ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၅
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၅
(မိုးမခ) ဖေဖော်ဝါရီ ၄ ၊ ၂၀၂၄
နွေဦးဆောင်းဦးကာလရဲ့ ခြေ/ဥ ပြင်ဆင်ရေး
ကျို့နန်းတော်ကို အနောက်ဘက်ကနေ အရှေ့ဘက်ကို ရွှေ့လာချိန်ကတည်းက ကျို့ဟာ အင်အားအတော်ချိနဲ့နေပြီမို့၊ လက်အောက်ခံနိုင်ငံတွေရဲ့ လေးစားခန့်ညားမှု ကျဆင်းနေချိန်ဖြစ်ပါတယ်။ ဧကရာဇ်ဟွမ် လက်ထက်မှာ ကျို့နန်းတော်နဲ့ ကျန်း နိုင်ငံတို့ရဲ့ တိုက်ပွဲဖြစ်ပွားပြီး၊ ဧကရာဇ်ကိုယ်တိုင် မြှားမှန်ခဲ့သလို၊ ကျို့နန်းတော် မရှုမလှ ရှုံးနိမ့်ခဲ့တာကြောင့် နဂိုကတည်းက ကျဆင်းလာနေတဲ့ လေးစားမှုကို အောက်ဆုံးကို ထိုးကျစေပါတယ်။
ဒါပေမဲ့ ကျို့မင်းဆက်ကို လုံးဝ တွန်းလှယ်ဖယ်ရှားပြီး အဆုံးသတ်ပစ်လိုက်တာမျိုးတော့လည်း မဖြစ်ခဲ့ပါဘူး။ အောက်ခံနိုင်ငံတွေအချင်းချင်းကြား အင်အားချိန်ခွင်ညှာ ညှိနေကြရတာကြောင့်လည်း ဖြစ်နိုင်သလို၊ ဧကရာဇ် ဆိုတာ မိုးနတ်မင်းရဲ့ ဗျာဒိတ်ခံ ဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးအယူအဆ (ideology) က အားကောင်းနေဆဲ ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကျို့ဧကရာဇ်ဟာ ရာဇပုလ္လင်ပေါ်က ဆင်းမပေးရပါဘူး။ ဒါပေမယ့် ဧကရာဇ်ရဲ့ ဩဇာအာဏာတွေကိုတော့ ခွဲဝေပေးလိုက်ရပါတယ်။ အဲဒါကြောင့် ဘုရင်ခံ (hegemony) စနစ် ပေါ်ပေါက်လာပါတယ်။ ဘုရင်ခံတွေကို ပါး (霸ba) လို့ ခေါ်ကြပါတယ်။ ဘီစီ ၆၈၅ နဲ့ ဘီစီ ၅၉၁ ကြားမှာ ဘုရင်ခံနိုင်ငံ ငါးနိုင်ငံ ပေါ်ပေါက်ခဲ့ပြီး ဝူပါး (五霸 Wu ba) ရယ်လို့ မှတ်တမ်းရေးထိုးကြပါတယ်။ ဝူပါး ဆိုတာက ဘုရင်ခံ ၅ ယောက် (Five hegemons) ဆိုတဲ့ အဓိပ္ပာယ်ပါ။ အဲဒီ ဘုရင်ခံ ၅ ယောက် ပေါ်ထွက်ခဲ့တဲ့ ခေတ်ကာလကိုလည်း ဘုရင်ခံများခေတ် (Age of Hegemons) ရယ်လို့ ခေတ်သစ်သမိုင်းဆရာတွေက ခေါ်ဝေါ်ကြပါတယ်။
တကယ်တော့ အဲဒီမတိုင်ခင်ကတည်းက ဘုရင်ခံစနစ်က ပေါ်နေပြီးသား ဖြစ်ပါတယ်။ ကျို့နန်းတော်နဲ့ ပြဿနာ တက်ခဲ့တဲ့ ကျန်း နိုင်ငံဟာ ဝူပါး မပေါ်ခင်ကတည်းက ပေါ်ထွန်းခဲ့တဲ့ ဘုရင်ခံနိုင်ငံ တစ်ခု ဖြစ်တယ်လို့ ဆိုရင် ဆိုနိုင်ပါလိမ့်မယ်။ ကျန်းဟာ အင်အားတောင့်တင်းပြီး ကျို့နန်းတော်နဲ့ ကျို့လက်အောက်ခံ အင်အားသေးတဲ့ နိုင်ငံငယ်တွေကို စောင့်ရှောက်ပေးခဲ့ရပါတယ်။
ဝူပါး တွေထဲမှာ ပထမဆုံး ပေါ်ပေါက်ခဲ့တာကတော့ ဘုရင်ခံနိုင်ငဲ့ကတော့ ချီနိုင်ငံဖြစ်ပြီး၊ ဘီစီ ၆၈၅ နဲ့ ၆၄၃ ကြားမှာ ပေါ်ထွက်လာတာပါ။ ဘုရင်ခံကတော့ ချီဘုရင် ဟွမ် (桓Huan) ဖြစ်ပါတယ်။ သူက ဘီစီ ၆၈၅ မှာ နန်းတက်ပါတယ်။ (ကျန်းနဲ့ တိုက်ခိုက်တဲ့ ကျို့ဧကရာဇ် ဟွမ် နဲ့ နာမည်တူတာ ဖြစ်ပါတယ်။ လူမတူပါဘူး။)
ချီနိုင်ငံဟာ မြို့နယ် ၁၅ ခုနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံငယ်တစ်ခု ဖြစ်ပါတယ်။ အဲဒီမြို့နယ် ၁၅ ခုကို သုံးပုံ ပုံပြီး ဘုရင်နဲ့ အခြားအမတ်ကြီး ၂ ဦး၊ စုစုပေါင်း ၃ ဦးက တစ်ဦးကို မြို့နယ် ၅ ခုစီ ခွဲဝေပြီး အုပ်ချုပ်နေတာပါ။ စစ်ရေး ကိုတို့ သုံးယောက်လုံးပေါင်းပြီး တာဝန်ယူရပါတယ်။
ချီဘုရင် ဟာ အမတ်ချုပ်ကြီး ကွမ်ကျုံး (管仲Guan Zhong) ရဲ့ အကူအညီနဲ့ တိုင်းပြည်ကို အင်အားတောင့်တင်းအောင် စုစည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကွမ်ကျုံး ဟာလည်း တရုတ်သမိုင်းမှာ ထင်ရှားတဲ့ တွေးခေါ်ပညာရှင်တစ်ဦးပါ။
တပြိုင်နက်တည်းမှာ ချီနိုင်ငံ ဟာ ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ နေရာမှာ တည်ရှိနေပါတယ်။ စစ်ရေးတစုံတရာ ပေါ်ပေါက်လာခဲ့ရင်လည်း တပ်တွေကို အလွယ်တကူ ရွှေ့ပြောင်းနေရာချနိုင်ဖို့အတွက် စုစည်းညီညာမှုကို တည်ဆောက်ယူထားနိုင်ခဲ့ပါတယ်။
ဒါကြောင့် ချီဟာ အရှိန်အဟုန်နဲ့ အင်အားကြီးမားလာခဲ့ပါတယ်။ ချီရဲ့ အင်အားကို ကျို့နန်းတော်ကလည်း အသိအမှတ်ပြုထားရပါတယ်။ ဒါပေမဲ့ အဲဒီအချိန်အထိတော့ ချီ ဟာ တရားဝင် ဘုရင်ခံ မဖြစ်လာသေးပါဘူး။
ဘီစီ ၆၆၇ မှာ ချီဘုရင် ဟွမ် က လူ (Lu)၊ စုန့် (Song)၊ ကျန်း(Zheng) နဲ့ ချန်း (Chen) နိုင်ငံငယ်တွေကို အစည်းအဝေး ဖိတ်ကြားခဲ့ပါတယ်။ အစည်းအဝေးမှာ အဲဒီနိုင်ငံငယ်တွေကို ချီ ဘုရင် ဟွမ် ကို သူတို့အားလုံးရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ပါတယ်။
ဒီအခြေအနေမှာ ကျို့နန်းတော်မှာ ဧကရာဇ်ဖြစ်နေတာက ဟွေ့ (惠Hui) ဖြစ်ပါတယ်။ ကျို့မင်းဆက်ရဲ့ ၁၇ ယောက်မြောက် ဧကရာဇ်ဖြစ်ပြီး၊ အရှေ့ဘက်ကျို့ခေတ်ရဲ့ ၅ ဆက်မြောက် ဧကရာဇ်လို့ ဆိုရမှာပါ။ ဧကရာဇ်ဟွေ့ အနေနဲ့ ချီရဲ့ အင်အားကြီးမားလာမှုနဲ့ ချီဘုရင် ဟွမ် ဦးဆောင်ပြီး ၅ နိုင်ငံ မဟာမိတ်အဖွဲ့ ပေါ်ပေါက်လာတဲ့အပေါ် စိုးရိမ်မှုရှိမှာ အသေအချာပါပဲ။ ၅ နိုင်ငံအဖွဲ့ကို သူ့အနေနဲ့ အမြစ်ပြတ် တိုက်နိုင်မယ့် အင်အားမရှိသလို၊ ၅ နိုင်ငံ ပေါင်းပြီးတိုက်လာရင်လည်း သူ့အနေနဲ့ ခုခံနိုင်စွမ်း မရှိတာ သေချာပါတယ်။ ၅ နိုင်ငံထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကျန်းကိုတောင် ရှုံးနိမ့်ထားခဲ့တယ် မဟုတ်ပါလား။
ဒီလိုအခြေအနေမျိုးမှာ သူ့အနေနဲ့ အကောင်းဆုံးကတော့ အဲဒီ အင်အားကြီးမားလာတဲ့ ချီ နဲ့ မဟာမိတ်တွေကို ကျို့အင်ပါယာအောက်မှာပဲ ဆက်ရှိနေရအောင် ကြိုးစားခြင်းပါပဲ။ ဒါကြောင့် ကျို့ဧကရာဇ် ဟာ ကျို့နန်းတော်ရဲ့ ဖွဲ့စည်းပုံကို ပြုပြင်ယူရပါတယ်။ ဒီခေတ်စကားနဲ့ဆိုရင်တော့ ခြေဥ (အခြေခံဥပဒေ) ကို ပြင်တယ်လို့ ဆိုရမှာပါ။ သူက ၅ နိုင်ငံမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ချီဘုရင် ဟွမ် ကို “ပါး (霸ba)” ဆိုတဲ့ ဘုရင်ခံ ရာထူးကို တီထွင်ပြီး ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ချီဘုရင်ရဲ့ နိုင်ငံ ၅ နိုင်ငံအပေါ် ဦးဆောင်နေမှုကို တရားဝင် အသိအမှတ်ပြုပေးလိုက်တာပါ။ ကျို့ရဲ့ စစ်ရေးနဲ့ ပတ်သက်ပြီး ချီကို ဦးဆောင်ခွင့် ပေးလိုက်ရပါတယ်။
တစ်ဖက်မှာတော့ ခန့်အပ်လိုက်တဲ့ ဘုရင်ခံကို ပြန်ထိန်းချုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘုရင်ခံစနစ်ရဲ့ အခြေခံစည်းမျည်းတစ်ခုကို ထားခဲ့ပါတယ်။ အဲဒါကတော့ “ဧကရာဇ်ကို လေးစားနာခံ၊ ကျူးကျော်သူများကို တွန်းလှန် (尊王攘夷; zun wang rang yi)” ရယ်လို့ ဖြစ်ပါတယ်။ ဘုရင်ခံ ဟာ စစ်ရေးကို အလုံးစုံနီးပါး ချုပ်ကိုင်ခွင့်ရထားပေမယ့်၊ ကျို့နန်းတော်ကို ဆက်လက်ပြီး အသိအမှတ်ပြု လေးစားနေရမှာ ဖြစ်ပြီး၊ ကျို့နန်းတော်ရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူပေးရပါတယ်။
နွေဦးဆောင်းဦးကာလရဲ့ ဘုရင်ခံစနစ်မှာ ကျို့နန်းတော်ဟာ အင်အားချိနဲ့လာချိန်မှာ သူ့ရဲ့ အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် အာဏာခွဲဝေကျင့်သုံးပြီး သူ့ရဲ့လုံခြုံရေးနဲ့ တရားဝင်အုပ်စိုးသူ ရာထူးကို ဆက်လက်ထိန်းသိမ်းခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
နွေဦးဆောင်းဦးကာလရဲ့ ဘုရင်ခံစနစ်ကို အလွယ်တကူမြင်သာနိုင်ဖို့ ချီနိုင်ငံရဲ့ အကြောင်းနဲ့ ဥပမာပေး တင်ပြခဲ့တာပါ။ ဝူပါး ထဲက ကျန်ရှိနေသေးတဲ့ ဘုရင်ခံတွေအကြောင်းလည်း အလျဉ်းသင့်သလို ဆက်လက် တင်ပြပါဦးမယ်။
~~~~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၀ 👉https://www.moemaka.com/2024/01/blog-post_793.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar