Breaking News

မြဝတီမြို့ ဘယ်သူ့လက်ထဲ ရောက်နိုင်မလဲ၊ စစ်ကောင်စီရဲ့ အတွင်းပဋိပက္ခ ပိုမိုထင်ရှားလာ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁၂ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၄

မြဝတီမြို့ ဘယ်သူ့လက်ထဲ ရောက်နိုင်မလဲ၊ စစ်ကောင်စီရဲ့ အတွင်းပဋိပက္ခ ပိုမိုထင်ရှားလာ

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးဂိတ်ဝမြို့ မြဝတီမြို့ ထိန်းချုပ်နိုင်ဖို့ တော်လှန်ရေး လက်နက် ကိုင်အင်အားစုတွေလက်ထဲ ခိုင်ခိုင်မာမာရောက်ဖို့ မျှော်လင့်နေကြ၊ ရောက်နေပြီလို့လည်း ယူဆနေချိန်မှာပဲ အခြေအနေတွေက နာရီအလိုက်ပြောင်းလဲနေသလို ၊ မနက်နဲ့ ညအတွင်း အပြောင်း အလဲတွေ သတင်းတွေ အမျိုးမျိုးထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။  

မြဝတီမြို့အနီးက တပ်ရင်းတွေ ဗျူဟာစခန်းတွေကို ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူပြီးနောက်မှာ မြို့စောင့်တပ်လို့ခေါ်ဆိုကြတဲ့ ခလရ ၂၇၅ တပ်ရင်းကို ဧပြီလ ၁၁ ရက်နေ့မှာ နေရာယူသိမ်းခဲ့ပြီးနောက် အဆိုပါ တပ်ရင်းက စစ်ကောင်စီတပ်တွေက ချစ်ကြည်ရေး တံတား အမှတ် ၂ ခြေရင်းမှာနေရာယူပြီး ထိုင်းဘက်ကိုဝင်ဖို့ စောင့်ဆိုင်းနေတဲ့သဘောမျိုး သတင်းတွေမှာ ဖော်ပြခဲ့ကြပြီး ဧပြီ ၁၂ ရက်နေ့မှာတော့ ထိုင်းဘက်ကိုဝင်ဖို့ဆိုတာထက် ခလရ ၂၇၅ က တပ်တွေက ဒီနေရာကနေ နောက်ထပ်စစ်ကူအလာကို စောင့်ဆိုင်းနေတဲ့ သဘောမျိုး ဖော်ပြလာကြတာလည်း သတင်းတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ 

မြဝတီမြို့ကိုတော့ PDF ပူးပေါင်းအဖွဲ့တွေအပါအဝင် KNLAက ထိန်းချုပ်ထားတယ်လို့ယူဆရပေမယ့် BGF ကနေအသွင်ပြောင်းသွားတဲ့ Karen National Army လည်း မြဝတီမြို့မှာ တစိတ်တပိုင်းအားဖြင့် ပါဝင်ထိန်းချုပ်ထားတဲ့အနေအထားမျိုး သတင်းဖော်ပြချက်တွေအရ ကောက်ချက်ချနိုင်ပါတယ်။ မြဝတီမြို့နဲ့ မဝေးတဲ့ ဆက်စပ်နေတဲ့ ရွှေကုက္ကို စတဲ့နေရာဒေသတွေမှာ KNA ရဲ့ ထိန်း ချုပ်နယ်မြေတွေရှိသလို ခုအဖြစ်အပျက်တွေမတိုင်ခင်ကတည်းက မြဝတီမြို့နဲ့ မဲဆောက်မြို့ မျက် နှာချင်းဆိုင်ထားတဲ့ သောင်ရင်းမြစ်ကမ်းတလျှောက် တရားမဝင်ဖြတ်ကူးတဲ့ အကောက်အခွန်ဂိတ်တွေ အများအပြားလည်းဖွင့်လှစ်ကာ ဝင်ငွေရရှိနေကြတာ ဖြစ်ပါတယ်။ 

ဧပြီလ ၁၂ ရက်နေ့မှာ ကေအန်ယူက နယ်စပ်ဒေသအေးချမ်းတည်ငြိမ်ရေးနဲ့ လူထုဘေးကင်းလုံခြုံ ရေးအတွက် ထုတ်ပြန်ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ မြဝတီမြို့ကို လက်လွှတ်မဆုံးရှုံးစေရေးအတွက် စစ်ကောင်စီဘက်ကပို့လိုက်တဲ့ စစ်ကူစစ်ကြောင်းတွေကို ဖြတ်တောက် ပိတ်ဆို့ ဟန့်တားလုပ်ဆောင်နေတဲ့အခြေအနေကိုဖော်ပြထားသလို၊ လက်ရှိမှာ စိတ် ချရတဲ့အနေအထားမဟုတ်သေးတဲ့သဘောမျိုး ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ 

တဖက်မှာ မြဝတီမြို့ရဲ့ အုပ်ချုပ်ရေး နယ်စပ်ကုန်သွယ်ရေး၊ အစရှိတဲ့ အုပ်ချုပ်ရေးနဲ့ ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုတွေအတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပြီး နယ်စပ်မျဥ်း နှစ်ဖက်စလုံးမှာနေထိုင်တဲ့ ပြည်သူများရဲ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ထိုင်းအစိုးရနဲ့ နယ်စပ်အခြေစိုက် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပါ ချိတ်ဆက်ပြီး အနှစ်သာရရှိသောပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့သဘောထားကိုလည်း ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ 

ဒီနေရာမှာ KNA နဲ့ KNU အကြားက ဆက်ဆံရေး၊ မြဝတီမြို့နဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေ၊ နှစ်နိုင်ငံကူးသန်းတဲ့ တံတား ၂ စင်း၊ အခွန်အကောက်ကိစ္စ၊ စစ်ကောင်စီလက်ကျန်တပ်အပေါ် သဘောထား စတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးစရာ၊ သဘောတူညီမှုရစရာ၊ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အချက်က ဘာတွေလဲ၊ ကွဲလွဲချက်၊ အကျိုးစီးပွားဆန့်ကျင်ဘက်ဖြစ်နေတာတွေက ဘာတွေလဲ စတဲ့အချက်တွေက အဓိကကျတဲ့ကိစ္စရပ်တွေလို့ ထင်ပါတယ်။ လတ်တလောမှာ အဆိုပါအချက်အလက်တွေက ဖမ်းဆုပ်ရခက်ခဲတဲ့၊ ပုံသဏ္ဌာန်ဖော်ရခက်ခဲနေဆဲ နေအထားဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အကျိုး စီးပွား၊ မကြာခင်မှာ ပြောင်းလဲလာနိုင်တဲ့အခြေအနေတွေကို မှန်းဆတွက်ချက်ကာ ဆုံးဖြတ်ချက်ချဖို့လုပ်ဆောင်နေကြတဲ့သဘောမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

မြဝတီမြို့နဲ့ နယ်စပ်ကုန်သွယ်ရေးက စစ်ကောင်စီရဲ့အာဏာအတွက် symbolic လည်း ဖြစ်သလို ဝင်ငွေရလမ်း တခုလည်း ဖြစ်ပါတယ်။ အလားတူပဲ တော်လှန်ရေးလက်နက်ကိုင်တွေအဖို့လည်း ဝင်ငွေရလမ်းတခု စစ်ရေးအရ အောင်ပွဲမှတ်တိုင်တခုလည်း ဖြစ်နေတာ ဖြစ်ပါတယ်။ အခြားသော နယ်စပ်မြို့နဲ့မတူတဲ့အချက်တချက်က လက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုထက်ပိုပြီးပါဝင်နေတဲ့ ပဋိပက္ခဖြစ်နေတဲ့သဘောကြောင့် ပိုမိုရှုပ်ထွေးနေတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ကရင်ပြည်နယ် အရှေ့ဘက်က နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက်အသည်းအသန် ကြိုးပမ်းနေချိန်မှာပဲ စစ်ကောင်စီရဲ့ မြို့တော် နေပြည် တော်က စစ်ဗိုလ်ချုပ်ဟောင်း၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဟောင်းတဦးကို ဖမ်းဆီးပြီး နေအိမ်ကိုပါ ချိတ်ပိတ်လိုက်တဲ့အဖြစ်အပျက်တွေဖြစ်ပွားနေပြီး ဖမ်းဆီးရတဲ့အကြောင်းကို ဆယ်စုနှစ်တခုမျှ ကြာမြင့်နေတဲ့လာဘ်စားမှုတခုကိုခေါင်းစဥ်တပ်ပေမယ့် လတ်တလော စစ်ကောင်စီအတွင်း၊ စစ် တပ်အတွင်း မင်းအောင်လှိုင်ကိုဖယ်ရှားမယ့်အမြင်တွေကို ဖြန့်ချိတာ၊ စည်းရုံးတာကြောင့်လား ဆိုတဲ့မှန်းဆချက်တွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလမှာ ရှမ်းမြောက်ဒေသ တိုင်းမှူးဖြစ်ခဲ့ပြီး ခင်ညွန့် ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးတွေကို စတင်အရေးယူရာမှာ အဓိကအကောင်အထည်ဖော်ရာမှာ ပါဝင်ခဲ့သူ၊ ၂၀၁၁ ကနေ ၂၀၁၅ အကုန်ထိ ဦးသိန်းစိန် အစိုးရလက်ထက် လယ်/ဆည်ဝန်ကြီးတာဝန်ယူခဲ့သူ၊ နောက်ပိုင်း ကြံ့ခိုင်ရေးပါတီမှာ ခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဦးမြင့်လှိုင်ကို ဧပြီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီကဖမ်းဆီးလိုက်ပြီး တပြိုင်နက်တည်း နေအိမ်ကိုပါ ချိပ်ပိတ်လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

အခုလိုဖမ်းဆီးခြင်းဟာ အရင်က အာဏာအလွဲသုံးစားလုပ်လို့ သို့မဟုတ် တရုတ်နိုင်ငံနဲ့ ဆက်စပ်ပြီး ကျားဖြန့်ကိစ္စတွေနဲ့ပတ်သက်လို့ဆိုတာတွေထက် စစ်ကောင်စီခေါင်းဆောင်ဖြစ်သူ မင်းအောင် လှိုင်ရဲ့ ဦးဆောင်မှုကို မေးခွန်းထုတ်တာ၊ သို့မဟုတ် ဖယ်ရှားဖို့အထိ လှုံ့ဆော်တာတွေ ကြောင့်သာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ လာဘ်စားမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေက စစ်ကောင်စီ အစိုးရအဖို့ ထူးဆန်းတဲ့ကိစ္စရပ်တွေ မဟုတ်ပါဘူး။ တစုံတရာ လူသိရှင်ကြား ကြီးမားတဲ့အရှက်ရစရာကိစ္စမျိုး ပေါ်ထွက်မလာသရွေ့ စုံစမ်းစစ်ဆေးတာ အရေးယူတာတွေလုပ်ဆောင်လေ့မရှိပဲ အခုလို အရင့်အရင်အဖြစ်အပျက်ဟောင်းတွေအတွက် အရေးယူတယ်ဆိုတာမျိုးက အကြောင်းပြချက်တခုထက်မပိုဘူးဆိုတာ အများစုက နားလည်ကြပါတယ်။ 

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လတ်တလော စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရတဲ့နယ်မြေတွေ တခုပြီးတခုတိုးမြင့်လာနေချိန်မှာ စစ်ရေးအရ စီမံအမိန့်ပေးမှု၊ နိုင်ငံရေးအရ ကိုင် တွယ်ဖြေရှင်းမှုတွေအပေါ် စစ်အာဏာရှင်ခေါင်းဆောင်ပိုင်းနဲ့ ကြံ့ခိုင်ရေးပါတီထဲက စစ်ဗိုလ်ချုပ်ဟောင်းတွေအတွင်းမှာ မကျေလည်မှုတွေ၊ အလုပ်မဖြစ်ဘူးလို့ ယူဆမှုတွေ ရှိလာနေတဲ့သဘောလို့ ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။ 

တဖက်မှာ ဆန့်ကျင်ဘက်လက်နက်ကိုင်အင်အားစုတွေကို အပြင်းအထန်တိုက်ခိုက်နေရချိန်၊ တပ်တွေလက်နက်ချ အရှုံးပေးတာ၊ နယ်ခြားမျဥ်းကိုဖြတ်ကာ တဖက်နိုင်ငံကို ကူးဝင်ခိုလှုံခွင့်တောင်းတာတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေချိန်မှာ မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုကို မေးခွန်းထုတ် ကိုင်လှုပ်လာမယ့်အနေအထားလို့ မှန်းဆကောင်း မှန်းဆနိုင်ပါတယ်။ 

ဒီလိုအခြေအနေက စစ်ကောင်စီတပ်တွေအနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မင်းအောင်လှိုင်အပေါ် ယုံကြည်မှုကျဆင်းလာပြီး တွေဝေမှုတွေ၊ လက်ရှိ တည်နေတဲ့ တိုက်ပွဲတွေကနေ ရှောင်လွှဲဖို့ ၊ အရှုံးပေးဖို့ စေ့ဆော်ပေးနေတဲ့ အခြေအနေတွေ ဖြစ်လာနေတဲ့ သဘောလည်း ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar