Breaking News

မာတီနာ - မိုးမကျမီ

Art by Than Htay Maung

မိုးမကျမီ
မာတီနာ
( မိုးမခ) မေ ၂၂၊ ၂၀၂၄

ဒီကနေ့ အိမ်ပြောင်းဖို့ စီစဉ်ထားကာမှပဲမိုးကတစိမ့်စိမ့်ရွာနေတယ်။ မိုးသာရွာနေတာ၊ အပူကမလျော့။ တကယ့်မိုးတွင်းမရောက်သေးတာမို့ ရန်ကုန်ဟာလိမ့်နေအောင် ပူတယ်။ မိုးကျရင်တော့ စိုစွတ်စွတ်ဖြစ်တာကလွဲလို့ နေလို့ကောင်းတယ်။ 
အိပ်ရာ၊ ခြင်ထောင်၊ အိုးခွက်ပါမကျန် အပြီးသတ်သိမ်းဆည်းရတာမို့ ဒေါ်ခင်ခင်အေးတကိုယ်လုံးချွေးတွေရွှဲနေတယ်။ အတူနေသမီးအပျိုမမှာလဲ ချွေးတလုံးလုံး။ ဘာတဲ့ ၊ စကင်းကဲရောင်းတဲ့ မိန်းကလေးတွေပြောပြောနေကြတဲ့ ဂလိုးတယ်ဆိုတာ၊ ဒေါ်ခင်ခင်အေးတို့ သားအမိမှာတော့ မျက် နှာတွေဂလိုးရုံမကဘူး။ တကိုယ်လုံးကိုဝင်းပြောင်နေတာ။ အသားအရေစိုပြေနေလိုက်ပုံများ။ 
ဒေါ်ခင်ခင်အေးက မုဆိုးမတယောက်ပါ။ ခင်ပွန်းသည် ကွယ်လွန်တာရှစ်နှစ်လောက် ရှိသွားပြီ။ ဒီတိုက်ခန်းလေးကခင်ပွန်းသည် မကွယ်လွန်ခင်လေးမှာဝယ်ခဲ့တာ။ကြာပြီဆိုပေမဲ့ ခင်ပွန်းသည်ရဲ့ အရိပ်အငွေ့ကိုခံစားနေရတုန်း။ မရောင်းချင်ဘူး။ 

ဒေါ်ခင်ခင်အေးတို့မှာသမီးနှစ်ယောက် သားတယောက် ရှိတယ်။ မိသားစုငါးယောက် ဒီလိုပဲရန်ဖြစ်လိုက် ပြန်ချစ်လိုက်ကြနဲ့ပေါ့။ ခင်ပွန်းသည်ကကားပွဲစား၊ ဒေါ်ခင်ခင်အေးကတော့ အိမ်အလုပ်တဖက်နဲ့ အပျိုတုန်းက တည်းကလုပ်လက်စစိန်ပွဲစားအလုပ်ကလေးဆက်လုပ်တယ်။ ကြီးကြီး ကျယ်ကျယ်မဟုတ်ပါဘူး။ အသေးအမွှားလေးတွေပါ။ သူများတကာလိုရုန်းကန်ရတာပါပဲ။ ရုန်းကန်ရတဲ့ အချိန်မှာရန်ဖြစ်ကြတာလဲဆန်းမှမဆန်းပဲ။ သမီးနှစ်ယောက် ဆယ်တန်းအောင်ပြီး သည်အထိ အိမ်ငှားသံသရာမှာလည်ခဲ့ရတာ။ နေလက်စအိမ် ဆက်ငှားမရလို့ အိမ်ပြောင်းရဖို့ ကြုံလာရင် ပဲဖြစ်ဖြစ်၊ အိမ်ငှားခပေးဖို့ ငွေမလုံလောက်ရင်ပဲဖြစ်ဖြစ် လင်မယားနှစ်ယောက် ရန်ဖြစ်ပြီလေ။ ဒေါ်ခင်ခင်အေးတို့ အော်ကြီးဟစ်ကျယ်ရန်ဖြစ်ကြပြီဆိုရင် အိမ်ငှားစာချုပ် ရက်စေ့ပြန်ပဟဲ့လို့ တလမ်းလုံးကသဘောပေါက်ကြတဲ့ အထိပဲ။ ဒါကြောင့်လဲဒေါ်ခင်ခင်အေးတို့ ရဲ့ ပထမဆုံးအိပ်မက်ဟာအိမ်ပိုင်ကလေးနဲ့ နေဖို့ပေါ့။ 

သားဆယ်တန်းရောက်တဲ့နှစ်မှာဒီအခန်းလေးဝယ်နိုင်ခဲ့တယ်။ အခန်းဝယ်ပြီးမကြာခင်ပဲ ခင်ပွန်းသည်ဆုံးရှာတယ်။ လမ်းထဲကလူတွေကတော့ ဒေါ်ခင်ခင်အေးဟာ ဒီအခန်းဝယ်ဖို့ ခင်ပွန်းသည် သေသည်အထိ ညှစ်ထုတ်တာလို့ အမနာပပြောကြရဲ့။ အတူတူရုန်းခဲ့ရတာပါလေ။ ဘယ်လိုပဲဖြစ် ဖြစ် မုဆိုးမဒေါ်ခင်ခင်အေးနဲ့ သမီးအပျို၊ သားလူပျိုတို့ ဣန္ဒြေရရနေထိုင်ခဲ့ရတဲ့ အခန်းလေး။ ကိုယ်ပိုင်အခန်းလေးနဲ့ တည်ငြိမ်ပြီဟဲ့ ဆိုပြီးသည်လိပ်စာနဲ့ အိမ်ထောင်စုစာရင်းတွေဘာတွေလုပ်ထားတာလေ။ကိုယ့်အိမ်လိပ်စာနဲ့ ထွက်လာတဲ့ ကိုယ့် အိမ်ထောင်စုစာရင်းလေးကိုတစိမ့်စိမ့်ကြည့်ပြီးကြည်နူးခဲ့ရတာခုထိမမေ့သေးဘူး။ အမှတ်တရဆိုပြီးလင်မယားနှစ်ယောက်သားတိုက်ရှေ့မှာပိတောက်ပင်လေးတပင်စိုက်ခဲ့ကြသေးတယ်။ ရှစ်နှစ်ကျော်ဆိုတော့လည်းပိတောက်ပင်ဟာတော် တော်ကြီးအရိပ်ရနေပြီ။ 

သားကဆယ်တန်းမအောင်ဘူး။ သုံးနှစ်ဆက်တိုက်ဖြေပြီးကိုဗစ်ကာလရောက်လာတော့ ထပ်မဖြေတော့ဘူး။ လမ်းထဲမှာလပ်လျားလပ်လျားလုပ်နေတော့ အပေါင်းအသင်းမှားမှာ ဒေါ်ခင်ခင်အေးစိုး ရိမ်တယ်။ သားတယောက်ကိုဘယ်လိုနိုင်အောင် ထိန်းရပါ့မလဲ။ လွတ်မြောက်နယ်မြေသွားပါမယ် လုပ်လာလို့ မနည်းချော့မော့ထားရတယ်။ ဒါကြောင့် မလေးရှားကိုအလုပ်နဲ့သွားဖို့ စီမံတယ်။ သူတို့အရွယ်တွေကအန္တရာယ်များတယ်မဟုတ်လား။ မလေးရှားသွားပြီးအလုပ်လုပ်နေတယ်ဆိုရင် ဒီမှာယောင်တောင်တောင် လုပ်နေတာထက်တော့ အများကြီးပိုကောင်းတာပဲ။ 

ဒီလိုနဲ့ ၂၀၂၁ ခုနှစ်ကုန်ပိုင်းလောက်မှာသားကမလေးရှားကိုထွက်သွားတယ်။ အပိတ်အပင် အတား အဆီးတွေရှိမလာခင် ပို့လိုက်နိုင်လို့ တော်သေးတာပဲ။ နောက်၊ သမီးအကြီးမအိမ်ထောင်ကျပြီးအိမ်ခွဲသွားတယ်။ သားပို့တဲ့ ငွေလေးနဲ့၊ ကုမ္ပဏီဝန်ထမ်းသမီးရဲ့ ဝင်ငွေနဲ့ ဆိုတော့ချောင်ချောင်လည်လည်ရှိပါတယ်။ ဒေါ်ခင်ခင်အေးရဲ့ စိန်ပွဲစားအလုပ်ကတော့ ကြိုကြားကြိုကြားပေါ့။ သည်အခန်းမှာဒေါ်ခင်ခင်အေးနဲ့ သမီးတယောက်၊ နှစ်ယောက်ထဲနေတာ။ အင်း။ ဒီနေ့ဟာနောက်ဆုံးပဲ။ ပြီးခဲ့တဲ့ လကပဲအခန်းကိုရောင်းပစ်လိုက်ပြီ။ မှတ်မှတ်ရရ၊ အရောင်းအဝယ်စာချုပ်ချုပ်ပြီးအပြီးသတ်ငွေ ချေတဲ့နေ့က ပိတောက်တွေပွင့်နေတာ မွှေးအီနေတာပဲ။ ဒီမိုးနဲ့ဆို နောက်နေ့ကျရင်လဲ ပွင့်လိမ့်ဦးမယ်။ ဒါပေမဲ့ အိမ်က ဒီနေ့အပြီးဖယ်ပေးရတော့မယ်။ 

နှစ်လပိုင်းတုန်းကဒေါ်ခင်ခင်အေးတို့ကိုလမ်းလူကြီးက အစည်းအဝေးခေါ်တယ်။ အိမ်ထောင်စုစာရင်းစာရွက်လဲတပါတည်းယူခဲ့ပါတဲ့။ အိမ်တိုင်းကိုခေါ်တယ်ထင်နေတာမဟုတ်ဘူးပဲ။ ဒေါ်ခင်ခင်အေးအပါအဝင်မှ လေးငါးဦးထဲရယ်။ အိမ်ထောင်စုစာရင်းနဲ့ နေတဲ့ သူတွေကိုပဲခေါ်တာ။ လမ်းလူ ကြီးက သဘောကောင်းပါတယ်။ ဒေါ်ခင်ခင်အေးတို့နဲ့လဲ သိပါတယ်။ ဒီလမ်းထဲမှာနေလာတာနှစ်နှစ်ဆယ်ကျော်ပြီကို။ ဒီဘက်နှစ်တွေမှ ဝဝဖြိုးဖြိုးစိုစိုပြေပြေနဲ့ ခန့်ခန့်ညားညားကြီးဖြစ်လာတာ။ ဘာအတွက် ခေါ်တာလဲဆိုတော့ အခုအတည်ပြုလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့်ပါတဲ့လေ။ 

ဒီလိုလေ။ ရန်ကုန်မှာကများသောအားဖြင့် အိမ်ထောင်စုစာရင်းမရှိကြဘူး။ အထူးသဖြင့် အိမ်ငှားနဲ့ နေရသူတွေပေါ့။ သူတို့ကဧည့်စာရင်းတိုင်ရတယ်။ တချို့လဲအခန်းပိုင်တွေပါ။ အိမ်ထောင်စုစာရင်းလုပ်ရတာဇယားရှုပ်တာမို့ မလုပ်တော့ပဲနေကြတာ။ စကစကထုတ်ထားတဲ့ ဥပဒေအရကိုယ်နေ ထိုင်တဲ့ အိမ်လိပ်စာနဲ့ အိမ်ထောင်စုစာရင်းမရှိရင် ဧည့်စာရင်းလုပ်ထားရတယ်။ ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှာတလတကြိမ် ဧည့်စာရင်းသက်တမ်းတိုးရတယ်။ အိမ်ထောင်စုစာရင်းရှိသူတွေကတော့ ဧည့်စာရင်းတိုင်စရာမလိုဘူး။ ဒါကြောင့်ပဲသီးခြားခေါ်ပြီးစာရင်းကောက်တာနေမှာလို့ ထင်လိုက်သေးတယ်။ 

ဒေါ်ခင်ခင်အေးလည်းသားကိုမလေးရှားပို့ထားမိလို့ တော်ပါသေးရဲ့လို့ သက်ပြင်းချမိတယ်။ ဒါပေမဲ့ အိမ်မှာကျန်နေသေးတဲ့ သမီးကအသက်မလွတ်တလွတ်၊ နှစ်ဆယ့်ခုနှစ်နှစ်ပြည့်ခါနီးဖြစ်နေတာကြောင့် စိတ်ပူရပြန်တယ်။ နောက်နှစ်ဆိုရင်တော့ လွတ်ပြီလေ။ မိန်းကလေးတွေမခေါ်သေးဘူးဆိုတော့ လွတ်ကောင်းပါရဲ့။ 

ဒေါ်ခင်ခင်အေးသက်ပြင်းချလို့ မဆုံးသေးဘူး။ သတင်းစကားရောက်လာတယ်။ စစ်မှုထမ်းဖို့ လမ်းထဲကသုံးယောက် မဲပေါက်တာ၊ ဒေါ်ခင်ခင်အေးရဲ့ သားလဲပါသတဲ့လေ။ အိမ်မှာသားမရှိဘူးဆိုတာလဲ တလမ်းလုံးအသိ။ နောက်ထပ်ကလေးနှစ်ယောက်ကရော ဘယ်သူတွေပါလိမ့်။ လမ်းဟိုဘက်ထိပ်က သင်္ဘောသားအိမ်ကကောင်လေးရယ်၊ ဟိုဘက် ငါးလွှာကဘွားအေနဲ့ နှစ်ယောက်ထဲနေတဲ့ ကောင်ကလေးတဲ့။ သင်္ဘောသားရဲ့ သားကအမေရိကားကိုသွားလိုက်တာတနှစ်ကျော်ပြီပဲကို။ ဟိုကောင်ကလေးကတော့သူမရှိရင် သူ့အဖွားကိုဘယ်သူကကြည့်မှာလဲ။ ဘယ်လိုတွေလုပ်နေပါလိမ့်။ 

ဒေါ်ခင်ခင်အေးတယောက် လမ်းလူကြီးဆီပြေးရပြန်တယ်။ ကျမသားမရှိမှန်းသိသားနဲ့ ဘယ်လိုဖြစ်ရတာတုန်းဆိုတော့ မဲနှိုက်တာတဲ့။ မဲကလမ်းလူကြီးတွေသူတို့ ဘာသာနှိုက်တာ။ လမ်းထဲမှာအိမ်ထောင်စုစာရင်းနဲ့နေတဲ့သူက လေးငါးဦးပဲ ရှိတာ။  ဒီထဲကမဲနှိုက်မှတော့ ပေါက်ပြီပေါ့။ အခုစာရင်းပါသူတွေကသင်္ကြန်ပြီးရင် ခေါ်မှာတဲ့လေ။ ဧည့်စာရင်းနဲ့ နေတဲ့သူတွေကိုတော့ ဘာလို့ မခေါ်တာလဲလို့ မေးတော့ သူတို့လိပ်စာတွေကအမျိုးမျိုးပြောင်းနေတာမို့တဲ့။ အခုစာရင်းပါပြီးတကယ်ခေါ်တဲ့ အချိန်ကျ ရှိချင်မှ ရှိတော့မှာမို့ လို့ ပြောတယ်။ ဒေါ်ခင်ခင်အေးတင်းပြီလေ။ 

အင်းပေါ့၊။ ဧည့်စာရင်းတိုင်နေရသူတွေကတလတကြိမ်သက်တမ်းတိုးတိုင်းငါးထောင်မျိုး ၊ တသောင်းမျိုးလက်ဖက်ရည်ဖိုး ကွမ်းဖိုး ပေးတာကိုး။ တိုက်တလုံးမှာအိမ်ထောင်စုပျမ်းမျှဆယ့်ငါးစုလောက်၊ တလမ်းမှာတိုက်ပေါင်း နှစ်ဆယ် အစိတ်ဆိုတော့  ဆိုတော့ တလကို ဧည့်စာရင်းကတင် မရဘူးဆို ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ်နဲ့ အထက်ပဲ။ ပြီးတော့ အိမ်ငှားနဲ့နေသူတွေကစာချုပ်တခါ ချုပ်တိုင်းရပ်ကွက်လူကြီးလမ်းလူကြီးတွေကို ပူဇော်ပသရသေးတာ။ ဒေါ်ခင်ခင်အေးတို့လိုအိမ် ထောင်စုစာရင်းနဲ့နေသူတွေကတော့ ဘာဘာညာညာထောက်ခံချက်ကလေးလိုတာမျိုးကလွဲလို့ ဘာမှ လာစရာမရှိဘူးကိုး။ 

အခုသားကအိမ်မှာမှမရှိပဲ။ ရှိလဲစစ်မှုထမ်းဖို့တော့ ယောင်လို့တောင်မစဉ်းစားပါဘူး။ ဘာပဲဖြစ်ဖြစ် နီးရာဓားကြောက်ရလေတော့ ဒေါ်ခင်ခင်အေးမျက်နှာကိုအတတ်နိုင်ဆုံးချိုပြီး ဘယ်လိုလုပ်ရမလဲလို့ မေးရတယ်။ သူကမျက်နှာထားခပ်ပြုံးပြုံးနဲ့ လေသံအေးအေးနဲ့ ပြောတယ်။ ခင်ဗျားသားမရှိမှန်းသိပါတယ်တဲ့။ အေးအေးဆေးဆေးနေပါတဲ့။ ကျွန်တော် အကြောင်းကြားပါ့မယ်တဲ့လေ။ 
လမ်းလူကြီးဆီကအကြောင်းမကြားခင် ဒေါ်ခင်ခင်အေးမှာ ဒေါ်ခင်ခင်ပူ ဖြစ်နေပြီ။ အခုစာရင်းပါတဲ့သူကိုတကယ်ခေါ်တဲ့အခါ ရှိမနေရင် အရေးယူမှာတဲ့။ ထောင်သုံးနှစ်ဆိုလား။ မရှိ၊ ရှိတဲ့သူကိုဆွဲခေါ်သွားတယ်ဆိုတာတွေလဲကြားရတော့ စိတ်မသက်သာဘူး။ ဒေါ်ခင်ခင်အေးမှာခေါင်းပူလွန်းလို့ အိပ်မပျော်ဘူး။ သားကလည်းစိတ်ပူပြီး အမေတို့ အဲဒီမှာမနေကြနဲ့တော့လို့ လှမ်းပြောတယ်။ ဒီမှာမနေလို့ ဘယ်မှာနေရမှာလဲ။ ဘယ်နေရာကလွတ်လို့လဲ။ 

ဒင်းလုပ်လိုက်မှ တနိုင်ငံလုံးသောကမရောက်၊ စိတ်မဆင်းရဲရတဲ့ အိမ်ရယ်လို့ တအိမ်မှ ကျန်မယ်မထင်ဘူး။ လွတ်ရာလွတ်ကြောင်းထွက်သွားကြတဲ့ လူငယ်တွေဆိုတာနည်းမှမနည်းတာ။  သမီးရောသွားမလားမေးတော့ အမေ့ကိုဘယ်လိုထားခဲ့ရမလဲတဲ့။ ညည်းအမနဲ့ နေမှာပေါ့အေဆိုတော့ အင်း၊ မဖြစ်ရင်တော့ ထွက်မယ်အမေ၊ အခုတော့နေဦးမယ် လို့ဖြေရှာတယ်။ မျက်နှာလည်းမကောင်းဘူး။ ထမင်းတောင် သိပ်မစားနိုင်ဘူး။ တပတ်လောက် ကျိတ်ပြီးငိုနေခဲ့ရတယ်။ 

နောက်တပတ်မှာတော့ လမ်းလူကြီးကခေါ်ပြန်တယ်။  ဘာမှစိတ်မပူဖို့ ထပ်ပြောတယ်။ ဒီလမ်းထဲကလူတွေကိုမလုပ်ပါဘူးဗျာတဲ့။ ကွင်းထဲကလူတွေနဲ့ အစားထိုးလိုက်ပြီတဲ့လေ။ ပိုက်ဆံပေးရမှာများလားလို့ တွေးထင်လိုက်မိပေမဲ့ တပြားမှ မတောင်းဘူး။ သူတို့ဘာသာသူတို့ လမ်းကြောင်းရှိတယ် ထင်ပါရဲ့။ ကွင်းထဲကဘယ်သူတွေပါသွားလဲဒေါ်ခင်ခင်အေးမမေးတော့ဘူး။ အိမ်ထောင်စုစာရင်းစာရွက်ထည့်ထားတဲ့ ဖိုင်ကလေးကိုကျစ်ကျစ်ပါအောင် ဆုတ်ပြီးအိမ်ပြန်လာခဲ့တယ်။ အပြန်လမ်းမှာပဲဆုံးဖြတ်ချက်တခုချဖြစ်ခဲ့တယ်။

ဒီလိုနဲ့ အခန်းကိုရောင်းဖြစ်သွားတယ်။ ရတဲ့ငွေနဲ့သမိုင်းဘက်မှာအခန်းတခန်းဝယ်ပြီးလူငှားတင်ထားလိုက်တယ်။ ဒီလမ်းထဲမှာတော့ မနေတော့ဘူး။ ဟိုဘက်ရပ်ကွက်မှာဒေါ်ခင်ခင်အေးတို့ သား အမိနေဖို့ အခန်းလေးတခန်းငှားလိုက်တယ်။ ဧည့်စာရင်းတိုင်ပြီးနေတော့မယ်။ ခြောက်လတခါလောက် လိပ်စာပြောင်းချင်လဲပြောင်းမှာပေါ့။ သမီးစစ်မှုထမ်းရမဲ့ အသက်ကျော်သည်အထိ၊ နောက်အခြေအနေတွေပြောင်းလဲသွားသည်အထိအိမ်ငှားနဲ့ပဲနေတော့မယ်လေ။ 

ဘာပစ္စည်းမှမရှိတော့တဲ့အခန်းကို ဒေါ်ခင်ခင်အေးတံမြက်စည်းလှည်းလိုက်တယ်။ အမှိုက်သရိုက်တွေကိုအိတ်တလုံးနဲ့ ထည့်တယ်။ ရှင်းလင်းသွားတော့လဲ အခန်းကလေးဟာတော်တော်ကျယ်သားပဲ။ ခင်ပွန်းသည်ခေါင်းချသွားတဲ့ အခန်းလေးကိုငေးကြည့်ရင်း ဒေါ်ခင်ခင်အေးတယောက်  ခွင့် လွှတ်ပါ ယောက်ျားရယ် လို့ ရေရွတ်မိတယ်။ ပိတောက်ပင်ကလေးကိုနှုတ်ဆက်သလိုလှမ်းကြည့်တယ်။ ပိတောက်ဖူးလေးတွေကမိုးရေကြောင့် ငိုက်ကျနေတယ်။ 

မနက်ဖြန်ဆိုရင်တော့ တလမ်းလုံးမွှေးနေအောင် ပွင့်ကြပေဦးမယ်။ အိမ်ပြောင်းအိမ်ရွှေ့လုပ်ပေးတဲ့ ကားပေါ်မှာပစ္စည်းတွေမိုးရေမစိုအောင် သေသေချာချာဖုံးအုပ်ဖို့ စီမံနေတဲ့ သမီးကဆင်းမလာသေးတဲ့ အမေကိုလှမ်းကြည့်တယ်။ ဒေါ်ခင်ခင်အေးမျက်ရည်စတွေသိမ်းလိုက်တယ်။  “အောင်မလေး၊ မိုးရဲ့၊ ရွာမှာဖြင့် ရွာစမ်းပါဟဲ့။ မစို့မပို့နဲ့၊ ပိုပူရုံပဲဟဲ့” လို့ ပါးစပ်ကရေရွတ်ရင်း အမှိုက်အိပ်တဖက် တံမြက်စည်းတဖက်ဆွဲလို့ တိုက်ပေါ်က ဆင်းလာခဲ့လိုက်တော့တယ်။ 

မာတီနာ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar