Breaking News

ကျော်ဟုန်း - သင်္ကန္တ

Art by Than Htay Maung

သင်္ကန္တ
ကျော်ဟုန်း
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၄

ဟိုး ကဘေကမ္ဘာတည်းက
ဒို့ရိုးရာအမွေအနှစ်
ကူးပြောင်းခြင်းတဲ့။

မေတ္တာတွေနဲ့အေး
ရေနဲ့လောင်း ပြောင်းတယ်။

အညစ်အကြေးတွေကိုဆေး
ရေနဲ့လောင်း ပြောင်းတယ်။

အေးဖို့နဲ့ ဆေးဖို့ဟာ
ရှေးမြန်မာများရဲ့
ကူးပြောင်းခြင်း အနှစ်ပဲ။

ဒို့နွေဦးမှာ
သပြေခက်နဲ့ ရေမပက်ရတော့
ပိုက် ပြွတ်နဲ့ ရေမပက်ရတော့
ဒရုန်းပဒေသာနဲ့ ပက်တယ်ကွာ
စစ်မိစ္ဆာတို့ နားလည်မယ့်
ဘာသာစကားနဲ့ ပက်တယ်
ကူးပြောင်းချင်ကြပြီလေ။

ပက်တယ် ပက်တယ်
ကျည်မီးပန်းနဲ့ ပက်တယ်
ဒုံးသီးတောင့်နဲ့ ပက်တယ်
စစ်မိစ္ဆာတို့ နားလည်မယ့်
ဘာသာစကားနဲ့ ပက်တယ်
ကူးပြောင်းချင်ကြပြီလေ။

ထိုင်းတွေရဲ့ ၂၁ ရက်
ကျယ်ပြန့်လာတဲ့ သင်္ကြန်
ခမ်းနားချဲ့ထွင်ခြင်းတွေကို
သင်္ကြန်မူလပိုင်ရှင် မြန်မာတွေ
ငေးမော အတွေးစောကြရုံ။

တရုတ်ယူနန်တကြောက
မောရှမ်း၊ တိုင်ရှမ်းတွေရဲ့
မြူးကြွ စုပြုံပျော် သင်္ကြန်ကို
သင်္ကြန်မူလပိုင်ရှင် မြန်မာတွေ
ငေးမော အတွေးဆော့ကြရုံ။

ဒို့လူငယ်တွေက
မေတ္တာရေအေးအစား
စစ်မိစ္ဆာကို အတာစားဖို့
ဒရုန်းပဒေသာ ပက်နေရ
ကူးပြောင်းချင်ကြပြီလေ။

တခြားသင်္ကြန်တွေလည်း အားကျ
ခဏတော့ အောင့်ထား၊ တောင့်ထား
အချစ်အား ကြီးလွန်လွန်းလို့
ပြောင်းချင် ကူးချင်လွန်လွန်းလို့
စစ်မိစ္ဆာတို့ နားလည်မယ့်
ဘာသာစကားနဲ့ ပက်တယ်
ကူးပြောင်းချင်ကြပြီလေ။

ဒီနှစ်မှာလည်း
ငုနဲ့ပိတောက်ကို အားနာပါရဲ့
အမေ့ခေါင်းမှာ ပန်းတွေ ပြန်ဝေဖို့
ပျိုလေးခေါင်းမှာ ပန်းတွေပြန်ဝေဖို့
ဒီနွေဦးသင်္ကန္တကို
စစ်မိစ္ဆာတို့ နားလည်မယ့်
ဘာသာစကားနဲ့ ပြန်ပက်ရင်း
ကဲ ...
ကူပြောင်းရစေမယ် စနစ်သစ်။

၂၄၄၁၂
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar