အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၅ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၅ )
(မိုးမခ) ဧပြီ ၇၊ ၂၀၂၄
6/4/24
Diary in the darkness
၄ ရက်နေ့က နေပြည်တော်ကို ကာမီကာဇေ ဒရုန်းနဲ့ အပစ်ခံရတယ်။ ပစ်မှတ်က နေပြည်တော် စစ်ရုံးချုပ် (ကကကြည်း)၊ အေလာ လေဆိပ်(နေပြည်တော်)နဲ့ မင်းအောင်လှိုင်အိမ် တို့ဖြစ်တယ်လို့ သိရတယ်။ ဒရုန်းပေါင်း ၃၀ လောက် နဲ့တိုက်တယ်လို့သိရတယ်။
ခရီးရှည်ပျံသန်းနိုင်တဲ့ အဆင့်မြင့်ဒရုန်းတွေ ဖြစ်ပုံရတယ်။ စစ်ကောင်စီရဲ့ ဒရုန်းကာကွယ်ရေး အစီ အမံတွေကို ကောင်းကောင်းထိုးဖောက်နိုင်တယ်လို့ သိရတယ်။ ဒီစစ်ဆင်ရေးကို လွန်ခဲ့တဲ့ ငါးလကတည်းက စတင် ပြင်ဆင်ထားတာလို့ သိရတယ်။ လူထုကြားထဲမှာတော့ အားရကျေနပ်သံတွေ ဆူညံသွားတယ်။ စစ်ကောင်စီလော်ဘီတွေ အသံတိတ်သွားတယ်။ ဇော်မဲလုံးကတော့ ဖြောင့်ကွယ် ကွယ်တဲ့တုံ့ပြန်မှုလုပ်တယ်။ ဒရုန်းလေးစင်းကို စစ်ကောင်စီကပစ်ချနိုင်တယ်လို့ ကြေညာရှာတယ်။
စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတဲ့ အုပ်ချုပ်ရေးမှုးတွေ အသတ်ခံရတဲ့ သတင်းတွေ အဆက်မပြတ် တက်နေတယ်။ တစ်တော့ပေါ်မှာ စစ်သားသစ်တွေကို ဘယ်လိုကောင်းကောင်းထားတယ်၊ ဘာတွေ ပေးတယ် ဆိုတဲ့ ပြကွက်တွေ စစ်ကောင်စီ လောဘီတွေက အဆက်မပြတ်တင်လာတာ တွေ့ရတယ်။
နေပြည်တော်ကို ဒရုန်းနဲ့ အပစ်ခံရတဲ့ သတင်းနဲ့ပတ်သက်တဲ့ မီမီဝင်းဘတ်ရဲ့ အင်တာဗျုးကို ဖတ်နေတုန်း ဖုန်းဝင်လာတယ်။ မြဝတီ သင်္ကန်းညီနောင်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းလိုက်ပြီတဲ့။ နောက်ဆက်တွဲ သတင်းက စစ်ကောင်စီဘက်က လူ လေးရာကျော် လက်နက်ချပြီတဲ့။ နောက်သတင်းတခုက လက်နက်ချသူ ခြောက်ရာကျော် ရှိတယ်တဲ့။ နောက်သတင်းတခုက လက် နက်ချသူတွေနဲ့ ညှိနှိုင်းနေတုန်းတဲ့။
သူငယ်ချင်းတွေဆီ သတင်းကောင်းလေး ဖုန်းဆက်ပြောတယ်။ သူတို့က နေ့လယ်ကတည်းက သိနေကြတယ်။ အတည်မပြုနိုင်သေးလို့ စောင့်နေတာတဲ့။ မီးဖိုချောင်ဝင်နေတဲ့ မိန်းမကို သတင်းထူးဆိုပြီး ဆရာကြီးဟန်နဲ့ သွားပြောတယ်။ သူလည်း လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက သိပြီးသားတဲ့။ FB နဲ့ ဆက်သွယ်ဖို့ တစ်နာရီလောက် ပျက်ကွက်တာနဲ့ တစ်နာရီလောက် ခေတ်နောက်ကျသွားပြီ။ သင်ခန်းစာပါပဲဗျာ။
အန်ကယ် တူမီး
6/4/24
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar