Breaking News

ညိုထွန်းလူ- ပိတောက်တွေ ရွှေရည်လူးပြန်တော့ (FFဝတ္ထု)

ပိတောက်တွေ ရွှေရည်လူးပြန်တော့ (FFဝတ္ထု)
ညိုထွန်းလူ
(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၄

အယ်လ်နီညိုလာတော့မယ်လို့ ကြိုသတိပေးထားတဲ့သတင်းကိုလည်း ဖတ်လိုက်မိပါရဲ့။ ရှောင်လွှဲလို့ရမှာမဟုတ်တော့ ခံရုံပဲပေါ့လို့ တွေးလိုက်မိတယ်။ ဒါပေမယ့် တကယ်ကြုံလာတော့လည်း မသက်သာလှဘူး။ ပူလွန်းအိုက်လွန်းရတဲ့အထဲ လေမတိုက်။ လျှပ်စစ်မီးကလည်းမလာ။ မှောင်မိုက်ထဲမှာ ယပ်တဖျတ်ဖျတ်ခတ်ရင်း တစ်မှေးမှိတ်လိုက်ပေမယ့် တစ်ရေးတောင်မကောင်းကောင်းမရလိုက်။ အိပ်ရေးမဝတော့ နောက်တစ်နေ့မှာ နုံးချိသွားတယ်။  အသက်ကြီးလာမင့်ကိုး။ အရင်နဲ့မတူတော့ဘူးလေ။

သားသမီးတွေ အရွယ်ရောက်လာကြသလို ကျုပ်တို့လင်မယားလည်းအဘိုးကြီး အဘွားကြီးဖြစ်စပြုနေပါပြီ။ သမီးကြီးကဘဏ်ဝန်ထမ်း၊ သားကြီးက စက်မှုဇုံထဲက အလုပ်ရုံတစ်ခုမှာ။ သားငယ်ကတော့ မြို့ထဲမှာ ဖုန်းပြင်ဆိုင်ဖွင့်ထားတယ်။အငယ်ဆုံးသမီးကလေးက စတိုးဆိုင်တစ်ဆိုင်ကအရောင်းဝန်ထမ်းလုပ်နေတယ်။ 

အမျိုးသမီးက နင်တို့အဖေ အသက်ကြီးလာလို့ ဟိုစိတ်တို၊ ဒီစိတ်တိုနဲ့ရယ်၊ အရင်လိုမဟုတ်တော့ဘူးလို့ ကလေးတွေကို တိုးတိုးတိတ်တိတ် ပြောထားတယ်။ အမှန်တော့ စိတ်တိုတာမဟုတ်၊စိတ်ရှုပ်နေတာပါ။ နေ့စဉ်နေ့တိုင်း ဘာကိုအလိုမကျဖြစ်နေမှန်းလည်းမသိ။ အဲတော့ ထစ်ခနဲဆို ဒေါသထွက်ချင်လာတော့တာပေါ့။ 

ဒီလိုနဲ့ကလေးတွေက ကျုပ်အနားကို သိပ်မကပ်ကြတော့ဘဲ သူတို့အမေနဲ့ပဲအလွမ်းသင့်နေကြတယ်။ လွန်ခဲ့တဲ့လေးလလောက်တုန်းက သားကြီးက အလုပ်အကိုင်အဆင်မပြေတော့လို့ဆိုပြီး ကျုပ်ကိုအသိမပေးဘဲ ထိုင်းကိုထွက်သွားတယ်။ အဖေ့ကိုပြောရင် ခွင့်မပြုမှာစိုးလို့တဲ့။ ကျုပ်ဒေါကန်သွားတယ်။ သားဆိုတာဖခင်တွေအတွက် တစ်ချိန်မှာ အားကိုးဂုဏ်ယူရမှာ မဟုတ်လား။ နို့ပေမယ့်ခေတ်ကာလအခြေအနေအရ  ကျုပ်စိတ်တပူပူ ဖြစ်နေရတာကို ဘယ်သူမှမသိကြဘူး။ 
တကယ်ဆို ကျုပ်ကိုမတိုင်ပင်သင့်ဘူးလား။ ခက်တာက ကလေးတွေကလည်းသူတို့အမေမှ သူတို့အမေရယ်။ 

အငယ်ကောင်၊ အိမ်ပြန်မအိပ်တာကြာပြီ။ မေးရင်လည်း ပြောချင်မှပြောတယ်။ သားကြီးကိစ္စ အခံကလေးနဲ့ ဒေါသမပြေသေးခင် အငယ်ကလည်း ကလန်တန်တန်လုပ်နေလို့သည်းညည်းခံနိုင်စွမ်းကုန်သွားပြီး ရိုက်မိတော့မလိုအထိဖြစ်သွားတယ်။ အဲဒီနေ့တုန်းက တစ်ရပ်ကွက်လုံး ဆူညံပွက်လောရိုက်သွားတာကော။ နဘေးအိမ်တွေက ဝိုင်းဝန်းဆွဲကြ၊ ကာကွယ်ပေးကြ။ စာရင်းချုပ်လိုက်တော့ ဦးမြင့်ဝင်းက ကိုယ့်သားသမီးအပေါ် အိမ်ပေါ်က နှင်ချလောက်တဲ့အထိ ရက်စက်တာကိုးလို့ အပြောခံလိုက်ရရော။ 
အမှန်တော့ သားအငယ်ကောင်ကို အိမ်ပေါ်က နှင်လည်းမချပါဘူး။ သူတို့အမေက ကျုပ်ဒေါသမပြေမချင်း အိမ်ပြန်မလာဖို့ပြောလိုက်လို့ ကလေးက အိမ်ပြန်မလာတော့တာပါ။ ဒီလိုနဲ့ မယ်မင်းကြီးမရဲ့စနက်ကြောင့်ပတ်ဝန်း ကျင်ရဲ့အမြင်မှာ ကျုပ်မှာဖြင့် လူဆိုးကြီးကိုဖြစ်လို့။ အဲဒီကတည်းက သား သမီးတွေရဲ့ကိစ္စမှန်သမျှ ဘာသိဘာသာပဲနေလိုက်တော့တယ်။ သူတို့အမေရဲ့ဇာတ်ညွှန်းထဲမှာရှိနေကြတာပဲလေ။ ကျုပ်က ဘာပြောစရာလိုတော့မှာတုန်း။
                          - - - -
အိမ်မှာ သမီးနှစ်ယောက်က အလုပ်သွား၊ အမျိုးသမီးကလည်းဈေးသွားလို့ တစ်ယောက်တည်း ကျန်ရစ်တဲ့ကျုပ်က အိမ်စောင့်ပေါ့။ ရပ်ကွက်ရုံးက အိမ်ထောင်စုဇယားမိတ္တူလာတောင်းလို့ပေးလိုက်ရတယ်။ ဒါနဲ့မပြီးသေးဘူး၊ ဆက်သွယ်ဖို့ဖုန်းနံပတ်တောင်းပြန်လို့ အမျိုးသမီးရဲ့ဖုန်းနံပတ်ကို ပေးလိုက်တယ်။ သူမှပြောတတ်ဆိုတတ်တာ။ အရေးအကြောင်းဆိုရင် ဒေါသထွက်တဲ့ကျုပ်နဲ့ အဆင်ပြေမှာမဟုတ်ဘူး။ အခုလည်း ဘာကိစ္စနဲ့ တယ်လီဖုန်းနံပတ်တောင်းတယ်မသိ။ နေပူရတဲ့အထဲ ကျုပ်ကစိတ်တိုချင်ချင်ရယ်။

အိမ်ရှေ့က သုံးဘီးဆိုင်ကယ်အသံကြားလိုက်ရလို့လှမ်းကြည့်လိုက်တော့ ဈေးကပြန်လာတဲ့အမျိုးသမီးကိုတွေ့လိုက်ရလို့ ကပျာကရာထွက်ကြိုလိုက်ရတယ်။ဈေးထဲက ဝယ်လာတဲ့ပစ္စည်းတွေက နည်းတာမှမဟုတ်ဘူး။ ကုန်ဈေးနှုန်းတွေတက်နေပြီး သင်္ကြန်ရက်လည်းနီးလာလို့ စားသောက်စရာတွေ ကြိုပြီးဝယ်လာသလားမှတ်တယ်။ မဟုတ်ဘူး။ ထိုင်းမှာရောက်နေတဲ့ သားကြီးအတွက် စားစရာတွေကို ချက်ပြုတ်ကြော်လှော်ပြီး သန် ဘက်ခါ ဘန်ကောက်သွားမယ့် လူကြုံနဲ့ထည့်ပေးလိုက်ရမှာမို့တဲ့။ ရယ်ဒီမိတ်စားစရာအထုပ်တွေကလည်း မနည်းမနော။

"စားစရာတွေကမများလွန်းဘူးလား။"

ကျုပ်ကမေးလိုက်တော့ သူက နှစ်ယောက်စာအတွက်ဆိုတော့ နည်းနည်းတော့များတာပေါ့တဲ့။ ကျုပ်လည်းရုတ်တရက် ကြောင်သွားပြီးမှ ဖျတ်ခနဲသတိရသွားရင်း ဪ အေး အေးလို့ပဲဆိုလိုက်မိတယ်။ ပိတောက်တွေရွှေရည်လူးမယ့်သင်္ကြန်ရောက်ချိန်နီးလာလို့လားထင်ရဲ့။ ကျုပ်မျက်လုံးထဲ
မှာ အလွမ်းစိတ်နဲ့သားနှစ်ယောက်ကို မြင်ယောင်သွားတယ်။ သင်္ကြန်ဆိုတာ လူငယ်တွေအတွက် ဘဝမှာ မေ့မရတဲ့ ပျော်စရာအမှတ်တရတွေပဲကိုး။ ကလေးတွေလည်းသင်္ကြန်ကိုလွမ်းနေကြမှာပါ။ အင်း,လွမ်းစရာမို့ လွမ်းကြရပေမယ့် ဒီလောက်တောင်နေရာအနှံ့ လောင်မီးကျမတတ် ပူပြင်းနေမှတော့ သင်္ကြန်ရေတွေ ရွှံရွှဲစိုပါဦးမလားလို့ တွေးရင်းသက်ပြင်းချလိုက်မိရဲ့။ 
ဒီနေ့လည်း ၄၂ ဒီဂရီထက်လျော့မယ့် ပုံမပေါ်ဘူး။  ပူလိုက်ပါဘိသနဲ့။

ညိုထွန်းလူ
** စာရေးသူ၏ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ 
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar