လင်းလက်နွေဦး - ရေခဲစိမ်သင်္ကြန်
ရေခဲစိမ်သင်္ကြန်
လင်းလက်နွေဦး
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၄
ရာသီဥတုက မှုန်ပျပျ။ သစ်ပင်လေးတွေ တိတ်ဆိတ်ငြိမ်သက်လို့၊ တခုခုကို နားစွင့်နေဟန်။ မနက်ကတော့ ဟိုမှ ဒီမှ မရိုးနိုင်တဲ့ သင်္ကြန်သီချင်းသံတွေ သဲ့သဲ့ဝင်ရောက် နှောက်ယှက်။ ကလေးတချို့ရဲ့ ရေကစားလိုဟန် အသံတွေလည်း ခပ်ကျဲကျဲ တိုးဝှေ့လာတတ်။ ပတ်ဝန်းကျင်တခုလုံး ခြုံငုံကြည့်မယ်ဆိုရင် လက်ဖက်ခြောက် ကျနေတဲ့ ရေနွေးကြမ်း ခပ်နွေးနွေးထဲ လှိမ့်ကျသွားတဲ့ ပုရွတ်ဆိတ်တစ်ကောင်လို အရာရာ မှုံပျအိုက်စပ်။ ဝတ်ကျေ တန်းကျေ လေတချို့ကြောင့်လည်း လတန်ခူးရဲ့ အထီးကျန်မှုကို မပြေလျော့နိုင်။ တစုံတယောက်ဟာ သပွတ်အူထဲ ကျပျောက်သွားတဲ့ ပျော်ရွှင်မှုတွေကို ခွေး အိပ်စောင့်နေတဲ့ ကောက်ရိုးပုံထဲမှာ တိတ်တဆိတ် ရှာဖွေနေမိရဲ့။
(ကို)တိုင်းကျော်ရဲ့ ‘ရေမစိုသင်္ကြန်’ကို မျက်ရည်တဝဲဝဲ နားဆင်နေရင်း ခေတ်ကောင်းတုန်းက (နည်းနည်း လေး ခေတ်ကောင်းတုန်းက) သင်္ကြန်တွေကို သတိရမိရဲ့။ ‘ဥဩငှက်လေး ရင်ကွဲနာကျ မရွှင်လန်းနာရ သင်္ကြန် သင်္ကြန်...’ နာကျင်စရာ နာကြည်းစရာတွေ ပြည့်နှက်နေတဲ့ကြားက ဆွတ်ပျံ့ကြည်နှူးဖွယ်ရာများ တစုံတရာ ရှိလေ မလား ရှာဖွေမိပါတယ်။ ‘သင်္ကြန်မိုးလေလား မျက်ရည်လေလား ဝေခွဲမရတဲ့ သင်္ကြန်...’ အညာမှာ ပိတောက်မိုး တစက်တလေတောင် မကျသေးတော့ စိုရွှဲသမျှတို့ဟာ မျက်ရည်တွေမှန်း သေချာလေပြီ။ ငိုခြင်းနဲ့ ရယ်ခြင်းကို တပြိုက်နက် ဖြစ်ပေါ်စေတာကတော့ ‘အတာစိုးမယ့် တမာမိုး’ သင်္ကြန်သံချပ်ပဲ ဖြစ်ပါတယ်။ ‘... စစ်ခွေးအာမီ လာပြီ... သင်္ကြန်ခါတော် ချိန်မီ... အလောင်းကောက်ဖို့ ထွက်လာပြီ..’ သင်္ကြန်သီချင်းလေး ဆိုပြီးတော့ ‘စတန်းဒက် အာမီ ချီလာပြီ... အာကာထွန်းလား ခြင်းကြားလား’ ဆိုတဲ့ သံချပ်လေး။ ပြုံးမိပါရဲ့။ ‘စေတီတည်ပြီး လူသတ်နေ... သွေးစွန်းလက်နဲ့ ထီးမတင်နဲ့...’ ‘ကျောက်ဆင်းတုကြီး မျက်ရည်စီး လပ်တီးအာမီ ပျောက်ဖို့ နီး... နီး နီး...’။ အားတက်ပါရဲ့။ ‘ဘာသာအကြောင်းပြ မဘသ... အကြမ်းဖက်တာ ဘယ်သူလဲဗျ...’။ ကြေကွဲရပါတယ်။
‘ပြည်သူသတ်တဲ့ စစ်ခွေးတွေ ကောင်းရာသုဂတိ -ီးတောင်မလားနဲ့...’ စီဒီအမ် ကျောင်းသားတွေလိုပဲ ဒဲ့ ကျိန်ဆဲလိုက်ပါတယ်။
မခံစားနိုင်တော့ဘူး။ အခန်းထဲမှာ တိတ်တိတ်လေး ငိုကြွေးမှုတွေ ခဏလေးဖြစ်ဖြစ် အေးချမ်းသွားအောင် မေ့ထားပစ်လိုက်ချင်တယ်။ စီဒီအမ် ဝန်ထမ်းတွေ အဖမ်းအဆီး ခံရလို့၊ စီဒီအမ် ဆရာမ လင်မယား မဲဆောက်မှာ ထိုင်းရဲတွေ လိုက်ဖမ်းလို့ တံတားပေါ်က ခုန်ချ သတ်သေသွားတုန်းက ဝမ်းနည်းတုန်လှုပ်ခဲ့ရမှုမျိုးတွေ၊ ပီဒီအက်ဖ် ရဲဘော်တွေ ဖမ်းဆီးခံလို့၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံလို့ နာကျင်ကြေကွဲခဲ့ရမှုမျိုးတွေ ထပ်မလိုချင်တော့ဘူး။ လူရွှင်တော် (ကို)အောင်သော် (one star) ထင်ပါရဲ့ ပြောသွားတယ်၊ ‘ငိုစရာ မျက်ရည်မရှိတော့ဘူး’တဲ့။ ကောင်း လိုက်တာဗျာ။ ကျနော်မှာတော့ သတင်းလေးဖတ်လိုက်၊ ငိုလိုက်။ သီချင်းလေး နားထောင်လိုက်၊ ငိုလိုက်။ သံချပ်လေး ခံစားလိုက်၊ ငိုက်လိုက်။ မျက်ရည် = မခမ်းနိုင်တဲ့ မြစ်။
ဒါကြောင့် ခုလို တော်လှန်သင်္ကြန်ကာလအတွင်း တောင်းတမိတာ တစ်ခုရှိပါတယ်။ ပေးနိုင်တဲ့သူများ ရှိရင် ပေးကြပါ။ တောင်းပန်ပါတယ်။ ဘာမှမသိတဲ့ ငယ်ငယ်တုန်းကလို၊ မီးရထားကြီး စီး၊ မန္တလေးဆိုတဲ့ မြို့ကြီးကို သွား၊ အနောက်တောင်ထောင့် ကျုံးဘေး Shell တီးဝိုင်း စင်အောက်မှာ တနေကုန် အပြတ်ကဲ၊ ထမင်းမေ့ ရေမေ့ တကိုယ်လုံး ရေတွေစိုရွှဲနေတာတောင် မချမ်းမတုန်၊ သီချင်းတွေ လိုက်ဆို ကခုန်မြူးတူးနိုင်တဲ့ ခဏတာမျိုးလေး။ ရေခဲစိမ်ဘီယာ၊ ရေခဲစိမ်ကွမ်းယာတွေ မပါလည်းရပါတယ်။ ရေခဲစိမ်သင်္ကြန်လေး နည်းနည်းလောက် ပို့ပေးပါ့လား။
မွန်းကြပ်လွန်းလို့။
လင်းလက်နွေဦး
* ၁၃.၄.၂၀၂၄ တော်လှန်သင်္ကြန် ပထမနေ့ ညနေ ၁ နာရီ ၅၆ မိနစ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar