Breaking News

မောင်ရစ် - အားလုံးသဘောတူတဲ့ ပုံမှန်အသစ် လိုပါတယ် ...



မောင်ရစ် - အားလုံးသဘောတူတဲ့ ပုံမှန်အသစ် လိုပါတယ် ...

(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၀

ကိုဗစ်၁၉ကတော့ တကယ်ကို ကမ္ဘာကြီးတုန်သွားတယ်။ အခုထိလည်း တုန်လှုပ်နေရတုန်းပဲ။ ဦးဆောင်သူတွေ စီမံခန့်ခွဲသူတွေ တာဝန်ရှိသူတွေက new normal ဆိုတာကို တွေးနေ ‌ပြောနေ လုပ်ဆောင်နေရပြီ။ ခနလေး ထပ်စောင့်ပါ၊ မကြာခင် ရွှေဘကြီးပြန်နိုင်မှာပါဆိုပြီး အရင်အတိုင်း old normal ကို မျှော်သူတွေလည်း သဘောပေါက်သင့်နေပြီ။ နယူးနော်မယ်နဲ့ နေထိုင်တတ်အောင် ပြင်ဆင်ဖို့။

အခုအချိန်က old normal ကနေ new normal ကို အကူးအပြောင်းကာလဆိုတော့ ပဋိပက္ခတွေ အငြင်းပွားစရာတွေ တင်းကြမ်းပဲ။ သဘောမတူနိုင်သေးတဲ့ဟာတွေ အများကြီးပဲ။ consensus မဖြစ်နိုင်သေးဘူး။ အားလုံး တညီတညွတ်တည်း ကိုယ်ရောစိတ်ပါ သဘောတူချက် ခုထိ မရနိုင်သေးဘူး လို့ ဆိုလိုတယ်။

ဥပမာ - နှာခေါင်းစီး အားလုံး အပြင်ထွက်ရင် တပ်ကြစို့။ လက်ဆေးရင်လည်း ဆေး၊ လက်အိတ်စွပ်ချင်လည်း စွပ်ထားကြ။ တစိမ်းတွေနဲ့ ၆ပေခွာ ဝေးဝေးနေကြ။ ဒီ ၃ ချက်ကို အားလုံးက တညီတည်း သဘောတူနိုင်ကြပြီလား။ ဒီ consensus တကမ္ဘာလုံး သဘောတူကြရင် ရှေ့ခရီးဆက်လို့ရပါပြီ။ ကိုဗစ်၁၉ကပ်ထဲကနေ ရုန်းထွက် တိုက်ထွက်ကြဖို့ ခြေလှမ်း စနိုင်ပါပြီ။

အခုဟာက ဖြေဆေးပေါ်မလား၊ ကာကွယ်ဆေးထွက်မလား၊ လေကပဲ ကူးသလား၊ ရေထဲကပဲ ဖြစ်သလား၊ ဟိုလိုလိုလား ဒီလိုလိုလားတွေကြားမှာ ပြည်သူတွေ ကမ္ဘာသူ ကမ္ဘာသားတွေဟာ ငုတ်တုတ်ကြီး တွေဝေ ငေးမော မြောပါနေကြတယ်။ မျက်နှာဖုံးတပ်ဖို့မှာတောင် အကြီးအကျယ် သဘောကွဲနေတုန်း။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ပိုင်ပိုင်ချကြပါ။ မျက်နှာဖုံးတပ်ပြီး လက်ဆေးပြီး ၆ပေခွာပြီးသာ လူတောထဲ ရဲရဲတိုး၊ လူရာဝင်တဲ့သူဖြစ်ဖို့ သေချာတယ်။ ရောဂါဖြစ်ဖို့လည်း အခွင့်အလမ်းနည်းပါတယ်။

ဘာကြောင့်ပြောရသလဲ ဆိုတော့ ... ကမ္ဘာကြီးက အိမ်တွင်းပုန်းနေချိန်မှာ အခြေခံလုပ်သားတွေ အရေးပေါ်လုပ်သားတွေ ကျန်းမာရေးလုပ်သားတွေ သူတို့တွေဟာ အကာအကွယ်အားကိုးနဲ့ အလုပ်နေကြတာ မတ်လကနေ ဇွန်ကုန်သည်အထိ ၃ လ ကျော်ပြီ။ သူတို့တွေ အကုန်လုံး တဖြုတ်ဖြုတ်နဲ့ ရောဂါကူးပြီး သေကုန် နာကုန်ကြတယ်လို့ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ဘူး။ ကူးစက်ခံရသူတွေ သေဆုံးသူတွေတော့ ရှိတာပေါ့။ မရှိဘူးလို့ မငြင်းပါ။ နောက်ပြီးတော့ ဖွင့်ထားတဲ့ ကုန်စုံဆိုင်တွေမှာ စျေးသည်ကော စျေးဝယ်ပါ အကာအကွယ်နဲ့ ခွာခွာနေပြီး စျေးသွားနေကြတာပဲ။ စျေးဆိုင်တွေလည်း အဲသလောက် သတင်းဆိုးတွေ မဖြစ်ခဲ့ပါဘူး။ ကူးတာကတော့ ကူးနေတာပဲ၊ ကူးခံရတာက ခုနင်က ကုန်စုံဆိုင်၊ ဆေးရုံဆေးခန်းတွေကနေ တဆင့်ဖြစ်တာက အလွန်နည်းတယ်လို့ ကောက်ချက်ချပြတာပါ။ ဒါက ဘာပြနေသလဲဆိုရင် မျက်နှာဖုံး၊ လက်ဆေး၊ ခွာခွာနေ ... အလုပ်ဖြစ်တယ်၊ သက်သာတယ်။

ကူးကြ စက်ကြတာက လူတွေ အဖုံးအကာနဲ့ ခွာခွာမနေကြလို့ ဆိုတာ ထင်ရှားပါတယ်။ သတိပေါ့ရင်လည်း ဖြစ်နိုင်တယ်။ သည်တော့ သတိလက်မလွတ် မျက်နှာဖုံးမလွတ်ကြရင် ကူးစက်မှုကို အာခံသင့်သလောက် ခံနိုင်ပြီဆိုတာ ကောက်ချက်ပိုင်ပိုင်ချလို့ရတယ် လို့ ပြောချင်တာပါ။

အမေရိကားမှာ HIV pandemic 1981 မှာ ဖြစ်တယ်။ လိင်တူဆက်ဆံတာကနေ ကူးတာလို့တောင် မသိသေးခင် (လိင်တူ လိင်ကွဲ ဆက်ဆံသူ အားလုံးမှာ) ကူးစက်ကြတာ ဝက်ဝက်ကွဲ။ သွေးကနေ သုတ်ကနေ ကူးတယ်ဆိုတာကို သိဖို့ အတော် စောင့်ဆိုင်းကြရတယ်။ သည်ကြားထဲ အငြင်းအခုံ ပဋိပက္ခတွေ အများကြီး။ အမုန်းစစ်ပွဲတွေ အများကြီး။ နောက် ဆယ်စုနှစ်တွေ ဖြတ်ပြီးတော့မှ HIV ကို ထိန်းသိမ်းနိုင်တယ်။ အဲသည်တုန်းက old normal ကနေ အခု new normal က ဘာလဲ။ လိင်တူ လိင်ကွဲ ဆက်ဆံရင် အကာအကွယ်သုံးပါ၊ ဆေးစစ်ပါ။ မူးယစ်ဆေး ထိုးရင် တခါသုံးအပ် ဆောင်ပါ။ သည်လိုမဟုတ်လား။ အဲဒီ လိင်ကိစ္စမှာ consesus လည်း ရလိုက်ကြရော HIV AIDS ကပ်ကနေ ကျော်လွှားနိုင်ကြတယ်။ ဆေးပညာက နောက်နေလိုက်ပြီး ဆေးထုတ်လာတယ်။ အကာအကွယ်မလုပ်နိုင်သူတွေကို ပညာပေးတာ ကူညီတာတွေ လုပ်နိုင်သူတွေက ဆက်လုပ်နေကြရတာပဲ မဟုတ်လား။

အခုလည်း သည်ကိုဗစ်၁၉ဟာ လူတိုင်းကို ကွန်ဒုံဆောင်ကြဖို့ အဲလေ ယောင်လို့ မျက်နှာဖုံးတပ်ကြဖို့ အချက်ပေးသံတွေ ပေးနေပါပြီ။ 'မူးရင်မမောင်းတာ လူ့အသက်တွေ ကယ်ရာရောက်တယ်' လို့ သတိပေးဆိုင်းဘုတ်ထောင်ထားသလိုမျိုး 'မျက်နှာဖုံးတပ်ပြီး အသက်ကယ်ကြစို့' ဆိုတာ သဘောတူညီချက် ရသင့်ကြပြီ။ သဘောပေါက်သင့်ကြပါပြီ။

အလုပ်တွေ ပြန်ဖွင့်ချင်တယ်၊ ကျောင်းတွေ ပြန်ဖွင့်ချင်တယ်၊ စျေးဝယ် စျေးသွားချင်တယ်၊ ခရီးတွေ ပြန်ထွက်မယ်၊ အပမ်းဖြေမယ်၊ အပျော်ရှာကြမယ် ... ရပါတယ်။ ပုံမှန်အသစ်ကို ကျင့်သုံးကြပါ။ တဖြေးဖြေးချင်း အဆင်ပြေမှု အဆင့်တွေ တိုးတက်လာမယ် ဖြစ်ပါတယ်။

လူ ၁၂သန်းကျော် ကူးစက်ပြီးပြီ။ လူ ၅သိန်းခွဲ သေပြီးပြီ။ ဒါဟာ တကယ်ရောဂါကပ်ဆိုးကြီးပါ။ ကာကွယ်ဆေး ကုသဆေးလည်း မပေါ်သေးပါဘူး။ စာရင်းထဲမပေါက်ဘဲ ကူးတဲ့သူ သေတဲ့သူတွေဆိုတာ သည်ထက် ၂ဆ ရှိနိုင်ပါတယ်။ သည်ကပ်ကြီးထဲ ကူးခတ် ဖြတ်သန်းနိုင်ဖို့ အားလုံးသဘောတူညီချက် ရထားတဲ့ ပုံမှန်အသစ်နေနည်း ကာကွယ်နည်း လိုအပ်ပါတယ်။ အနည်းဆုံး မျက်နှာဖုံးတပ်၊ လက်ဆေး၊ ၆ပေ ခွာခွာနေကြဖို့။

ကျနော်ကတော့ နေ့စဉ် မျက်နှာဖုံးတပ်၊ လက်အိတ်စွပ်၊ ခပ်ခွာခွာ ၆ပေအဝေးနေပြီးတော့ လူတောထဲ တိုးနေတာပဲ။ လူရာဝင်ဖို့ လုပ်နေရတာပဲ။ ကိုယ့်နားက ပတ်ဝန်းကျင်ကလည်း မျက်နှာဖုံးတွေ လက်အိတ်တွေ ၆ပေခွာခွာနေတွေချည်းနဲ့ဆိုတော့ ကိုဗစ်လည်း ခုထိ အနီးမကပ်နိုင်သေးဘူးနဲ့ တူပါတယ်။

အားလုံးသဘောတူတဲ့ ပုံမှန်အသစ် လိုပါတယ်။ မယုံရင် စမ်းကြည့်ပါ။ ပြီးတော့ အခု test center တွေမှာ ဆေးစစ်ကြည့်ပါ။ သူများတွေ သည်လိုပဲ ဆေးစစ်ကြည့်နေကြတာ ခုထိတော့ မကူးကြသေးပါ။ ပုံမှန်အသစ်မှာ သတိလက်လွတ်မဖြစ်ဖို့လည်း လိုတာ မမေ့ပါနဲ့။ သည်လိုနဲ့ ရှေ့ကို တိုးဖို့ ရဲရင့်လို့ လာကြပါလိမ့်မယ်။