အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၄ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၄ )
(မိုးမခ) ဧပြီ ၄၊ ၂၀၂၄
3/4/24
Diary in the darkness
မနက်စောစော အိမ်ရှေ့လမ်းထွက်လျှောက်တုန်း ဆယ်အိမ်မှူးနဲ့တွေ့တယ်။ ရပ်ကွက်ရုံး ပိတ်လိုက်ပြီ။ ဧည့်စာရင်းကို ရပ်ကွက်ရုံးမှာ သွားတိုင်စရာမလိုတော့။ လမ်းထဲက ဆယ်အိမ်မှူးဆီမှာပဲ တိုင်လို့ရပြီတဲ့။ တနေ့က ကျွန်တော်တို့မြို့နယ် အုပ်ကြီးနဲ့ ကြင်ယာတော် တို့ ပွဲချင်းပြီးလုပ်ကြံခံရမှု ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ ဂယက်ဖြစ်မယ်ထင်တယ်။
အုပ်ကြီးတွေ အသတ်ခံရတဲ့ သတင်းနဲ့အတူ လူမှုကွန်ရက်ပေါ်မှာ အပြိုင်အဆိုင်တက်နေတဲ့ သတင်းကတော့ စစ်ကောင်စီ စခန်းတွေကို တော်လှန်ရေးတပ်တွေက အဆက်မပြတ် သိမ်းပိုက်နေတဲ့ သတင်းတွေပါပဲ။
KIA က အရေးပါတဲ့ စိန်လုံဗျူဟာ စခန်းကြီးနဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လွယ်ဂျယ် ဂိတ်ကို သိမ်းလိုက်ပြီတဲ့။ စစ်ကောင်စီရဲ့ တချို့စခန်းတွေလည်း ခုခံတိုက်ခိုက်ခြင်းမရှိဘဲ စခန်းက အောင်မြင်စွာ စွန့်ခွာသွားကြပြီတဲ့။
အယ်နီညို လာတော့မယ်။ ၆၊၇၊၈၊ ရက်မှာ အပူလှိုင်းဖြတ်မယ် ဆိုတဲ့ မိုးလေဝသ သတိပေးချက်တွေလည်း ထွက်ပေါ်နေတယ်။ မနှစ်က ဒီအချိန်မှာ လူအတော်များများ ဆီးရောဂါဖြစ်ကြတယ်။ ဆေးရုံမှာ လူစည်ကားနေတာ ပြန်သတိရတယ်။
ဒီရက်ပိုင်း အပူချိန်က ၄ဝံ စင်တီဂရိတ် ကျော်နေတယ်။ မီးလာတာနဲ့ ရေတင်ပြီး အိမ်ပတ်ဝန်းကျင်နဲ့ အိမ်ခေါင်မိုးပေါ်ကို ရေဖြန်းနေရတယ်။ မီးလာချိန် နည်းသွားလို့ ထမင်းချက်၊ အဝတ်လျှော်၊ မီးပူတိုက် အလုပ်တွေ အပြေးအလွှားလုပ်နေရတဲ့အပြင် အခု ရေဖြန်းမင်္ဂလာ အလုပ်တခုပါ ပိုလာပါတယ်။ လူတွေလည်း နေ့စဉ်ရက်ဆက် စိတ်ဒုက္ခနဲ့ နပန်း လုံးနေရသလို အလုပ်နဲ့ လက်နဲ့ လည်း မပြတ်ရပါဘူး။ မြန်မာပြည်မှာ အလုပ်လက်မဲ့ မရှိအောင် စီမံကွပ်ကဲနိုင်တဲ့ မအလ ကို လေးစားပါတယ်။
ဒီစာရေးနေတုန်းမှာပဲ သူငယ်ချင်းတစ်ယောက်စီက ဖုန်းဝင်လာတယ်။ ကျွန်တော်တို့ရဲ့ အနောက်ရပ်ကွက်က အုပ်ကြီး ည က အသတ်ခံရတယ်တဲ့။ စစ်မှုထမ်းမဲ နှိုက်တာ တအိမ်ထဲက လူနှစ်ယောက် ပေါက်လို့ မကျေနပ်သံတွေ မြင့်တက်ပြီး မကြာခင် ခုလိုဖြစ်တာတဲ့။ ရပ်ကွက်အုပ်ချုပ်ရေး ရန်ပုံငွေအတွက်လုပ်တဲ့ ရပ်ကွက်လမ်းဘေး ဈေးရောင်ပွဲလည်း ပျက်ပြီတဲ့။ အိမ်ပြင်မထွက်ဖို့ သတိနဲ့နေဖို့ ဖုန်းဆက်တာပါ။
စစ်ပွဲက တဖြည်းဖြည်းနဲ့ ကိုယ့်နားကပ်လာသလို ခံစားရတယ်။ ပြေးစရာ မြေမရှိပါဘူး။ ရန်ကုန်ကို နယ်က စစ်ရှောင်လာသူတွေလည်း ဆီပူအိုးထဲက မီးပုံထဲ ခုန်ဆင်းသလို ဖြစ်နေကြပြီ။ ရန်ကုန် နေပြည်တော် ခရီးစဉ်ကတော့ ငွေပေးရင် အနှောက်အယှက်နည်းတယ်လို့ နေပြည်တော် ပျဉ်းမနားသွား အမျိုးတစ်ယောက်က ပြောတယ်။ နေပြည်တော်တဝိုက်မှာ မီးမပျက်ဘူးတဲ့။ တအံ့တဩပြောတယ်။ ရန်ကုန်မှာတော့ ဖုန်းအားပြည့်ဖို့၊ ရေတင်ဖို့၊ ထမင်းချက်ဖို့ လောဂျစ်စတစ် ကောင်းကောင်းဆွဲပြီး စွမ်ဆောင်နေရတယ်။ စွမ်းရည်တွေ မြှင့်တင်ထားရတယ်။ သတိအနေအထားနဲ့ အသင့်စောင့်နေရတယ်။
ကုန်ဈေးနှုန်း သတင်းကို အချိန်နဲ့အမျှ နားစွင့်ထားရတယ်။ ရွှေဈေးတကျပ်သား လေးဆယ့်ငါးသိန်းနီးပါးဖြစ်သွားတာနဲ့ ပဲပြုတ်သည် အရင်းပြုတ်တာနဲ့ ဘယ်လို ပတ်သက်နေလဲ ကိုယ်လည်း မပြောတတ်ဘူး။ ကျွန်တော် ပဲပြုတ်မစားရတာ တပတ်လောက်ရှိပြီ။ အရာရာဟာ သီးခြားမရှိဘူး၊ ဆက်စပ်နေတယ်ဆိုတဲ့ ဖလော်ဆော်ဖီကို ညှိုးငယ်စွာဖြင့် လက်ခံရုံမှတပါး အခြားမရှိ။
ထမင်းစားနေတုန်း ကုန်ဈေးနှုန်းသတင်းတွေ ကြေညာ လေ့ရှိတဲ့ အိမ်တွင်းမီဒီယာက မိန်းမကိုလည်း ဘုကြည့် ကြည့်မိတယ်။
တော်လှန်ရေးဆိုတာ မိန်းမကို ဘုကြည့်ကြည့် ရဲတာက စ ရတယ် မဟုတ်ပါလား။
အန်ကယ် တူမီး
3/4/24
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar