Breaking News

မောင်စွမ်းရည် - သခင်ကိုယ်တော်မှိုင်း

မောင်စွမ်းရည် - သခင်ကိုယ်တော်မှိုင်း

(မိုးမခ) ဧပြီ ၁၃ ၊ ၂၀၂၄

ယခင်တလက ‘မစ္စတာမောင်မှိုင်း’ ဆိုတဲ့ ကလောင်နာမည်ရဲ့ သမိုင်းကြောင်းကို ကျနော် ရေးခဲ့ပါတယ်။ ကမ္ဘာတခွင်မှာ အမျိုးသားများဟာ သူတို့နာမည်ရှေ့မှာ ‘မစ္စတာ’ ဆိုတာ ဦးဆောင်ထားပေမဲ့ မြန်မာလူမျိုး တမျိုးတည်းသာ ‘မစ္စတာ’ မပါဘဲ ‘ဦးဘဖေ၊ ဦးလှဖေ စသည်ဖြင့် ‘ဦး’ ဆိုတဲ့ စကားလုံးကို အမျိုးသားဟန်နဲ့ ရှေ့ဆောင်ထားတဲ့ အစဉ်အလာကြီး တည်ရှိနေပါတယ်။ အသက်အရွယ် လိုက်ပြီး မောင်/ကို/င ... တို့ကိုလည်း သုံးပါတယ်။ ဦးဘဖေ၊ ဦးလှဖေ တို့ ငယ်စဉ်က ကိုလှဖေ၊ မောင်လှဖေ စသဖြင့် ခေါ်ခဲ့ကြပါတယ်။ ဂုဏ်မရှိသူ(နိမ့်ကျသူ)၊ ငယ်ရွယ်သူများကို ရှေ့က ‘င’ ဆက်ပြီး ငဘ၊ ငမြ စသည် ခေါ်ကြပါတယ်။ ဒါဟာ မြန်မာ့ကိုယ်ပိုင်ယဉ်ကျေးမှုပါ။ ဓလေ့ထုံးစံပါ။

ဗြိတိသျှလက်အောက်၊ ကိုလိုနီခေတ်ဦးမှာ တချို့ မြန်မာလူငယ် ပညာတတ်တွေက ဝံသာနုအမျိုးသား နိုင်ငံရေးမှာ ရှေ့ဆောင်ရှေ့ရွက် ပြုနေကြပေမဲ့ သူတို့အမည်ရှေ့မှာ ‘ဦး/ကို’ တို့ကို ဖြုတ်ပြီး ‘မစ္စတာ’ ကို တပ်ဆင် ဂုဏ်လုပ် သုံးစွဲနေခဲ့ကြပါတယ်။ ဒီအလေ့အထကို မျက်စိဆံပင်မွေးစူးခဲ့တဲ့ ရွှေတောင်ဆရာလွန်း ဆိုတဲ့ ဘုန်းကြီးလူထွက် မြန်မာစာရေးဆရာကြီးက သူ့ကိယ်သူ လူယုတ်မာ ‘မောင်မှိုင်း’ အမည်ကို ယူကာ သူ့နာမည်ရှေ့က ‘မစ္စတာ’ တပ်ပြီး ‘မစ္စတာမောင်မှိုင်း’ ဆိုတဲ့ ကလောင်အမည်ကို ယူလိုက်တဲ့အခါ လူငယ်တွေဟာ ‘မစ္စတာ’ပြုတ်သွားခဲ့ကြပါတယ်။ ဆရာလွန်းမှာတော့ ‘မစ္စတာမောင်မှိုင်း’ ဆိုတဲ့ အမည်ဆိုး ကျန်ရစ်ခဲ့ပါတယ်။

ရွှေတောင်ဆရာလွန်းဟာ စစ်ကိုင်းတောင်မှာ တရားအားထုတ်နေတဲ့ ရသေ့ကြီး’ကိုယ်တော်မှိုင်း’ အနေနဲ့ စာပေတွေ ဆက်ရေးပါတယ်။ ရသေ့ကြီးကိုယ်တော်မှိုင်းဟာ တပည့်မတွေ ဖြစ်တဲ့ ဗေဒါ၊ ကေသာ၊ မေရီ၊ ကေသီ၊ အရီးစိမ်း စတဲ့ ယောဂီ တပည့်မတွေနဲ့ ဘာသာရေး၊ နိုင်ငံရေး စတဲ့ ထွေရာလေးပါး စကားတွေကို ပြောဆို ဆွေးနွေးဟန်နဲ့ ရေးတဲ့အခါ မစ္စတာမောင်မှိုင်းက ရသေ့ကြီး ‘ကိုယ်တော်မှိုင်း’ ကလောင်အမည် တွင်လာခဲ့ပြန်ပါတယ်။ 

ကိုယ်တော်မှိုင်း ဟာ ခေတ်မီတဲ့ နိုင်ငံရေးအတွေးအခေါ် ဆောင်းပါးတွေကို ရေးနေတော့ တက္ကသိုလ်ကျောင်းသား၊ တို့ဗမာအစည်းအရုံး ခေါင်းဆောင် လူငယ်တွေကပါ လေးစားကြည်ညိုတာ ခံရပြီး သူတို့ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုလာခဲ့ကြပါတယ်။ တို့ဗမာအစည်းအရုံး ညီလာခံကြီးတရပ်ကို ရေနံချောင်းမှာ ပြုလုပ်တော့ ဆရာလွန်းကိုလည်း ဖိတ်ခေါ်သွားကြပါတယ်။

ဆရာလွန်းက ရေနံချောင်း တို့ဗမာအစည်းအရုံး ညီလာခံမှာ ပါဝင်ခေါင်းဆောင်ပြီး သူ့ကိုယ်သူ ‘သခင်ကိုယ်တော်မှိုင်း’ ကလောင်အမည်ကို ခံယူပါတယ်။ သခင်ကိုယ်တော်မှိုင်း အမည်နဲ့ သခင် နိုင်ငံရေးဆောင်းပါးတွေကို ဆက်လက်ပြီး အားသွန် ရေးသားပြန်ပါတယ်။ လွတ်လပ်ရေးခေတ် ရောက်တော့လည်း ဒီကလောင်နာမည်နဲ့ပဲ ဆက်လက်ရေးပါတယ်။

ဗမာပြည် လွတ်လပ်ရေးလည်း ရရော၊ လူငယ် နိုင်ငံရေးခေါင်းဆောင်တွေ အချင်းချင်း သဘောထား ကွဲလွဲပြီး တချို့ တောခိုသွားကြရာက ပြည်တွင်းစစ်ကြီး ဖြစ်လာတော့ ဆရာကြီး စိတ်ဆင်းရဲရပါတယ်။ ဆရာကြီး ဆက်လက်ပြီးတော့ သူ့တပည့်တွေကို စည်းလုံးအောင် ထိန်းရသိမ်းရပြန်ပါတယ်။ လွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ ဖ.ဆ.ပ.လ အဖွဲ့ကြီးမှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် ကွဲကြပြန်ပါတယ်။ 

ဒီလိုနဲ့ လွတ်လပ်ရေးရတာ နှစ်ပေါင်း ၅ဝ ကျော်ပေမဲ့ တိုင်းပြည် မငြိမ်းချမ်းခဲ့ဘဲ စစ်တပ်က အာဏာသိမ်းပြန်တော့ ဖက်ဆစ်ဆန်တဲ့ စစ်အစိုးရဒဏ်ကြောင့် ပြည်သူတွေဟာ အိမ်နိချင်း နိုင်ငံတွေကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။ ပညာရေး၊ စီးပွားရေး စတာတွေ ဘာမှမလုပ်နိုင်ဘဲ အငတ်ငတ်အပြတ်ပြတ်နဲ့ ဆင်းရဲဒုက္ခခံနေခဲ့ကြရပါတယ်။

ဒီမိုကရေစီလေး ဦးခေါင်းပြူလာချိန်မှာ လွတ်လပ်ရေးဖခင်၊ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဟာ နိုင်ငံခြားမှာ သူ့မိသားစုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေရာက မြန်မာပြည်ကို ပြန်လာပြီး ပြည်သူတွေနဲ့အတူ သူ့ဖခင်ရဲ့ လမ်းစဉ်အတိုင်း ဒီမိုကရေစီခရီးကို ဆက်လက် လျှောက်လှမ်းဖို့ ပြင်ဆင်အားယူခဲ့ရှာပါတယ်။ ဒါပေမဲ့ စစ်တပ်က တပ်မတော်ဖခင်ရဲ့ သမီး၊ သူတို့နှမငယ်ကိုတောင် မညှာမတာဘဲ ဖမ်းဆီး ထောင်ချထားခဲ့ပါတယ်။ 

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသာ အသက်ရှင်နေခဲ့ရင်လည်း စိတ်ဆင်းရဲရရုံ ရှိမှာပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ သူ့ရဲ့ငယ်မွေးခြံပေါက် တပည့်တွေကို စေ့စပ်ပေမဲ့ မအောင်မြင်ခဲ့ရှာပါ။ ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ရင်း ကမ္ဘာကြီးငြိမ်းချမ်းရေးကိုပါ မြန်မာပြည် ကိုယ်စားပြုပြီး အားထုတ်ခဲ့လို့ လီနင် ကမ္ဘာ့ငြိမ်းချမ်းရေးဆုကကို ရရှိခဲ့ပေမဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုတော့ မရခဲ့ပါ။ ဆရာကြီးရဲ့ မြေးလို့ ဆိုရမယ့် သခင်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ခမျာမှာလည်း ပြည်တွင်းက ဒီမိုကရေစီရေး မအောင်မြင်ပေမဲ့ ပြည်ပက ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း မွေးထုတ်ခဲ့တဲ့ တပ်မတော်သားတွေကပဲ သူတို့ရဲ့ နှမငယ်ကို အမွေလုဖက်လို သဘောထားပြီး မညှာမတာ ဖမ်းဆီး ထောင်ချထားခဲ့ပါတယ်။

ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ‘အမေစု’လို့ ခေါ်နေကြကာ ဒီမိုကရေစီမိခင်အဖြစ် ဦးခိုက်နေကြပါတယ်။ ကျနော်တို့ ဗမာပြည် ဆိုတဲ့ တိုင်းပြည်ငယ်လေးဟာ ကမ္ဘာ့အဆင့် ‘ဆု’နှစ်ခုကို ရရှိထားပေမဲ့ စစ်အာဏာရှင်လက်အောက်ကတော့ မလွတ်သေးပါ။

ကမ္ဘာက ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မြေးအဘိုးနှစ်ယောက်ကို ငြိမ်းချမ်းရေးဖခင်၊ ငြိမ်းချမ်းရေး ဒီမိုကရေစီရေးမိခင်လို့ ခေါ်ဆိုကာ အသိအမှတ်ပြု လေးစားခဲ့ကြပေမဲ့ လောင်းကစားသမား ဗိုလ်နေဝင်းရဲ့ စစ်တပ်ကတော့ အာဏာသိမ်းထားပြီး ပြည်သူတွေကို လှုပ်ရှားလို့မရအောင် ဖိနှိပ်ထားတဲ့အပြင် လှုပ်ရှားသူမှန်သမျှကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချ၊ သတ်ဖြတ်နေကြပါတယ်။

ပြည်သူတွေဟာ စစ်ခွေးအန္တရာယ်ကြောင့် အိမ်နိးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ပြီး စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး စတဲ့ ပြည်သူ့တာဝန်တွေ လုပ်ဆောင်ခွင့်မရဘဲ အငတ်ငတ် အပြတ်ပြတ်နဲ့ ဘဝဆုံးနေကြရပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း သက်ရှိထင်ရှား ရှိနေရင်လည်း လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းတို့ရဲ့ ခေါင်းဆောင် ဆိုပြီး သက်ညှာမှာမဟုတ်ဘဲ လွတ်လပ်ရေးဖခင်၊ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးကို ဖမ်းဆီး ထောင်ချ နှိပ်စက်သလို လုပ်မှာ သေချာပါတယ်။ 

ဗမာပြည်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း လို၊ ဒေါ်အောင်ဆန်းစုကြည် လို ထူးချွန်မြင့်မြတ်သူတွေ နောက်ထပ် ပေါ်ထွန်းလာပါစေ။ စစ်ခွေး၊ စစ်သွေးကြွတွေ ပြည်သူတွေရဲ့ တံတွေးခွက်၊ သေးကွက်မှာ နစ်မြုပ် ပျောက်ဆုံးကြပါစေလို့ပဲ ကျိန်ဆိုလိုက်ရပါတယ်။

မောင်စွမ်းရည်

၂၀၂၄ ၊ ဧပြီ ၁၀၊ နယူးယောက်



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar