Breaking News

မောင်ရစ် - မက်ဒေါ်နယ်အရုပ်လေး လက်ဆောင်ရတုန်းက

မက်ဒေါ်နယ်အရုပ်လေး လက်ဆောင်ရတုန်းက

မောင်ရစ် 

(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၄

အလုပ်က ခဏနားချိန် နေ့လယ်စာစားဖို့ မက်ဒေါ်နယ် ဘာဂါဆိုင်ကို သွားပါတယ်။ ပုံမှန်ကတော့ မက်ဒေါ်နယ်အက်ပ်ထဲကနေ Deal ဆိုတဲ့ အထူးဈေးဆိုတာထဲက အမဲသား နှစ်ထပ်နဲ့ ဒိန်ချဉ်ညှပ်ဘာဂါ နှစ်ခု မှာစားနေကျပဲ စားဖို့ပါပဲ။ အဝင်၀မှာ ရောင်စုံကဒ်ထူဘူးငယ်လေးတွေ တန်းစီထားတာ ထူးထူးခြားခြား တွေ့ရပါတယ်။ သူတို့ကို ဆိုင်၏ အဝင် ကလေးကစားကွင်း တန်းပေါ်တင်ထားတယ်။ စားပွဲတွေပေါ်မှာလည်း ၂ ခု၊ ၃ ခု စီတင်ထားတယ်။ လာစားတဲ့ မိသားစုတွေထဲက ကလေးတွေအတွက် စိတ်ဝင်စားစရာဖြစ်သလို မိမိအတွက်လည်း စပ်စုချင်စရာ။

လက်သီးဆုပ်လောက် လေးထောင့် ရောင်စုံဘူးငယ်လေးပေါ်မှာ ရုပ်ပုံလေး ၅ ပုံပြထားတယ်။ ဒီအရုပ်ကလေးတွေကို မက်ဒေါ်နယ်၏ အထူးစုဆောင်းစရာ - collectable  အဖြစ် ရေးသားထားပါတယ်။ ကြည့်ရတာ တဘူးမှာ အရုပ်တရုပ် ထည့်ထားမယ် ပုံပါ။ ပြီးတော့ သည်အတိုင်း တင်ထားတာဆိုတော့ ကလေးတိုင်း ဒါကို အခမဲ့ ယူသွားဖို့ ပေးထားတာနဲ့ တူပါတယ်။ မိမိကတော့ အသက် ကြီးပြီမို့ သည်လိုအရုပ်ဘူးလေးတွေ ယူဖို့ မသင့်တော်ပါ။ သို့သော် အရုပ်ကလေးတွေက ဘာများလဲလို့ သိချင်စိတ်က ပြင်းပြနေမိတယ်။

မက်ဒေါ်နယ်က happy meal toy ဆိုပြီးတော့ ကလေးတွေအတွက် စားစရာအရောင်းနဲ့ တွဲတဲ့ အရုပ်ကလေးတွေမျိုးစုံ ထုတ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် အစိတ်လောက်က မက်ဒေါ်နယ်က Hello Kitty ကြောင်ရုပ်စုံတွဲလေးတွေ ရောင်းဖူးတယ်။ ကလေးတွေ လူကြီးတွေ တန်းစီပြီး ဝယ်ကြ စုဆောင်းကြတယ်။ အခုကတော့ အရုပ်ကလေးတွေ ခေတ်ရောက်လာပြီပေါ့။ ဟိုတုန်းက မိမိသမီးအတွက် happy meal စားရင် အရုပ်လေးတွေ ရဖူးတယ်။ နောက်တော့ ကလေးတွေကိုယ်တိုင်က ကလေးစားစရာထက် လူကြီးစားတဲ့ အစာကို ပိုကြိုက်တော့ ဟက်ပီးမီးလ်လည်း မစားဖြစ်တော့ပါဘူး။

အခုတော့ မိမိစားပွဲမှာ အရုပ်ဘူးလေးရှိနေတယ်။ ကလေးတွေအတွက်မို့ လူကြီးက သည်ဘူးထဲက အရုပ်ကလေးကို ဖွင့်ကြည့်ဖို့ ခက်နေတာပေါ့။ သို့သော် ဘာပဲဖြစ်ဖြစ် ဘာအရုပ်ကလေးလဲလို့ သိချင်စိတ် ပြင်းပြနေတာနဲ့ ဘူးအောက်ခြေကနေ ဖွင့်ပြီး အရုပ်ကလေးကို ထုတ်ကြည့်မိပါတယ်။ အာလူးကို မျက်လုံးနှာခေါင်းတပ်၊ အင်္ကျီစွပ်၊ ဆံပင်တုတပ်ပေးထားတဲ့ အရုပ်ကလေး။ သူ့ကိုကြည့်ပြီး သဘောကျမိတယ်။ ရယ်ပြုံးမိတယ်။ အရောင်စုံ ခြယ်ထားတော့ ချစ်စရာလေးပဲလို့ တွေးမိပါတယ်။ သို့သော် ကလေးတွေအတွက်မို့ အရုပ်ကလေးကို ပြန်ထုပ်ပိုးပြီး ဘူးထဲပြန်ထည့်ထားလိုက် ပါတယ်။ လူကြီးလုပ်ပြီး ကလေးအရုပ်ကလေး ယူသွားရမှာလဲ မကောင်းဘူးမလား။

မှာထားတဲ့ နေ့လယ်စာ အသားညှပ်ပေါင်မုန့် ရောက်လာတယ်။ ထိုင်စားတယ်။ ကလေးတွေက ဆိုင်တွင်း ကစားကွင်းထဲမှာ ဆူဆူညံညံ ဆော့နေကြတယ်။ သူတို့ကလေးတွေက မက်ဒေါ်နယ်အရုပ်တွေထက် ကစားကွင်းထဲက လျှောစီးရတာ ပိုပျော်ပုံရတယ်။ ကစားဖော်အသစ်တွေနဲ့ ဆုံကြရတာ ပိုသဘောကျပုံရပါတယ်။ အဲသည်လို တွေးနေချိန်မှာပဲ ဆိုင်ရဲ့ စားပွဲထိုး အမျိုးသမီးကြီးတဦး အဲသည်ဘူးကလေးတွေကို လက်ညှိုးထိုးပြပြီး ဒါတွေက လက်ဆောင်တွေနော်၊ ယူသွားလို့ ရတယ်နော်လို့ လှမ်းပြောတယ်။ စိတ်ထဲမှာ တချက် လှုပ်သွားသလိုပါပဲ။ ဒါဆို သည်အရုပ်ကလေး မိမိအတွက် ယူသွားလို့ရပြီပေါ့။

ခုနက ဖွင့်ကြည့်ထားတဲ့ အရုပ်ဘူးလေးကို ယူပြီး ဝမ်းသာအားရ ဆိုင်ထဲက ပြန်ထွက်လာပါတယ်။ အရုပ်ကလေးကို သည်တခါတော့ ပိုင်ပိုင်နိုင်နိုင် ထုတ်ကြည့်လိုက်တယ်။ အာလူးလေးကို မျက်လုံး နှာခေါင်းတပ်၊ အင်္ကျီစွပ်၊ ဆံပင်တုတပ်ပေးထားတဲ့ အရုပ်ကလေး။ အရောင်စုံခြယ်ထားတာ ချစ်စဖွယ်လို့ စိတ်ထဲမှာ ထပ်ခံစားရပြန်တယ်။ အရုပ်တွေ ဘာလုပ်မှာလဲ၊ အလကား၊ အိမ်ရှုပ်၊ နေရာရှုပ်၊ ပြီးတော့လဲ အမှိုက်ဖြစ်တာပဲဆိုတဲ့ ဆင်ခြင်မှုကလည်း ခေါင်းထဲ ပေါ်လာပြန်တယ်။ ဒါက လက်တွေ့ကျတဲ့ အတွေးအခေါ်နေမှာပါ။ သို့သော် အခုအချိန်မှာ အရုပ်ကလေးကို ရလို့ ခံစားရတဲ့ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုကတော့ တန်ဖိုးဖြတ်လို့ မရဘူး။ အဲသည် ပီတိလေးက မိမိအတွက် ရှားရှားပါးပါးပဲ။

ကားပေါ်က ဒက်ရှ်ဘုတ်ပေါ် အရုပ်လေးကို တင်ထားပြီး ပြုံးကြည့်နေမိတယ်။ ပြီးတော့ မိမိ၏ အဘိုးဖြစ်သူ အင်္ဂလိပ်စာသင်တော့ အမြဲရွတ်တဲ့ ကဗျာလေးကို သွားသတိရတယ်။ 

My heart leaps up when I behold 

A rainbow in the sky:

So was it when my life began; 

So is it now I am a man; 

So be it when I shall grow old, 

Or let me die!


ငယ်စဉ်ကခါ သက်တံကြီး မြင်တော့ နှလုံးတွေတောင် တုန်သွားတယ်တဲ့

အခု ငါ အရွယ်ရောက်လာတော့ သက်တံမြင်တဲ့အခါ ရင်ခုန်နေတုန်း ပျော်နေတုန်းပါ တဲ့

နောင်တချိန် ငါ အသက်တွေ ကြီးလာခဲ့ရင်လဲ သက်တံမြင်တိုင်း ရင်ခုန်ချင်တဲ့သူပဲ ဖြစ်ချင်ပါတယ်...

အဲသလိုမှ မဟုတ်ရင် သေသော်မှသည် ဪကောင်း၏ လို့သာ ပြောချင်ပါတယ်...

ကဗျာဆရာက သက်တံလို့ တင်စားပြောပေမယ့် ကလေးငယ်တဦး၏ စိတ်ခံစားချက်၊ ပျော်ရွှင်မှုမျိုး၊ ပီတိမျိုးကို အသက်တွေ ကြီးလာချိန်မှာ ပျောက်ဆုံးသွားတာမျိုး မဖြစ်ချင်တဲ့အကြောင်း ရေးခဲ့တာလို့ သဘောပေါက်မိပါတယ်။ ငယ်စဉ်အခါ သက်တံကို တွေ့ရတော့ အထူးအဆန်း ပျော်ရွှင်ပီတိ ခံစားမှုမျိုး နောင် ပြန်မရတော့ရင် မိမိတို့ လူဖြစ်ရှုံးတာနဲ့ အတူတူပဲပေါ့လို့ တွေးမိ မြင်မိပါတယ်။ 

အခု ကလေးတွေအတွက် အရုပ်လေး သည်အချိန်မှာ မိမိ လက်ဆောင်ရလိုက်တော့ ပျော်မိ ဝမ်း သာမိတဲ့ပီတိလေးကို မိမိ ခံစားရမိတာ သက်တံကို ပထမဆုံး မြင်ရတဲ့ကလေးကို သွားသတိရမိသလိုပါပဲ။

စာဖတ်သူတွေကတော့ မောင်ရစ် သူငယ်ပြန်နေတာကို အကြီးအကျယ်လုပ်ပြီး စာရေးနေတယ် ပြောကြမယ်။ 

အေးလေ - မိမိတို့မှာ မပျော်တာ ကြာပြီ မဟုတ်ပါလား … ။

မောင်ရစ်

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar