မြန်မာ့အရေး နဲ့ နိုင်ငံတကာ နောက်ခံအခြေအနေ
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၃ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၄
မြန်မာ့အရေး နဲ့ နိုင်ငံတကာ နောက်ခံအခြေအနေ
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် တော်လှန်တိုက်ဖျက်ရေး ရည်မှန်းချက်နဲ့ အောင်မြင်မှုမှာ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုက ဘယ်လောက် အရေးကြီးပါသလဲ။ ဘယ်နိုင်ငံတွေ ဘယ်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ဖယ်ရှားရေးမှာ အကူအညီပေးနိုင်သလဲ။ အာဏာသိမ်း စစ်တပ်က အင်အားကြီး နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဘယ်လို ဆက်ဆံတုံ့ပြန်သလဲ ဆိုတာတွေက မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေ အသီးသီးမှာ နားလည်မှု အမျိုးမျိုး၊ အကဲဖြတ်မှုအမျိုးမျိုးနဲ့ ရှိနေကြတာဖြစ်ပါတယ်။ နိုင်ငံတကာ အစိုးရတွေ အနေနဲ့လည်း ပြောင်းလဲနေတဲ့ ကမ္ဘာရဲ့ အခင်းအကျင်းတွေအပေါ် မူတည်ပြီး မြန်မာ့အရေးကို အရေးထားမှုတွေ ပြောင်းလဲနေတာလည်း ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ပြန်သုံးသပ်ကြည့်ရင် တော်လှန်ရေး အင်အားစုတွေအတွင်း အချို့က နိုင်ငံတကာရဲ့ အကူအညီကို ပိုမိုမျှော်လင့်အားထားကြသလို အချို့ကတော့ ပြည်တွင်းက အင်အားကိုသာ အဓိကထားပြီး မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးကို လုပ်ဆောင်ဖို့ ရည်ရွယ်ကြတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီစနစ်ကို အတုယူပြီး အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ဖို့ ရည်ရွယ်တဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး အရ ထောက်ခံမှု၊ စိတ်ဓာတ်ရေးအရ ထောက်ခံမှု၊ သံတမန်ရေးအရ ထောက်ခံမှုနဲ့ စစ်ရေးဆိုင်ရာအရ ထောက်ခံမှုတွေ အထိ မျှော်လင့်ချက် ထးရှိကြတာဖြစ်ပါတယ်။ အမေရိကန်လိုနိုင်ငံက စစ်ရေးဆိုင်ရာလက်နက်လိုမျိုး အကူအညီ၊ လက်နက်အတွက် ငွေကြေး အကူအညီတွေ ရနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိခဲ့ကြသလို၊ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်တွေလိုမျိုးက မြန်မာနိုင်ငံက အရပ်သားတွေကို အကာအကွယ်ပေးဖို့ မျှော်လင့်ချက်တွေ အစောပိုင်းကာလမှာ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် အင်အားကြီးနိုင်ငံတွေ အနေနဲ့တော့ စစ်ရေးအရ အကူအညီပေးမယ့် သဘောမျိုး နဲ့ သံတမန်ရေးအရ အာဏာသိမ်းစစ်တပ်ကို ဆက်သွယ်မှု ဖြတ်ပြီး အတိုက်အခံအင်အားစုကို အပြည့်အဝ ထောက်ခံမှာမျိုး လမ်းကြောင်းကို မရွေးခဲ့ကြဘဲ အာဏာသိမ်းစစ်တပ်ကို လုပ်စေချင်တာ လုပ်လာအောင် ဆု သို့မဟုတ် ပြစ်ဒဏ် ဆိုတဲ့ ရွေးချယ်မှုတွေကိုသာ ရွေးချယ်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ အမေရိကန်တို့ ဆွေးနွေးညှိနှိုင်းခဲ့ကြတဲ့ သာဓကတွေလည်း ရှိခဲ့တာကို ကြည့်ရင် မြန်မာအာဏာသိမ်း စစ်တပ်ကို ပြောတာ နားထောင်လာအောင် လုပ်ဖို့၊ အာဆီယံက တဆင့်ဖြောင်းဖျဖို့ ယူဆထားခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာ့အရေးမှာ ကမ္ဘာ့ ဘယ်နိုင်ငံမဆို စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာမျိုး မရှိဖို့ ဆိုတဲ့အချက်ကို အင်အားကြီးနိုင်ငံတွေအကြား အခြေခံစည်းမျဥ်းတခု အနေနဲ့ ယူဆလက်ခံခဲ့ကြပြီး သြဇာလွှမ်းမိုးတာမျိုးတော့ ရှိနိုင်တာကို နိုင်ငံတွေက သိရှိနားလည်ထားကြတဲ့ သဘော တွေ့ရပါတယ်။
အိန္ဒိယ၊ တရုတ်နိုင်ငံတွေအနေနဲ့တော့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့အကြောင်းအချက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးစီးပွားတွေ ရှိနေတဲ့အပေါ် မူတည်ပြီး စစ်တပ်နဲ့ ဆက်ဆံရေးထက်ကို လက်ရှိ နိုင်ငံကို ထိန်းချုပ်ထားတဲ့ အစိုးရကို ဆက်ဆံခြင်းဖြစ်တယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲပြီး သံတမန် ဆက်ဆံရေးတွေကို ဆက်လက်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေအနက် ထိုင်းနိုင်ငံ နဲ့ ဆက်ဆံရေးမှာတော့ ထိုင်းစစ်တပ်က မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး အစိုးရထက်ကို စစ်တပ်အချင်းချင်း ဆက်ဆံရေးက ပိုပြီးနီးစပ်တဲ့ သဘောဆောင်တာ တွေ့ရမှာဖြစ်ပါတယ်။
၂၀၂၁၊ ၂၀၂၃ နဲ့ ၂၀၂၃ နှစ်လယ်ထိ ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ ထိုင်းစစ်အာဏာသိမ်း ဗိုလ်ချုပ် ပရာယွတ်နဲ့ မြန်မာအာဏာသိမ်း စစ်တပ်နဲ့ ဆက်ဆံရေး တောက်လျှောက် ကောင်းမွန်တဲ့ အနေအထားရှိပြီး တဖက်မှာလည်း၊ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ယာယီအားဖြင့် ဝင်ရောက်ခိုလှုံခွင့်ပေးတာ၊ လက်နက်ကိုင် မဟုတ်တဲ့ မြန်မာအတိုက်အခံအင်အားစုတွေ ထိုင်းနိုင်ငံထဲ နေထိုင်လှုပ်ရှားနေကြတာတွေကို အတိုင်းအတာတခုထိ မသိချင်ယောင်ဆောင် ခွင့်ပြုထားလို့ ထိုင်းအစိုးရဟာ တရုတ်တို့ အိန္ဒိယတို့နဲ့ မတူပဲ ကွဲပြားတဲ့ အနေအထားလို့ဆိုနိုင်မှာ ဖြစ်ပါတယ်။
စစ်အာဏာရှင် ဖြုတ်ချရေးမှာ နိုင်ငံတကာရဲ့ အကူအညီနဲ့ ပတ်သက်လို့ ပြန်ချုပ်ရရင် နိုင်ငံတကာ အနေနဲ့ စစ်လက်နက်ပစ္စည်းလို ရုပ်ဝတ္တုဆိုင်ရာ၊ စစ်ရေးအတွက် ငွေကြေးလိုဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေ ပေးဖို့ မရှိသလို၊ သံတမန်ရေးအရလည်း ၁၀၀ ရာနှုန်း အပြည့်အဝ ထောက်ခံတဲ့ အနေအထားမျိုး မရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘာမှာ ယူကရိန်းနဲ့ ရုရှား စစ်ပွဲလို ပါလက်စတိုင်းမှာ ဆင်နွှဲနေတဲ့ အစ္စရေးလ်ရဲ့ ဟားမတ်စ် နှိမ်နှင်းရေး အကြောင်းပြတဲ့ စစ်ပွဲတွေလို ဒေသတွင်းတခုလုံးရဲ့ အရေးဖြစ်တဲ့ စစ်ပွဲတွေက မြန်မာ့အရေးကို လွှမ်းမိုးသွားကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၁ နှစ်အကြာ မှာ ယူကရိန်း -ရုရှားစစ်ပွဲ စတင်ခဲ့ပြီး ၂ နှစ်ခွဲကျော်အကြာမှာ ပါလက်စတိုင်း-အစ္စရေးလ် စစ်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂလို၊ အာဆီယံလို စုစည်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ စစ်ပွဲကြောင့် ဒုက္ခရောက်ရတဲ့ အရပ်သားတွေအတွက် လူသားချင်းစာနာမှု အကူအညီမျိုးပေးအပ်နိုင်ဖို့ ကိစ္စရပ်တွေအတွက်သာ မျှော်လင့်နိုင်မယ့် အနေအထားဆိုတာ ၃ နှစ်ပြည့်ချိန်မှာ ကောက်ချက် ချနိုင်ပြီဖြစ်ပါတယ်။
တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ မိမိတို့ရဲ့ အချင်းချင်းအကြား ညီညွတ်မှု၊ ဘုံတူညီချက်တွေ တတ်နိုင်သမျှ ပိုမိုရရှိအောင် ကြိုးစားရမယ့် အနေအထားဖြစ်သလို နိုင်ငံရေး အင်အားစုတွေ အနေနဲ့လည်း နိုင်ငံတကာရဲ့ သံတမန်ရေး ရာနှုန်းပြည့်ထောက်ခံမှု ရဖို့ မျှော်လင့်တာမျိုးထက် ရှိနေတဲ့ အနေအထားကို ထိန်းသိမ်းထားဖို့ တိုးတက်ရရှိနိုင်မယ့် အခွင့်အလမ်းရှိခဲ့ရင် ကြိုးစားဖို့ ဆိုတာမျိုးကို ရည်မှန်းချက် ထားသင့်တယ်လို့ ထင်မြင်မိပါတယ်။
စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ဆန့်ကျင်ရေး အင်အားစုတွေအတွင်း သဘောတူညီမှု တိုးတက်လာနိုင်ဖို့၊ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေဖို့က စစ်အာဏာရှင် ကျဆုံးရေးအတွက်သာ မဟုတ်ပဲ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် အခြေခံ တည်ဆောက်နေကြတဲ့ သဘောဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ရှုမြင်ထားသင့်တာ ဖြစ်ပါတယ်။ အခုလိုကာလမှာ သဘောတူညီမှုရအောင် မကြိုးပမ်းနိုင်ခဲ့ရင် ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးကာလမှာ အတားအဆီးတွေ အခက်အခဲတွေပိုမို ကြုံတွေ့ရနိုင်ခြေလည်း ရှိတာကို သတိမူသင့်ပြီး အပြင်မှ အကူအညီတွေ ထောက်ခံမှုတွေထက် အတွင်းမှာ သဘောတူညီမှု ပူးပေါင်းဆောင်ရွက်မှုတွေ ရလာဖို့ ကြိုးပမ်းဖို့က ပိုအရေးကြီးနေတဲ့အချက်ကို မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar