Breaking News

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ကို အကျဥ်းထောင်မှ အကျယ်ချုပ်အဖြစ် ရွှေ့ပြောင်းတဲ့ သတင်းနဲ့ တနှစ်တာ ရဲ့ ဖြတ်သန်းမှုများ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁၆ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၄

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ကို အကျဥ်းထောင်မှ အကျယ်ချုပ်အဖြစ် ရွှေ့ပြောင်းတဲ့ သတင်းနဲ့ တနှစ်တာရဲ့ ဖြတ်သန်းမှုများ 

သင်္ကြန် အခါတွင်းရဲ့ နှစ်ဆန်း၁ရက်မတိုင်ခင်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးဝင်းမြင့် တို့ကို နေပြည်တော် အချုပ်ထောင်နဲ့ တောင်ငူထောင်တို့ကနေပြီး နေရာ ဖေါ်ပြခြင်း မပြုတဲ့အကျယ်ချုပ် နေရာတခုကို ရွှေ့ပြောင်းခဲ့တဲ့ သတင်းထွက်ပေါ်လာပါတယ်။ ဒီသတင်းကို စစ်ကောင်စီဘက်က အများသိစေချင်တာကြောင့် သတင်းမီဒီယာတွေကို ၄င်းတို့ဘက်ကပဲ စတင်အသိပေးတယ်လို့ မှန်းဆရပါတယ်။ ဒီလိုသတင်းမျိုးတွေနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားချင်တဲ့အခါမျိုးမှာ သီတင်းပတ် သို့မဟုတ် လနဲ့ချီ သိရှိဖို့ မလွယ်ကူတာကြောင့် အခု သတင်းထွက်ပေါ်လာခြင်းက စစ်ကောင်စီအနေနဲ့ အများသိစေချင်လို့ အသိပေးခဲ့တဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ 

ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ဗီအိုအေ၊ ဘီဘီစီတို့ကို ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ရယ်လို့မှ မဟုတ်ပဲ အသက်ကြီးတဲ့ အကျဥ်းသား၊ ကျန်းမာရေး မကောင်းတဲ့ အကျဥ်းသားတွေကို အပူဒဏ်မှ သက်သာစေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးနေကြောင်း ပြောဆိုသွားခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို နေရာရွှေ့ပြောင်းခြင်း အပေါ် ၄င်းတို့အနေနဲ့ ဒီလုပ်ဆောင်မှုအတွက် အရေးတယူပြုတယ် ဆိုတဲ့ သဘောမျိုး ထင်မြင်ချက်ကို လျော့ပါးအောင် ရည်ရွယ်ပြောဆိုတဲ့ သဘောလို့ ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။ အမှန်တကယ်မှာတော့ စစ်ကောင်စီလက်အောက်က ပြည်ထဲရေး အနေနဲ့ ဆေးကုသခွင့် တောင်းခံတဲ့ အမှန်တကယ်လည်း အရေးတကြီးလိုအပ်တဲ့ နိုင်ငံရေး အကျဥ်းသားတွေကို အကျဥ်းထောင် ပြင်ပက ဆေးရုံတွေမှာ လိုအပ်တဲ့ ကုသခွင့်တွေကို ငြင်းပယ်ခဲ့တာကြောင့် ခုနှစ်ပိုင်းတွေအတွင်း နိုင်ငံရေးအကျဥ်းသား ၇ ဦးခန့် အသက်ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံရေး အကျဥ်းသား အခွင့်အရေးအဖွဲ့တချို့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေ ဖြစ်ရပ်တွေကို နှိုင်းယှဥ်ကြည့်ရင် စစ်ကောင်စီဘက်က ပေးတဲ့ အကြောင်းပြချက်က မခိုင်လုံတာ လက်တွေ့အဖြစ်အပျက်နဲ့ ကိုက်ညီမှုမရှိတာ တွေ့နိုင်ပါတယ်။ အဲဒီလိုဆိုခဲ့ရင် ဘယ်လို အကြောင်းကြောင့် NLD ခေါင်းဆောင် ၂ ဦးကို အကျဥ်းထောင်ကနေ သီးခြားချုပ်နှောင်ရာ နေရာကို ရွှေ့ပြောင်းသလဲ ဆိုတဲ့ မေးခွန်းရှိမှာဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ စစ်ရေး အကြပ်အတည်း၊ နိုင်ငံရေး အကြပ်အတည်း၊ သံတမန်ရေး အကြပ်အတည်းတွေကနေ နိုင်ငံရေးအရ အဖြေရှာဖို့၊ ဆွေးနွေးညှိနှိုင်းဖို့ ဆန္ဒရှိကြောင်း ပြသဖို့ ပထမဆုံး လက္ခဏာပြသတာမျိုး ဖြစ်နိုင် မဖြစ်နိုင် ဆန်းစစ်ကြည့်ဖို့ ရှိသလို၊ နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်း အင်အားကြီးနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုကြောင့် အခုလို လုပ်ဆောင်တာလား ဆိုတဲ့ ယူဆချက်လည်း ရှိကောင်း ရှိနိုင်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရဲ့ အထွေထွေ အကြပ်အတည်း ပြဿနာကို သက်ဆိုင်တဲ့ လူထုရဲ့ ကိုယ်စားပြုမှု အများစုရရှိထားတဲ့ NLD လို အဖွဲ့အစည်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ စစ်ကောင်စီ အနေနဲ့ ရွေးချယ်ခြင်း မပြုခဲ့ဘဲ၊ NLD ပါတီနဲ့ထိပ်ပိုင်းခေါင်းဆောင် တွေအပေါ်မှာ ရာဇဝတ်မှုတွေနဲ့ အပြစ်ဒဏ်ပေးဖို့ အပြစ်ရှိကြောင်း သက်သေပြဖို့ တစိုက်မတ်မတ် ကြိုးစားခဲ့တာသာ တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ၃ နှစ်လုံးလုံး စစ်ကောင်စီအနေနဲ့ အဲလို ရပ်တည်ချက်ကို ကိုင်စွဲခဲ့ပြီး အခုလတ်တလော လပိုင်းတွေမှာ ကြုံလာရတဲ့ နယ်မြေ ဆုံးရှုံးမှုတွေ၊ ၄င်းတို့ရဲ့ လက်နက်ကိုင် တပ်တွေ လက်နက်ချတာတွေကြောင့် နိုင်ငံရေးနည်းအရ အဖြေရှာဖို့ သဘောထား ရပ်တည်ချက် ပြောင်းလဲလာသလား၊ သို့မဟုတ် ပရိယာယ်အရ လုပ်ဆောင်လာတာလား ဆိုတာ ရှင်းရှင်းလင်းလင်း ကောက်ချက် ချဖို့ မလွယ်ကူသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ နောက်ဖြစ်နိုင်ခြေတချက်က နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ နိုင်ငံရေး၊ သံတမန်ရေး ဖိအားကို လျော့ပါးစေဖို့ လုပ်ဆောင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေး ရည်မှန်းချက်ထားရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ နည်းလမ်းကို ဘယ်အချိန်ဘယ်ကာလမှာမှ ပယ်ချထားခြင်း မရှိဖို့ နဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်ရှိဖို့၊ ရည်မှန်းချက်ကို မထိခိုက်စေတဲ့ တွေ့ဆုံမှု ဆွေးနွေးမှုနဲ့ ရသင့်ရထိုက်တဲ့ သဘောတူညီမှုတွေကို ရခဲ့ရင် နောက်ထပ်ဖြစ်ပွားမယ့် စစ်ပွဲတွေကို ရှောင်လွှဲနိုင်ဖို့ ဆိုတဲ့ ရပ်တည်ချက်မျိုး ထားရှိဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ယဥ်ကျေးမှု ရိုးရာသင်္ကြန်အချိန်အခါ၊ မြန်မာပြက္ခဒိန်နဲ့ ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း မကောင်းတဲ့ အညစ်အကြေးတွေကို သင်္ကြန်ကာလမှာ ဆေးကြောပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ဖြတ်သန်းကြမယ့် သဘောလည်း ဖြစ်ပါတယ်။ မနက်ဖြန် ကျရောက်မယ့် နှစ်ဆန်းတရက်နေ့မှာ နှစ်သစ်ကို ကောင်းမွန်တဲ့ စိတ်နေသဘောထား၊ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေနဲ့ စတင်ဖြတ်သန်းကြဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကုန်လွန်ခဲ့တဲ့ ၁နှစ်တာ အတွင်းဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုခဲ့ရင် စစ်ပွဲတွေ၊ အသက်သေဆုံးရတာတွေ၊ နေအိမ်၊ လုပ်ငန်း အသက်မွေးဝမ်းကျောင်း တွေပျက်စီးဆုံးရှုံးရတာတွေ၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေ၊ မိမိတို့ ချစ်ခင်မြတ်နိုးသူတွေကို ဆုံးရှုံးလိုက်ရတာတွေ နဲ့ လူသားအချင်းချင်း နိုင့်ထက်စီးနင်းပြုတာ၊ သတ်ဖြတ်တာ နှိပ်စက်တာတွေ လည်း  ဖြစ်ပွားခဲ့ရတဲ့ နှစ်တနှစ်လို့ မှတ်ချက်ချနိုင်ပါတယ်။ 

ဧပြီလဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ ပြည်သူ့ညီလာခံကနေ NUCC, NUG, CRPH နဲ့ မဟာမိတ်အင်အားစုတွေ၏ ၃ နှစ်တာ ကာလ ဖြတ်သန်းမှုအပေါ် သုံးသပ်ဝေဖန်ချက်တွေ ထုတ်ပြန်ချက်တွေနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြတာကိုလည်း မှတ်တမ်းတင်ထားရမှာ ဖြစ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ပြည်သူ့ညီလာခံ ဒုတိယအကြိမ်ကနေ တရားဝင် အတွင်းဝေဖန်ရေး လုပ်ကိုင်ကြတယ်လို့ ဆိုနိုင်ပါတယ်။ မိတ်ဖက်ပဋိပက္ခကို လူတွေ မြင်တွေ့ကြရပါတယ်။ သို့သော် - တော်လှန်ရေး၏ တပ်ဦးကနေ ဦးဆောင်နေတဲ့ အင်အားစုတွေဖြစ်တဲ့ NUCC, CRPH နဲ့ NUG တို့၏ အခန်းကဏ္ဍက ဆက်လက်တည်ရှိနေဦးမယ် ဆိုတာကတော့ ငြင်းမရတဲ့အချက်ပါပဲ။ သင်ခန်းစာဘယ်လောက်ယူပြီး ဘယ်လောက် ပြုပြင်နိုင်မလဲ ဘယ်လောက် အရှိန်ပြောင်းနိုင်မလဲဆိုတာ ဆက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အရှေ့မြောက်ဘက် ဖြစ်တဲ့ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေ၊ မြို့ရွာပျက်စီးဆုံးရှုံးမှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရဲ့ စစ်ရေးအရ တိုက်ခိုက် အောင်မြင်မှုတွေ ရှိခဲ့တဲ့ နှစ်တနှစ်လို့ ဆိုနိုင်ပါတယ်။ တဖက်မှာလည်း နယ်မြေသိမ်း တိုက်ပွဲတွေ ပိုမိုများပြားလာတာနဲ့ အမျှ စစ်ဘေးရှောင်အရေအတွက် ပိုပြီးမြင့်တက်လာသလို အရပ်သား ထိခိုက်သေဆုံးမှုတွေ လည်း ပိုမိုများပြားလာပြီး ကမ္ဘာ့နိုင်ငံအချို့ကတော့ မြန်မာနိုင်ငံအခြေအနေဟာ ဘက်ပေါင်းစုံပါဝင် တိုက်ခိုက်ကြတဲ့ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်အဆင့်ကိုရောက်ရှိလာနေတယ်လို့ ကောက်ချက်ချ ပြောဆိုကြတာလည်း ဖြစ်ပါတယ်။ လောလောဆယ် အခြေအနေမှာတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ မုံရွာ၊ တောင်ကြီး၊ မော်လမြိုင်လို မြို့တွေမှာ နေထိုင်သူတွေ အနေနဲ့ ပြည်တွင်းစစ်မီးက အဆိုပါမြို့တွေမှာ ဖြစ်ပွားတဲ့ အခြေအနေမရှိသေးပဲ ပြည်တွင်းစစ်မီးရဲ့ အပူ၊ သက်ရောက်မှုကို ခံစားနေရတဲ့ အနေအထားမျိုးသာ ဖြစ်နေသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar