Breaking News

ဖိုးရွှေညီမှိုင်း - ၂၄ သင်္ကြန်သီချင်း

Image- Credit
၂၄ သင်္ကြန်သီချင်း
ဖိုးရွှေညီမှိုင်း
(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၄

သိကြား ကြွတာ မကြွတာထက်
တရား မျှတာ မမျှတာ ပိုအရေးကြီးသမို့
နဂိုသွေးနီးသူတွေ အဆိုးများဆုံးဖို့
တမျိုးသားလုံး တညီတညာ ချစ်ခြင်းအတွက်
ဒီမှာ စစ်ခင်းနေ။
မပျက်မပြေးရိုး
လက်ဆေးမိုးမှာ ပိတောက်များဝင်းသလို
အကြောက်တရားကင်း အတင်းဖွင့်
အမှောက်အမှားမကြွင်းဖို့
အလင်းပွင့်ဝေ။
ပြည်အရေးပေမို့
အညီမနှေးအတူ ဖေးကူကြ ရွေးယူမရ
ပေးလှူရ ဘဝ အသက် အဆွေ
မြရွက်တွေ ကဆုန်စိုင်းလာတဲ့
မုန်တိုင်းမှာ ပင်လုံးကြွေသလို
အဝေရဲ အကြွေရဲသူတွေ
အနေရဲ အသေရဲကြပုံ
နွေထဲက သစ္စာသွေး။
ခေတ်အမှန် အသစ်ဖန်ဖို့
အမြစ်လှန်ကာ အဆုံးအခြေတူးခဲ့
သုံးနွေဦးကျော် လေးနွေဆီအကူး
ဒီတန်ခူးအနှောင်းမှာ တချီတည်းရုန်းဖြတ်လို့
(ညီအကိုတို့ရေ ...)
ဒီပွဲအဆုံးသတ်စို့လေး။

(၂၀၂၄ ဧပြီ ၁၁)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar