Breaking News

တီဗီခေတ်ကုန်ပြီလား၊ ဒေါ်နယ်ထရန့် ပါတီထောင်ပြီ နဲ့ လူတွေ၏ OS ကို AI က hack

တီဗီခေတ်ကုန်ပြီလား၊ ဒေါ်နယ်ထရန့် ပါတီထောင်ပြီ နဲ့ လူတွေ၏ OS ကို AI က hack

နိုင်ငံတကာသာဂိ၊ (မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄


တီဗီခေတ်ကုန်ပြီလား

တီဗီလူရွှင်တော် ဂျွန်စတူးဝတ်က ကေဘယ်တီဗီက Comedy Central ကို ပြန်လာပြီး ဖျော်ဖြေပါတယ်။ တပတ်တခါမှာ ပထမပတ်ကတော့ အမေရိကန် ရွေးကောက်ပွဲကို သရော်ပါတယ်။ ဒုတိယပတ်မှာတေ့ာ Fox သတင်းထောက်ဟောင်းက ရုရှားက ပူတင်နဲ့ သွားတွေ့ပြီး အင်တာဗျူးလုပ်တဲ့အကြောင်း၊ အမေရိကန် ဒီမိုကရေစီ၏ ရန်သူ အာဏာရှင်ပူတင်တို့ကို ချီးမွမ်းခန်းဖွင့်တဲ့အကြောင်း၊ အမေရိကန်သတင်းထောက်တဦး၏ သစ္စာမရှိမှုကို ဝေဖန်ပါတယ်။

အဲသည်က ပွဲအစမှာ ပရိသတ်တွေကြားထဲက မေးခွန်းတွေ ဖြေပါတယ်။ အပျော်သဘောပေါ့။ အဲသည်မှာ တီဗီရှိုးကို လာကြည့်တဲ့ပရိသတ်တဦးက တီဗီခေတ်ကုန်ပြီလားလို့ မေးပါတယ်။ ဂျွန်စတူးဝတ်က တီဗီခေတ် မကုန်ပါဘူး။ တီဗီကို ကြည့်တဲ့ပုံစံ ပြောင်းသွားတာပဲ ရှိတာပါတဲ့။ တီဗီကို အရင်တုန်းကလို တီဗီနဲ့ တီဗီလိုင်းတွေ (ကေဘယ်တို့ လိုင်းဖမ်းပြီးတော့) မကြည့်တော့ဘဲ ဖုန်းတွေ တက်ဘလက်တွေ ကွန်ပျူတာတွေနဲ့ ကြည့်လာကြလို့ပါတဲ့။ တီဗီအစီအစဉ်တွေကို အရင်အတိုင်းပဲ လူတွေက ထုတ်လုပ်ပါတယ်။ ဂျွန်စတူးဝတ် အပါအဝင် သရုပ်ဆောင်တွေ ပညာသည်တွေက သရုပ်ဆောင်ကြ၊ ပါဝင် ဆောင်ရွက်ကြရပါတယ်တဲ့။ လူတွေဆီအရောက် ပလက်ဖောင်းမျိုးစုံကနေ ပို့ရပါတယ်တဲ့။ တီဗီကတော့ တီဗီပါပဲတဲ့။ နံပါတ်ဖိုးကို ရှူတာနဲ့ ဆေးထိုးအပ်နဲ့ သုံးတာ ဒါပဲ ကွာတာပါလို့ ဂျွန်စတူးဝတ်က ပြောပါတယ်။

သည်နေရာမှာ သာဂိ တခု ပြောချင်တာက တီဗီလုပ်ငန်းတွေကနေ ထုတ်လုပ်တဲ့ ကွန်တင့်ကို ကြည့်တာနဲ့ တီဗီလုပ်ငန်းတွေမဟုတ်တဲ့ မျိုးဆက်သစ်တွေ လူနည်းစုတွေကနေ ထုတ်လုပ်တဲ့ ကွန်တင့်တွေကို ကြည့်တဲ့ အခြားရွေးစရာတွေ ရှိလာတာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ၊ တစ်တော့၊ ယူကျု့၊ ပေါ့ဒ်ကပ်စ်တွေက လူတဦးချင်း အုပ်စုလေးတွေက ထုတ်လုပ်တင်ဆက်တဲ့ ကျယ်ပြန့်တဲ့ ပရိသတ်မဟုတ်ဘဲ ပရိသတ်ကျဉ်းကျဉ်းလေးတွေဆီကိုပဲ တင်ဆက်တာကို လူတွေ ပိုကြည့်လာကြတာပါ။ တီဗီသတင်းက ရုရှားနဲ့ ယူကရိန်းသတင်း ဖြစ်နေမယ်၊ လူတွေက တီဗီကို မကြည့်တော့ဘူး၊ သူတို့ကြည့်နေတာက ဆိုရှယ်မီဒီယာပေါ်မှာ ဟင်းချက်နည်း၊ ကြောင်လေး ကျွမ်းထိုးပြတာ၊ ဆယ်ကျော်သက်ကလေး ဂျပန်မှာ အပျော်ခရီးထွက်တဲ့အကြောင်းတွေ ဖြစ်ချင်ဖြစ်နေမယ်။ ဒါက trending  ဖြစ်နေတာပါ။

ဒေါ်နယ်ထရန့် ပါတီ ထောင်ပြီ

နောက်တခုကတော့ အမေရိကန်ပါတီ ၂ရပ်က သမ္မတလောင်း ရွေးကြတဲ့ အကြိုရွေးကောက်ပွဲရာသီမှာ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်းအဖြစ် သမ္မတဟောင်း ထရန့်ရွေးချယ်ခံရဖို့ သေချာနေတဲ့အကြောင်းပါ။ ဒီမိုကရက်ပါတီကတော့ သမ္မတကြီး ဘိုင်ဒင်ကို ရွေးချယ်ဖို့ သေချာပေမယ့် ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီကတော့ ထရန့်ရယ် နီကီဟေလီဆိုတဲ့ အမျိုးသမီး ရယ် ၂ဦးကြား လွန်ဆွဲနေကြပါတယ်။ သို့သော် အခု ပြည်နယ်တွေ၏ အကြိုရွေးကောက်ပွဲတွေမှာ ထရန့်က အပြတ်အသတ်နိုင်နေလို့ ထရန့်ပဲ ဝင်ပြိုင်တော့မှာ သေချာပါတယ်။ သည်နေရာမှာ ထရန့်က နောက်ထပ် ခြေလှမ်းတခုကတော့ ရီပတ်ဘလစ်ကန်ပါတီကို ထရန့်ပါတီအဖြစ် အသွင်ပြောင်းနေခြင်း ဖြစ်ပါတယ်။ 

သူနဲ့ သဘောထားချင်းမတူတဲ့ ရီပတ်ဘလစ်ကန်ပါတီဥက္ကဋ္ဌတွေ အမှုဆောင်တွေကို ပါတီကနေ ထုတ်ပြီး သူ့ချွေးမနဲ့ သူ့ကို ထောက်ခံသူတွေကို ပါတီ၏ ခေါင်းဆောင်နေရာကို ခန့်ခိုင်းနေပြီဖြစ်ကြောင်း သတင်းတွေ ထွက်လာပါတယ်။ မူလက်ဟောင်း ရီပတ်ဘလစ်ကန်ခေါင်းဆောင်တွေက လူပြိန်းကြိုက် သမ္မတဟောင်းကြီး၏ အလိုလောဘကြီးမှု အတ္တမာနကြီးမှုကို ခုချိန်မှာ မတွန်းလှန်နိုင်ကြတော့ပါဘူး။ လူပြိန်းတွေကို ထကြွဦးဆောင် လှုံ့ဆော်နိုင်တဲ့ ပူတင့်မိတ်ဆွေ၊ ကင်ဂျုံးအီဘော်ဒါကြီး ထရန့်၏  ထရန့်ပါတီ ထောင်လိုက်တာကို ကမ္ဘာက ရင် မ ကြည့်ရတော့မယ် ဖြစ်ပါတယ်။

အမေရိကန်မှာ လက်ယာအစွန်းရောက်တွေနဲ့ သူတို့ခေါင်းဆောင်ကြီး ထရန့်က ရီပတ်ဘလစ်ကန်ပါတီကို ထရန့်ပါတီအဖြစ်ပါ ပြောင်းလဲပြီး ထရန့်သမ္မတ၊ ထရန့်ပါတီ၊ ထရန့်လွှတ်တော်ကနေ ထရန့်နိုင်ငံတော် ထူထောင်ကြတော့မယ် ထင်ပါတယ်။ အမေရိကန်နိုင်ငံသားတွေ အဖြစ်ကနေ ထရန့်နိုင်ငံသားတွေအဖြစ် ပြောင်းကြရတော့မလား မသိပါ။ သည်နေရာမှာ တခု ပြောချင်တာကတော့ အမေရိကန်ဒီမိုကရေစီစနစ် ဘယ်လောက် မှတ်ကျောက်အတင်ခံနိုင်လဲ ဆက်ပြီး စိန်ခေါ်မှုတွေကို မျိုးဆက်သစ်တွေ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ ဆိုတာ သမိုင်းက အဖြေထုတ်ကြရတော့မှာ ဖြစ်ပါတယ်။ 

လူတွေ၏ OS ကို AI က hack

ကဲ နောက်ဆုံးတခုကတော့ - အစ္စရေးက တွေးခေါ်ပညာရှင် ဟာရယ်ရီ က အေအိုင်ကို ဝေဖန်တဲ့ မှတ်ချက်လေးကို ထည့်ရေးလိုက်ချင်ပါတယ်။ Operating System ဆိုတာက ကွန်ပျူတာ အသုံးပါ။ မူလကိုယ်ပိုင်စနစ်လို့ ပြောရမယ် ထင်ပါတယ်။ စနစ်မရှိပဲ အလုပ်မဖြစ်ပါဘူး။ သည်တော့ အိုအက်စ် (OS) ဆိုတာ ရှိကြပါတယ်။ လူတွေမှာလဲ သူတို့ OS နဲ့ သူတို့ နေကြတယ်လို့ ဟာရယ်ရီက ဆိုလိုတာပါ။ ဗမာတွေကတော့ “ကိုယ့်အဘိဓမ္မာနဲ့ ကိုယ်နေကြတယ်” လို့ ပြောမယ် ထင်ပါတယ်။ အခုက အင်တာနက်တွေ နည်းပညာတွေ အသစ်အဆန်းစနစ်တွေ ပေါ်ထွန်းလာလို့ လူတွေမှာ OS တွေ ကိုယ်တိုင်လည်း ပြောင်းလဲကုန်ကြတယ်လို့ သူက ထောက်ပြပါတယ်။ အစက 8 bit OS ကနေ အခုဆို 64 bit OS အဖြစ် ကွန်ပျူတာတွေ စနစ်တွေ ပြောင်းကုန်သလိုမျိုး - AI လိုခေါ်တဲ့ ဉာဏ်ရည်တု ပေါ်လာပြီး Chat GPT  က အစပြုလို့ စက်နဲ့ စာရေး၊ ကဗျာစပ်၊ ပန်းချီဆွဲ၊ ရုပ်ရှင်ရိုက်၊ စာမေးပွဲဖြေ - စတဲ့ သဘာ၀လွန် အကုန်လုပ်နိုင်လာပြီမို့ လူတွေ၏ OS တွေလဲ AI ၏ ထိုးဖောက်ပြုပြင်မှု (Hack) ကို ခံလိုက်ရပြီလို့ ဟာရယ်ရီက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ Human’s OS is hacked by AI လို့ သူက သုံးပါတယ်။

ပြောချင်တာကတော့ - လူတွေက အရင် ပုံမှန်စဉ်းစားတွေးခေါ်မှုတွေကနေ သွေဖည်သွား ပြောင်းလဲသွား လမ်းပြောင်းသွားပြီလို့ ဆိုတာပါ။ အစက သတင်းကို သတင်းစာကနေ ဖတ်နေကြတာကနေ ဂူးဂဲက ပြောတာကိုပဲ ယုံတော့တယ်။ အခုကျတော့ ဂူးဂဲကနေတောင် စုံစမ်းဖို့ မလုပ်ကြတော့ဘူး၊ အေအိုင် တပ်ဆင်ထားတဲ့ မေးဖြေလုပ်တဲ့စနစ်တွေ Chat GPT, Bard စတဲ့ BOT တွေက ဖြေပေးတာကိုပဲ ယုံစားနေကြတော့တယ်တဲ့။ တော်ကြာ - ကျနော့်အဖေမှာ ဦးဘ ဖြစ်ပါသည်လို့ အေအိုင်က ပြောခိုင်းရင်တောင် “ကျနော့်အဖေမှာ ဦးဘ ဖြစ်ပါသည်” လို့ တကမ္ဘာလုံးက လူတွေက တပြိုင်နက်တည်း ဖြေကြတော့မလား မသိကြဘူးလေ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar