်။ ဒါကြောင့် ‘ရွှေမြန်မာ’လို့များ အမွှန်းတင်ကြတာ ထင်ပါရဲ့။
မိုးဟိန်း(သူရိယနေဝန်း) ဖားသလို အိမ်နီးချင်းနိုင်ငံ ထိုင်းနဲ့ယှဉ်ရင် မြန်မာပြည်မှာ စစ်တပ်က အာဏာ သိမ်းတဲ့အကြိမ် နည်းလွန်းပါသတဲ့။ ဒါပေမယ့် တစ်ခါသိမ်းရင် နှစ်ပေါင်းဆယ်ချီကြာတာတော့ ထည့်မပြောပါဘူး။ ဒါပေမယ့် ခုတော့ မောင်မိုးဟိန်းလည်း သူ့အဘအကွက် ပေါတောတော ကြောင်ကြောင်တွေကို ကြည့်ပြီး အတော် စိတ်ပျက်နေပါပြီ။ ဘောမတသိုက်တောင် ဆက်မ’မချင်လောက်အောင် စိတ်ဓာတ် အဝီစိကျနေပေမယ့် ကျနော်က တော့ ဆက်ဆဲချင်နေတုန်းပါပဲ။ ပေါက်ကိုယ်တော်ကြီးနဲ့အဖွဲ့က စကစဥက္ကဋ္ဌ၊ တပ်ချုပ်ကြီးအနေနဲ့ ပြည်သူတွေကို နှိပ်စက်တာ ပျော့လွန်းတယ် ဘာညာ ထင်နေတယ်။ ကျနော်တို့ကတော့ ဒီကောင်တွေ လူမဆန်တဲ့ကောင်တွေပဲ လို့ အာဏာစသိမ်းကတည်းက၊ ဆန္ဒပြ လက်နက်မဲ့ပြည်သူတွေကို ‘ခေတ်ပြောင်းအောင် ခေါင်းပစ်’ကတည်းက နားလည်သဘောပေါက်ပြီးသားပါ။ ဘယ်ဘက်က၊ ဘယ်သူတွေ ဘာတွေပြောပြော ခင်ဗျားတို့အဘ မအလ’ဟာ ဗုဒ္ဓမြတ်စွာရဲ့ ဗျာဒိတ်တော်ရ သောက်ပေါတစ်ကောင် ဖြစ်တယ်ဆိုတာ ကျနော် ပြောပြချင်ပါတယ်။
တကယ် တကယ်၊ မအလဆိုတဲ့ကောင်ဟာ ဟိုး... ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလက သူလည်း ဘုရားပွင့်တဲ့အချိန် မီခဲ့သေးတယ်။ ကောသလမင်းကြီးရဲ့ အနောက်ဆောင်မိဖုရားငယ်တစ်ပါးရဲ့ “ကုန်းကုန်း’ ဖြစ်ခဲ့ ပါတယ်။ အဲတုန်းက ဘုရားသံ တရားသံတွေကို နားမလည်ပေမယ့် နားယဉ်ပြီး ဒီဘဝမှာ တပ်ချုပ်ကြီးရာထူး ရခဲ့ဟန်တူပါတယ်။ တစ်နေ့ ခုလိုဆောင်းတွင်းတရက်၊ ကောသလမင်း တနေကုန် စားချင်ရာတွေ လှိမ့်စား၊ အစာ မကြေ ရင်ပြည့်ရင်ကယ်နဲ့ အနောက်ဆောင် ရောက်သွားပါတယ်။ မင်းကြီးက အစာကြေအောင်ဆိုပြီး မိဖုရားနဲ့ ပျော်ပါးတယ်။ မိဖုရား မောင်းမ မိဿံတွေနဲ့သာမကဘူး၊ ကုန်းကုန်းကြီးပါ ပါသွားတယ်။ အဲကျမှ အလိုပြည့်ပြီး အိပ်ပျော် သွာပါသတဲ့။ အဲဒီမှာ ကုန်းကုန်းကြီးဟာ ကုန်းကုန်းဘဝကို စိတ်ပါပြီး ကုသိုလ်တွေ ဖြည့်ဆည်းလာလိုက် တာ ခု ဘဝ မတိုင်ခင်အထိ ‘အမ’တွေချည်း ဖြစ်ခဲ့ပေမယ့်၊ ဒီဘဝမှာတော့ တစ်ခုသောဘဝက ကံပိစိညှောင့်တောင့် လေး ကြောင့် ‘အပု’ဘဝ ပြန်ရောက်ခဲ့ရတယ် ဆိုပါတယ်။ ဒါတောင် ဖိုတိုရှော့ခ်တွေဘာတွေ လုပ်လိုက်ရင် မိန်းမချောလေး ချောနေတုန်းပါပဲ။
ကောသလဘက် လှည့်ရအောင်၊ ဒီလို စားသောက်ပျော်ပါးပြီး အိပ်မောကျသွားတဲ့ မင်းကြီးဟာ ‘အိပ်မက် ၁၆ ခု’ မက်သတဲ့။ အိပ်မက် (၁၆)ချက်ကို မင်းတိုင်ပင် အမတ်တွေ၊ ပုဏ္ဏားဖြူ ပုဏ္ဏားညိုတွေ၊ ဟူးရားသမားတော် တွေ မေးကြည့်ပေမယ့် ဘယ်သူမှ မဖြေနိုင်ကြဘူးတဲ့။ အဲငတိက ဘာမှမဟုတ်ပေမယ့် သူ့မိဖုရားကြီးက ပညာရှိ တယ်၊ ဒါမျိုးဆိုတာ ဗုဒ္ဓဘုရား မေးလျှောက်ကြည့်မှ အဖြေသိနိုင်မယ်လို့ ပြောလာတာကိုး။ ဘုရားရှင်ကလည်း အကျိုးတစုံတရာ ရှိတယ်ဆိုပြီး အဖြေပြန်ပေးပါတယ်။ ဒီလိုတဲ့-
‘နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြပဲ၊ ရှောင်လွဲသည်မြင်’ ဆိုတာ ‘အရှေ့အနာက်၊ တောင်မြောက် မိုးဆင်၊ ခြိမ်းသံပေး၊ မိုးဝေးလွင့်ပျောက်စင်’ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။
‘မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေမြင်’ ဆိုတာ ‘အရွယ်အမျှ၊ လုံမပျိုခင်၊ သမီးသား လင်သားအိမ်ထောင်ဆင်’လို့ ဆိုလိုပါသတဲ့။
‘ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေတာ’ ကတော့ ‘သမီးနဲ့သား၊ စီးပွားပိုင်ရာ၊ မိနဲ့ဖ၊ ကျွေးမှ စားရတာ’ ဖြစ်ပါသတဲ့။
‘နွားကြီးမကြိုက်၊ ဝန်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ဝပ်လဲနေတယ်’ ဆိုတာကတော့ ‘ကြီးသူဖယ်ရှား၊ မြှောက်စားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့တယ်’သာ ဖြစ်ပါတယ်။
‘ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးလေသမျှ၊ မဝနိုင်တာ’ကို ‘မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဖက် စား၊ တရားစီရင်မှာ’လို့ ဖြေပါတယ်။
‘ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်’ကိုတော့ ‘မျိုးမြတ်သမီး၊ ပစ္စည်းမက် ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ’လို့ ဖော်ပြခဲ့ပါတယ်။
‘ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို’ဆိုတာက ‘လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား၊ မယားလောကွတ်ပို’လို့ အဖြေပေးပါတယ်။
‘အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ၊ ရေဆွဲလောင်းပြန်’ မေးလာတော့၊ ‘ဆင်းရဲသူများ၊ ဝတ်စား မကျန်၊ အခွန်အတွက်၊ နှိပ်စက် ငွေကောက်ခံ’လို့ ဖြေခဲ့ပါတယ်။
‘ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဖက်ကြည်ပြန်’လို့ တင်လျှောက်လာတာကို မြတ်ဘုရားက ‘မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်’လို့ မိန့်တော်မူပါတယ်။
‘တအိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆပ်၊ ပျော့နပ်သုံးလီ’ကိုတော့ ‘မင်းနဲ့လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်’လို့ ဖြေပါတယ်။ ဒီနေရာမှာ ‘မင်း’ဆိုတာ ‘မအလ’၊ လူများက ‘သူ့ဘောမတွေ’ သာ ဖြစ်ပါတယ်။
‘မွှေးထုံနံ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နဲ့လဲ၊ သုံးစွဲစားပြန်’က ‘အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနဲ့လဲ၊ အမြဲ ဟောမည်မှန်’ ဖြစ်ပါသတဲ့။
‘သံကြေးမပေါင်း၊ ဗူးတောင်းဗူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ’ကိုတော့ ‘ပညာရှိများ၊ စကားဥဿုံ၊ ပြော သမျှ၊ လောက မသုံးကုန်’လို့ ဖြေပါတယ်။
‘အိမ်လုံးတောင်လုံး၊ ကျောက်တုံးကျောက်ဖြာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ’ဆိုတာက ‘ရဟန်းရှင်ဆိုး ၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်လာ’ ဖြစ်ပါသတဲ့။
‘အဆိပ်ပြင်းထောက်၊ မြွေဟောက်ကြီးကို၊ ဖားမငယ်များ၊ ကိုက်ဝါးကာမျို’ဆိုတာကတော့ ‘ကညာယူထား၊ သက်ကြားဖိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို’ ဖြစ်ပါတယ်။
‘အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ’ကိုတော့ ‘ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ဝတ်တွားနေရမှာ’လို့ ရှင်းပြပါတယ်။ ခုခေတ်မှာတော့ ပညာသီလရှိသူတွေက သူယုတ်မာကို တွန်းလှန်နေပါတယ်။
‘ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့ သစ် ကျား၊ ခုန်လွှားပြေးပြန်’ဆိုတာဟာ ‘သူယုတ်မာ များ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း၊ ပုန်းအောင်းတောမြိုင်ယံ’လို့ အဖြေရှိပါတယ်။
ကောသလမင်းကြီးရဲ့ ကုန်းကုန်းဟာ အဲတခါတော့ ဘုရားရှင်ရှေ့တော်မှောက် ရောက်ခဲ့ရရှာပါတယ်။ နို့ ပေမယ့် ဘုရားမဖူးမျှော် လင်ကြီးမျက်နှာတော်သာ တငေးငေးနဲ့ နေခဲ့တဲ့အတွက် အကျွတ်တရား မရခဲ့ရှာပါဘူး။ သို့သော်လည်း ဘုရားမြတ်စွာ ဒေသနာကို ကြည်သာသောစိတ်နဲ့ နာယူခဲ့တဲ့အတွက် ခုဘဝမှာ တပ်ချုပ်ကြီးအဖြစ် (၃)နှစ်နီးပါး မင်းစည်းစိမ်ကို တပိန်ပိန်တလိမ်လိမ် ခံစားရတယ်လို့ ဆိုပါတယ်။ ဘုရားဟောတဲ့တရားကို ပညာနား မစိုက်၊ လင်တော်မောင် မက်တဲ့ အိပ်မက်တွေကိုပဲ အကောင်အထည်ဖော်ဖို့ ကြိုးစားနေလေသတဲ့။
လင်းလက်နွေဦး
၁.၂.၂၀၂၄ ညနေ ၂နာရီ ၅၁မိနစ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar