Breaking News

ကချင်ပြည်နယ်ဝိုင်းမော်က တပ်ရင်း ၃၂၁ ကို KIA သိမ်းယူ၊ မွန်ကရင်နဲ့တနင်္သာရီ ကုန်းလမ်းက ဆက်သွယ်ထားတဲ့ တံတားချိုးခံရ

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၃ မြင်ကွင်း
(မိုးမခ) မေ ၂၄၊ ၂၀၂၄

ကချင်ပြည်နယ်ဝိုင်းမော်က တပ်ရင်း ၃၂၁ ကို KIA သိမ်းယူ၊ မွန်ကရင်နဲ့တနင်္သာရီ ကုန်းလမ်းက ဆက်သွယ်ထားတဲ့ တံတားချိုးခံရ

ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့နဲ့ မဝေးလှတဲ့ ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်လို့ ခေါ်ဆိုတဲ့ ခြေမြန်တပ်ရင်း ၃၂၁ ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခုရက်ပိုင်းတွင်း သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေတွေမှာ မြောက်ပိုင်းညီနောင် လက်နက် ကိုင် ၃ဖွဲ့ရဲ့ စစ်ဆင်ရေးတွေ ဇန်နဝါရီလမှာ အပစ်ရပ်သဘောတူခဲ့ကြပြီး မကြာခင်မှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ရှမ်းမြောက်က နမ့်ဖတ်ကာ ဒေသတွေမှာ စတင်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက် မြစ်ကြီးနား-ဗန်းမော်ကားလမ်း တလျှောက်၊ ဝိုင်းမော်မြို့အနီးက ရွှေညောင်ပင်၊ နောက်မှာ လိုင်ဇာသွားတဲ့လမ်းက စစ်စခန်းတွေ၊ ဗျူဟာစခန်းတွေကို KIA က တခုပြီးတခု သိမ်းယူနိုင်ခဲ့ပြီး မြို့ကြီးတွေ ဖြစ်တဲ့ မြစ်ကြီးနား၊ ဗန်းမော် နဲ့ အခြားမြို့တွေကိုတော့ တိုက်ခိုက်သိမ်းယူခြင်း မရှိသေးတာ တွေ့ရမှာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နဲ့ တဖက်ကမ်းမှာရှိပြီး အကွာအဝေးအားဖြင့် သိပ်မဝေးတဲ့ ဝိုင်းမော်မြို့စောင့်တပ်ရင်းကို သိမ်း ယူလိုက်ခြင်းဟာ မြစ်ကြီးနားကို တိုက်ခိုက်တော့မှာလား ဆိုတဲ့ မှန်းဆချက်တွေလည်း ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ အခွန်အကောက်အများဆုံး ရနိုင်တဲ့ ကျောက်စိမ်းသယံဇာတ ထွက်ရှိတဲ့ ဖားကန့်ဒေသ၊ မြေရှား ထွက်ရှိရာ ကချင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို KIA အနေနဲ့ ထိန်းချုပ်နိုင်ဖို့ ဗျူဟာ ချမှတ်လုပ်ဆောင်လိမ့်မှာ သံသယဖြစ်စရာ မရှိပါဘူး။ တိုင်းစစ်ဌာနချုပ် ရှိတဲ့ ပြည်နယ်မြို့တော် မြစ်ကြီးနားကို ဘယ်အချိန်ကာလ၊ ဘယ်လို အခြေအနေမျိုးမှာ သိမ်းယူဖို့ ကြိုးစားမလဲဆိုတာတော့ တိတိပပ မှန်းဆဖို့ ခက်ခဲနေတဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီအနေနဲ့လည်း ပြည်နယ်မြို့တော်တွေ လက်လွှတ်ဆုံးရှုံးမသွားအောင် အပြင်းအထန် ခုခံကာကွယ်မယ့် သဘောမျိုးလည်း ရှိကောင်း ရှိနိုင်ပါတယ်။

ကရင်နီပြည်နယ်မှာ လွိုင်ကော်မြို့ကို ၅လ ကျော် ၆ နီးပါး မကျအောင် ဖြစ်တဲ့နည်းနဲ့ ထိန်းထားတာကိုလည်း သာဓကအဖြစ် တွေ့မြင်နိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာလည်း စစ်တွေမြို့ကို AA ဘက်ကလည်း တိတိပပ မတိုက်ခိုက်သေးတာ တွေ့ရပါတယ်။ တဖက်မှာတော့ မြစ်ကြီးနား မြို့လို စစ်တွေ၊ လွိုင်ကော်တို့လိုမြို့တွေကို သိမ်းယူနိုင်ခဲ့ရင် ဂုဏ်သိက္ခာအရ ကြီးမားတဲ့ အောင်မြင်မှုဆိုနိုင်ပေမယ့် မြို့သိမ်းတိုက်ပွဲတွေမှာ မြို့တွေ ပျက်စီး ဆုံးရှုံးရတဲ့အချက်က လူအများ ထောက်ခံမှုဆုံးရှုံးနိုင်တဲ့ အချက်လည်း ရှိနေတာဖြစ်ပါတယ်။ လွိုင်ကော်မြို့လို လူနေအိမ်တွေ မီးလောင်ပျက်စီးတာ၊ လက်နက်ကြီး ထိမှန်တာ၊ နေအိမ်က ပစ္စည်းတွေ ခိုးယူခံရပြီး ဆုံးရှုံးမှုတွေကြောင့် မြို့ခံလူထု အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို ထောက်ခံအားပေးမှု မရှိတဲ့ အနေအထားတွေလည်းတွေ့ မြင်နေရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာလည်း မြို့တော် ဖြစ်တဲ့ စစ်တွေမြို့ကို AA အဖွဲ့က အခုချိန်ထိ တိုက်ခိုက်ဖို့ ရည်ရွယ်ပြင်ဆင်တာ မတွေ့ရသေးပဲ၊ ရခိုင်ပြည်နယ် တောင်ပိုင်းက သံတွဲမြို့အနီးက ကျေးရွာတွေကို တိုက်ခိုက်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာလည်း အခြားသော ဒေသတွေမြို့တွေကို အမှည့်ခြွေ ခြွေပြီးမှ မြို့တော်မြို့ ဖြစ်တဲ့ မြစ်ကြီးနားကို တိုက်ခိုက်ဖို့ KIA အနေနဲ့ ရည်ရွယ်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီနေ့အဖို့အခြားသတင်းတပုဒ်ကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ကို ပဲခူးတိုင်း ရန်ကုန် တိုင်းတို့နဲ့ မြေပြင်မှာဆက်သွယ်ထားတဲ့ အဓိက ရန်ကုန် ပဲခူး ကျိုက်ထို ဘီးလင်း သထုံ လမ်းပိုင်းမှာရှိတဲ့ ကျိုက်ကော်အနီးက တံတားတစင်းကို KNU ပူးပေါင်းအဖွဲ့က မိုင်းထောင်ပြီးဖျက်ဆီးခဲ့တဲ့ သတင်းဖြစ်ပါတယ်။ KNU လက်နက်ကိုင် အဖွဲ့ဘက်က တရားဝင် ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးသော်လည်း မကြာသေးခင် သီတင်းပတ်တွေက ရွှေရောင်ပြ ကျေးရွာအနီးက ကျုံအိတ်တံတားကို KNU ဘက်က ဖောက်ခွဲခဲ့ပြီး ရန်ကုန်-မော်လမြိုင်- သထုံ လမ်းကိုသွားလာတဲ့ ကားတွေအနေနဲ့ ကျုံအိတ်တံတားကို ရှောင်ကွင်းဖို့ရာ ကျေးရွာတွေထဲက ကွေ့ပတ်သွားရတာ၊ မကြာခင်ရက်ပိုင်းအတွင်းကတော့ တံတားဘေးကနေ မြေဖို့ပြီး ကားတွေ ဖြတ် သန်းစေတဲ့နည်းလမ်းနဲ့လုပ်ဆောင်နေစဥ်အတွင်းမှာပဲ အခုအခါ ဒုတိယမြောက်တံတားတခုကို ထပ်မံဖောက်ခွဲ ခဲ့တာဖြစ်ပါတယ်။ ခုနောက်ဆုံးဖောက်ခွဲခံရတဲ့တံတားပျက်စီးမှုက ကျုံအိတ်တံတားထက်ပိုမို ကြီးမားပုံရပြီး ယာယီတံတားထိုးဖို့ ခက်ခဲကောင်း ခက်ခဲနိုင်တဲ့အနေအထားလည်း ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်လည်း ယခုကုန်းလမ်းကြောင်းကိုအသုံးပြုနေတာဖြစ်လို့ အခု “မစော ”တံတားကျိုးပျက်ခြင်းဟာ နယ်စပ်ကုန်သွယ်ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အိမ်စီးကားတွေအနေနဲ့ ကျေးရွာထဲက ရှောင်ကွင်းလမ်းတွေကနေသွားလာလို့ ရကောင်းရပေမယ့် ကုန်တင်ကားကြီးတွေအတွက် အခက်အခဲတွေ ရှိနေနိုင်တာလည်း ဖြစ်ပါတယ်။

ကရင်ပြည်နယ် တပ်မဟာ ၆ ဧရိယာထဲမှာဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက် ပွဲတွေက ဧပြီလမတိုင်ခင်ကတည်းက အခုအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ၊ မြဝတီမြို့ကို စစ်ကောင်စီ အနေနဲ့ ပြည့်ပြည့်ဝဝပြန်ထိန်းချုပ်နိုင်ဖို့ရည်ရွယ်ချက်ရှိနေမှာ သံသယဝင်စရာမလိုပါဘူး။ KNU အနေနဲ့ ကရင် ပြည်နယ်နဲ့ ရန်ကုန်၊ နေပြည်တော်တို့ကို ဆက်သွယ်ထားတဲ့ကုန်းလမ်းခရီးကို ခက်ခဲအောင် အချိန်ကြန့်ကြာအောင်ကြိုးပမ်းတာ ဖြစ်ကောင်းဖြစ်ပေမယ့် တံတားပျက်စီးမှုက အဆိုပါ ကရင်၊ မွန်နဲ့ တနင်္သာရီဒေသက လူထုတွေအဖို့ကုန်ပစ္စည်းတွေ စျေးကြီးမြင့်စွာနဲ့ ဝယ်ယူသုံးစွဲရမယ့်သဘောနဲ့ ခရီးသွားလာရာမှာ ကုန်ကျ စရိတ်တွေပိုမို မြင့်တက်လာတဲ့အကျိုးဆက်တွေကို ခံစားကြရမယ့်အနေအထားလည်း ဖြစ်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar