စစ်ပွဲတွေ၊ ရိက္ခာပြတ်လပ်နိုင်ခြေနဲ့ ရှင်သန်ကျန်ရစ်ဖို့ အခွင့်အလမ်း
မြန်မာနွေဦး ခရိုနီကယ် - မေ ၂၁ မြင်ကွင်း
(မိုးမခ) မေ ၂၂၊ ၂၀၂၄
စစ်ပွဲတွေ၊ ရိက္ခာပြတ်လပ်နိုင်ခြေနဲ့ ရှင်သန်ကျန်ရစ်ဖို့ အခွင့်အလမ်း
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်က စလို့ ငြိမ်းချမ်းစွာဆန္ဒပြတာတွေ လအနည်းငယ်ကြာ ဖြစ် ပွားခဲ့ပြီး အဲဒီနောက်မှာတော့ လက်နက်ကိုင်ပြီး အာဏာသိမ်းစစ်တပ်ကို ပြန်လည်တိုက်ထုတ်ဖို့ နည်းလမ်းကို ရွေးချယ်ခဲ့ကြကာ နဂိုရှိနှင့်ပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသစ်ပေါ်ထွက်လာမယ့် လက်နက်ကိုင်အဖွဲ့တွေကို အကူအညီပေးခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုယ်၌က အင်အားအများအပြား တိုးချဲ့နိုင်ခဲ့သလို နယ်မြေလည်း ထပ်မံသိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့ အနေနဲ့ အင်အားအကြီးမားဆုံးအဖွဲ့ဖြစ်လို့ ၄င်းကို ဘယ်လက်နက်ကိုင်အဖွဲ့ကမှ ပခုံးချင်းယှဥ် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလို့ ယေဘုယျအားဖြင့် မှတ်ယူထားခဲ့တာ ဖြစ်ပြီး ၁ ဒါဇင်ကျော် ၂ ဒါဇင်နီးပါးရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား စုစည်းညီညွတ်တဲ့ မဟာမိတ်တပ်ပေါင်းစု တခု ဖြစ်မလာနိုင်ဘူးလို့ အာဏာသိမ်းစစ်တပ်က မှတ်ယူထားတာကြောင့်လည်း အာဏာသိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သို့ပေမဲ့ ဗမာလူမျိုးတွေ နေထိုင်တဲ့ ဒေသတွေက လက်နက်ကိုင် အဖွဲ့အသစ်တွေ ပေါ်ထွက်လာနိုင်တဲ့ ဖြစ်နိုင်ခြေကို အာဏာသိမ်း စစ်တပ် မျှော်လင့်မထားခဲ့တာလည်း ဖြစ်ပါတယ်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့လို ဒေသတွေမှာ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့တွေ၊ မြို့တွေပေါ်မှာ မြို့ပြပြောက်ကျားလို့ ခေါ်တဲ့အလစ်အငိုက် ပစ်ခတ်မှု၊ ဖောက်ခွဲမှုတွေကို မျှော်လင့်မထားခဲ့တာကြောင့် အာဏာသိမ်းပြီး ၂ နှစ်ခန့်အကြာမှာတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့ပေါင်း ရာနဲ့ချီ ပေါ်ထွက်လာခဲ့တာ ဖြစ်ပြီး စတင်ခါစလို လုပ်သေနတ်၊ အမဲလိုက် တူမီးသေနတ်တွေ မဟုတ်တော့ပဲ မောင်းပြန်ရိုင်ဖယ်၊ ပခုံးထမ်း လောင်ချာတွေ၊ စိန်ပြောင်းတွေအထိ ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအဖြစ် ရောက်ရှိနေပြီဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ် အနေနဲ့လည်း ၂ နှစ်ကျော်ကြာကာလအတွင်း တိုက်ပွဲတွေမှာ အင်အား ပြုန်း တီးတာ၊ ထွက်ပြေးကာ တဖက်ကို ခိုလှုံသွားသူတွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာနေပြီး စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေဘက်မှာတော့ လူအင်အားစုဆောင်းဖို့က အခက် အခဲမရှိတဲ့ အနေအထား ဖြစ်လာနေတဲ့ သဘောလည်း တွေ့နေရပါတယ်။
အခုချိန်မှာ လက်နက်ကိုင်ဆောင်ကာ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချမယ့်အနေအထားက ဖြစ်နိုင်ခြေ မရှိဘူးဆိုတဲ့ အနေအထား မဟုတ်တော့တဲ့ အချက်ကို အများက သဘောတူနိုင်ကြပါလိမ့်မယ်။ သို့သော်လည်း စစ်ကောင်စီကိုတိုက်ခိုက်ဖယ်ရှားနေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသီး သီးမှာလည်း သီးခြားရည်မှန်းချက်တွေ ရှိနေတာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီ အားလုံးက ဦးတည်တာ ဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မယ်။
အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုထက် ကွန်ဖက်ဒရေးရှင်းလို ဖွဲ့စည်းမှုမျိုး အနေအထားကို ရည်မှန်းထားကြတာလည်း တွေ့ရမှာပါ။ အတင်းအကြပ် စုစည်းထားပြီး အေးအတူပူအမျှ နေထိုင်ကြတာမျိုး မဖြစ်ခဲ့တဲ့ အတိတ်က နာကျည်းစရာ သမိုင်းကြောင်းတွေကလည်း အခုလို ကွန်ဖက်ဒရေးရှင်းပုံစံဖွဲ့စည်းမှုမျိုးဆီ ဦးတည်စေတာ ဖြစ်ပါတယ်။
ယခုလက်ရှိအနေအထား ဦးတည်ရာက စစ်ရေးနဲ့ နိုင်ငံရေးရှုထောင့်က မျှော်မှန်းကြည့်တဲ့ ဦးတည် ရာ လမ်းကြောင်း ဖြစ်ပါတယ်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးက ရည်မှန်းချက်ပန်းတိုင်ဖြစ်သလို အချို့က ကွန်ဖက်ဒရေးရှင်းပုံစံဖြစ်တာကြောင့် ဒီ ၂ မျိုးကို ဘယ်လိုပေါင်းစပ်အောင်မြင်အောင် စုစည်းတည်ထောင်ကြမလဲ၊ မျှော်မှန်းချက် ဦးတည်ရာ လမ်းကြောင်းကို ချောချောမောမော လျှောက်လှမ်းနိုင်ကြမလားဆိုတာကတော့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ အမျှော်အမြင်နဲ့ ရင့်ကျက်မှု အပေါ်မှာ မူတည်လိမ့်မယ်လို့ ယူဆရပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးအရ ဘယ်လောက်ရင့်ကျက်မှုရှိသလဲ၊ ဘယ် လောက်ထိပူးပေါင်းဆောင်ရွက်မှုနဲ့ စည်းလုံးမှုရဲ့ အကျိုးရလဒ်ကိုနားလည်သလဲ ဆိုတဲ့အချက် အပေါ်မှာလည်း မူတည်ပါလိမ့်မယ်။ အတိတ်ကာလတလျှောက်လုံး အတင်းအကြပ် စုစည်းမှုရဲ့ ခါးသည်းတဲ့ အတွေ့အကြုံတွေကြောင့် သီးခြားစီနေကြဖို့ကို အားသန်ကောင်း အားသန်နေကြတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ အတွေ့အကြုံတွေရဲ့ အကျိုးဆက်အဖြစ် ကာလတခုထိ မိမိတို့ဘာသာ မိမိတို့ရပ်တည် လျှောက်လှမ်းကြမယ့် လမ်းကြောင်းမျိုးနဲ့ သွားကောင်း သွားကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အရှေ့တောင်အာရှရဲ့ အချက်အချာကျတဲ့ ပထဝီအနေအထားမှာ ရှိတဲ့၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ အကြားမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ အနေအထားက မိမိတို့ဘာသာ မိမိတို့ရပ်တည် လျှောက်လှမ်းကြတယ်ဆိုတာမျိုးထက် အိမ်နီးချင်းနိုင်ငံတွေရဲ့ သက်ရောက်မှုအတိုင်းအတာတခုထိ လွှမ်းမိုးမှုတွေက ရှိနေလိမ့်မယ် ဆိုတာသံသယ ဖြစ်စရာမလိုပါဘူး။ စီးပွားရေးအရ မဟာအင်အားကြီး နိုင်ငံတနိုင်ငံအဆင့်ကိုရောက်ရှိလာတဲ့ တရုတ်နိုင်ငံလိုမျိုးက ၄င်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒေသတွေမှာ ပြိုင်ဖက်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နီးစပ်တဲ့ အုပ်ချုပ်သူအဖွဲ့အစည်းမျိုးကိုလိုလားမှာ မဟုတ်ပါဘူး။
ဒီလိုပထဝီနိုင်ငံရေးအနေအထားမှာ ရှိတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ သီးခြားချည်းဖြစ်ပေါ်နေတာမျိုးမဟုတ်ပဲ ပြင်ပရဲ့ သက်ရောက်မှုတွေ အတိုင်းအတာတခုထိ လွှမ်းမိုးမှုတွေရှိနေမယ်ဆိုတာကို နားလည်သဘောပေါက်ထားပြီး အမြော်အမြင်ရှိစွာနဲ့လုပ်ကိုင်ကြရမယ့်အနေအထားမျိုး ဖြစ်ပြီး အဖွဲ့အစည်းတိုင်းက ပြည်သူလူထုရဲ့ မျက်နှာကိုမူပြီး ဆုံးဖြတ်ကြဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
#MoeMaKaMedia
#WhatsHappeningInMyanmar