ဆန်းကျော်စွာဝင်း - သို့...မမနုကြည်
အသက်ကိုထပ်ရဲမှ ဖြစ်မယ်
ဒီသံသရာအကွေ့ ထိပ်တိုက်တွေ့ဖို့
ဘာလို့ ဒီလောက်ကြာခဲ့တာလဲ
မမနုကြည်ရေ...
၃ နှစ်စာ အလွမ်းတွေပွေ့ပြီး
မမနုကြည် ရှိမယ်ထင်အပ်
အညာအရပ်ကို ခရီးထွက်ခဲ့တယ်။
(၁)
လမ်းခရီးအန္တရာယ်ကင်းဖို့ ဆုတောင်း
ကျန်းမာရေးကောင်းဖို့ ဆုတောင်း
မြန်မာဇာတ်ကား မပြဖို့ ဆုတောင်းရင်း
အညာသို့ မောင်းနှင်မည့်
Express ကားကြီးထွက်ပါပြီ
စောင်တစ်ထည်တည်း
ခေါင်းချင်းပူးနေတဲ့ အတွဲ
ဒီကမ္ဘာမှာ မုန့်ရယ်သူရယ်ပဲ ရှိသလိုမျိုး
တဂျွတ်ဂျွတ်နဲ့ မုန့်စားနေသူတစ်ဦး
ဟာသဗီဒီယိုတွေ
အသံအကျယ်ကြီးဖွင့် နားထောင်နေသူတစ်ဦး
တစ်ကားလုံး သူနဲ့မတူမတန်သလို
ချေမိုးနေတဲ့ ဗိုက်သားဖွေးဖွေး မိန်းကလေး
ရေမွှေးနံ့၊ ကာနေးရှင်းနံ့၊
ပေါင်ဒါနံ့၊ စိတ်ညှော်နံ့၊ ရောထွေးနေတဲ့
အီလည်လည်အနံ့ကြီး ကားနဲ့အပြည့်တင်ပြီး
Express ကားကြီးထွက်ပါပြီ
လမ်းတစ်လျှောက်မှာလည်း
စပယ်ရာနဲ့
လက်ဆွဲနှုတ်ဆက်ကြတဲ့ ဂိတ်တွေအများကြီးပဲ။
(၂)
TV မှာ
ဒုတိယကမ္ဘာစစ် ရုပ်ရှင်ပြနေတယ်
လေယာဉ်ပျံနဲ့ ဗုံးကြဲတဲ့အခန်းရောက်တော့
ခိုးခိုးခစ်ခစ်နဲ့ ခေါင်းချင်းပူးနေတဲ့အတွဲ ငြိမ်သွားတယ်
အငမ်းမရမုန့်ဝါးနေသူလည်း ရပ်သွားတယ်
တဝါးဝါး ငိုနေတဲ့ကလေးလည်း တိတ်သွားတယ်
ဟာသဗီဒီယို ကြည့်နေသူလည်း ငိုင်သွားတယ်
တို့များဟာ
ရုပ်ရှင်ထဲပဲ မြင်ဖူးတဲ့ဇာတ်ဝင်ခန်းများ
အတိအကျ မြင်ဖူးကြ
ရုပ်ရှင်ထဲက ရယ်သံများ
အတိအကျ ကြားဖူးကြ
ရုပ်ရှင်ထဲက ရက်စက်မှုများ
အတိအကျ ကြုံဖူးကြတဲ့ နိုင်ငံသားတွေ။
(၃)
မမနုကြည်ကို ရယ်စရာပြောရဦးမယ်
ကားဆရာဦးကြီးဟာ
ဒေါသအလွန်ကြီးပုံရတယ်
ကားကျော်လည်း ဆဲ
လမ်းကြောမှားလည်း ဆဲ
ဖြတ်ဝင်လည်း ဆဲ
ဂိတ်မြင်လည်း ဆဲ
"နှမစောင်း၊ မအေနံဘေး
မင်းကြီးတော် ငါ့မယား”
အညာသား ကားဆရာထင်ပါရဲ့
ဆဲပေမယ့် ယဥ်တယ်။
လမ်းဘေးမှာ
မီးကျွမ်းနေတဲ့ ပိုင်ရှင်မဲ့ ကားတစီးတွေ့မှ
မဆဲဘဲ ငြိမ်သွားတယ်။
လမ်းပေါ်မှာ
အသေမောင်းတဲ့ ကောင်ကမောင်း
ငွေတောင်းတဲ့ ကောင်ကတောင်း
ရိတ်သူမရှိတဲ့ စပါးခင်းအချို့
မီးလောင်ပြင်ဖြစ်နေတဲ့ ရွာအချို့
ငိုနေတဲ့ ရိုးပြတ်အချို့
တောက်ခတ်နေတဲ့ ငှက်အချို့
ဆဲမယ်ဆိုလည်း ဆဲချင်စရာတွေချည့်ပဲ။
(၄)
စစ်ကိုင်းနှာပေါက်ရောက်တော့
မုံရွာ၊ ရွှေဘိုဘက်ကလာတဲ့ ခရီးသည်အချို့ကပြောတယ်
"နှာပေါက်ဆိုတဲ့အတိုင်းပဲ
နှာပေါက်ရောက်မှ အသက်ဝဝရှူရဲတယ်
တစ်လမ်းလုံး သီတင်းကျွတ်နေတာတော် ” တဲ့။
မဖြစ်လို့သာ ခရီးထွက်ကြတာ
အညာအကြေဆိုတဲ့ နာမည်အတိုင်း
အညာဟာ ကြေမွနေပြီ
အရေးအကြီးဆုံးက
ခရီးဆိုတာ
အသွားပြီးရင် အပြန်ခရီးပါ ရှိသင့်တယ်
လူငယ်အချို့ဟာ
အပြန်မရှိတဲ့ ခရီးများ ထွက်သွားကြပေါ့။
(၅)
စစ်ကြီးအတွင်း
မေးရိုး ဟ, သွားတဲ့ သူငယ်ချင်းအကြောင်း
ရွာသင်္ချိုင်းမှာ
ဘုန်းကြီးမပါဘဲ ချခဲ့ရတဲ့ အသုဘအကြောင်း
အိပ်မက်နေတုန်း
စစ်ဆေးရေးဂိတ် ရောက်ပြီမို့
မှတ်ပုံတင် အသင့်ပြင်ထားဖို့ ပြောတဲ့အသံကြားမှ
အိပ်မက်က နိုးလာတယ်
ကျနော့်ပါးမှာ တစ်ခုခုစိုနေသလိုပဲ ။
မမနုကြည်သိလား....
ကျနော်တို့ ခရီးသည်အားလုံး
ငယ်ငယ်က အိမ်စာစစ်ခံရသလိုမျိုး
မှတ်ပုံတင်လေးတွေ ထောင်ပြကြ
ဂုဏ်ထူးထွက်တဲ့ မျဉ်းစောင်းတွေ
အောက်ကို ခဏကြွ။
(၆)
လမ်းမှာ ထမင်းစားခဏနားတော့
"မိနစ် ၃၀ ရမယ်
စားတာ၊ သောက်တာ၊ ပေါက်တာ၊ ပါတာ
အပြီးလုပ်ကြပါ ” ဆိုတဲ့ စပယ်ရာအသံကြားတော့
"တန်းစီ၊ ခပ်၊ ချိုး၊
အိပ်ဆောင်ဝင်မယ်၊ ခေါင်းချ ” ဆိုတဲ့
ထောင်သားဘာရာ အသံကို သတိရမိတယ်
မမနုကြည်လည်း
ထောင်အရသာကို သိသင့်သလောက် သိမှာပါ။
(၇)
ခုံချင်းကပ်ရက် အမေကြီးတစ်ဦး
ကားအဲကွန်းဒဏ် မခံနိုင်ဘူးထင်ပ
နှာပိတ်သံကြားရတယ်
ကိုယ့်မှာပါတဲ့
"အဘထ” ရှူဆေးဘူးလေးကမ်းပေးတော့
ပြုံးပြီးယူရှာတယ်
အတော်သင့်ရှူပြီးမှ ဆေးဘူးတံဆိပ်ကိုဖတ်ပြီး
" ဒင်းကြည့်ရတာ
မထလောက်တော့ဘူး ငါ့သားရဲ့..တဲ့ ”
ကျနော်ဘာပြန်ပြောရမလဲ
ဟာသဆိုပြီး ရယ်မောရအောင်လည်း
အမေအိုမှာ မျက်ရည်စတွေနဲ့ ။
(၈)
ပြေးကြ....ပြေးကြ ဆိုရင်
လူကြီးတွေက
အိမ်ထောင်စု၊မှတ်ပုံတင် လက်လှမ်းမီရာသယ်ကြတယ်
လူငယ်တွေမှာဖြင့်
နာကြည်းမှုကိုပဲ သယ်သွားကြတယ်။
စစ်ဘေးရှောင်ဆိုတာ
ခရီးဆောင်အိတ်ထဲ အဝတ်စားသစ်ထည့်ပြီး
ပျော်ပွဲစားထွက်သလိုမှ မဟုတ်တာ
ငါ့အိမ်လေး ကြည့်ပေးဖို့
ဘေးအိမ်နဲ့ မှာခဲ့ရအောင်လည်း
ဘေးအိမ်က လက်နက်ကြီးကျလို့ မရှိတော့ဘူး။
(၉)
လမ်းဘေး ဝဲယာ
လမ်းပခုံးသားတွေ ကြည့်မိတော့
မိုင်းဒဏ်ရာဗရပွနဲ့
ဗျပ်ထိုးခေါင်းရွက်
စျေးသည်တွေ ကြည့်လိုက်တော့လည်း
စစ်ပွဲနဲ့ အသားကျနေပုံရတယ်
ဒုန်းဒုန်း...ဒက်ဒက်ဆို ခဏရှောင်လိုက်
ငြိမ်သွားရင်
ပျားတွေလို လမ်းပေါ်ပြန်ထွက်လိုက်
ထန်းသီးမုန့်ဘူးတွေ
တစ်ဝက်ဈေးနဲ့ အတင်းထိုးပေးရင်း
နေလောင်တဲ့ မျက်နှာနွမ်းနဲ့
အသနားခံနေကြတယ်။
(၁၀)
ဆားပွင့်တွေ မီးလောင်သလို
တဖျစ်ဖျစ်နဲ့ ငတ်မွတ်တဲ့လူထုအသံကို
ကျနော်တို့ ကြားပါတယ်
သူတို့အတ္တနဲ့ မလွတ်တိုင်း
ခုတ်ခံရတဲ့ သစ်ပင်လို တိုင်းပြည်
သူတို့လောဘနဲ့ မလွတ်တိုင်း
ဖြိုချခံရတဲ့ ကမ်းပါးလို ပြည်သူ ။
ဟောဒီနိုင်ငံမှာ
လူငယ်ဆိုတာ
ကျိန်စာတွေချည်း ရေးမှတ်ထားတဲ့ စာအုပ်
အနာဖေးကွာလို့ အနာထပ်ဖြစ်ရင်
သွေး ပိုထွက်ပါတယ်
လူငယ်တွေရဲ့ ဒဏ်ရာကို ဆွဝံ့ကြတယ်။
(၁၁)
ပြည်တွင်းစစ်ဟာ
ငါးအသားနဲ့ ငါးမျှားသလို
ငါးအသားနဲ့ ငါးမျှားသလို
ငါးအသားနဲ့ ငါးမျှားသလိုပဲ....
(၁၂)
ကားခဏအရပ်
လမ်းတစ်ဝက်မှ တက်လာသူတစ်ဦး
ထိုင်ခုံလည်း မရရှာဘူး
မျက်နှာငယ်လေးနဲ့ ဟိုကြည့်သည်ကြည့်
ပိုက်ဆံပေး စီးသူချင်းအတူတူ
သူ့ခမျာ အားငယ်ရတယ်
တို့များရော
ဘယ်သူ့ဘဝထဲ လမ်းတစ်ဝက်မှဝင်လာပြီး
နေရာမရ ဖြစ်ခဲ့ကြလဲ
မေတ္တာပေး ချစ်သူချင်းအတူတူ
တို့ခမျာ အားငယ်ဖူးကြမယ်။
(၁၃)
ဘုရားစာရွတ်ရင်း
အံကြိတ်ရင်း
နှမျောတသရင်း
ယူကြုံးမရဖြစ်ရင်း
အညာကို ရောက်ပါပြီ......
သီချင်းထဲ သိပ်လှတဲ့အညာ
ကဗျာထဲ လွှတ်လှတဲ့အညာ
လက်တွေ့မှာ
ပင်စည်အခေါက်ခွာခံရတဲ့ ထနောင်းပင်တွေ
အရွက်ကို ဖြစ်သလိုသပ်ချထားတဲ့ မန်ကျည်းပင်တွေ
ကျည်ရာဗရပွနဲ့ ကုက္ကိုပင်တွေ
ရိုးပြတ်ရွက်ခြောက်
ကျတ်တီးကုန်း ဖုန်းဆိုးမြေ ဖြစ်နေပေါ့။
(၁၄)
ရွာလုံးကျွတ် ပြာပုံဖြစ်နေတဲ့ ရွာမှာ
မမနုကြည်ရှိမလား ရှာမိတယ်....
အညာဆိုတာ
ဘိန်းမစိုက်၊ သစ်မထုတ်
ရေနံနည်းနည်း၊ ရွှေနည်းနည်း ထွက်တယ်
ကြက်သွန်ပေါ်ရင် သားရှင်ပြုမယ်
နှမ်းကောင်းရင် ဘုရားပွဲကျင်းပမယ်ဆိုတဲ့
အညာဒေသဟာ
အရင်တည်းက အရာရာ ရှားပါတယ် ။
အိမ်တစ်လုံးဖြစ်ဖို့ မိသားတစ်စုလုံး
မြေကြီးကြက်ယက် လုပ်စားကြ
ထမင်းကို
ဆားရေဖျော် ဆူးပုပ်ဟင်းနဲ့ ဖြစ်သလိုစားပြီး
တစ်နှစ်လုံး နွားနဲ့ဖက်ရုန်း
ခြစ်ကုပ်စုသမျှ ဝါကျွတ်ရင်အလှူလုပ်
သားသမီးမြေးမြစ်ကို ရှင်ပြုနားသ
ပြီးရင်
တစ်နှစ်လုံး ကုန်းရုန်းပြီး အလုပ်ပြန်လုပ်ကြတယ်။
ချက်ကျောက် ချယ်နားကပ်ကြီးပန်ပြီး
"မရှိရှိတာ လှူလိုက်မယ်
ကျောင်းအစ်မကြီးလို့ အခေါ်ခံရင် ပြီးသာပဲ
စားတာသောက်တာ ဖြစ်သလိုပေါ့ ဆိုတဲ့
အညာသူကြီးတွေ။
၃နှစ်၃မိုး တောင်ယာလုပ်
ခြစ်ကုပ်ဆောက်ထားတဲ့အိမ်လေး
သားနဲ့သမီးက ရေခြားမြေခြားမှာ
ချွေးနဲ့ရင်းပြီး ပို့လိုက်တဲ့ငွေနဲ့
ဆောက်ထားတဲ့အိမ်လေး
စီးနေကျဖိနပ်လေး ပြတ်သွားရင်တောင်
နှမိနှမျော ဖြစ်ရသေးတာပဲ
အခုက အိမ်တစ်ဆောင်လုံး မီးထဲပါသွားတာ
မြေကြီးကြက်ယက် ဆောက်ထားရတဲ့အိမ်ကို
ငှက်ပျောခွံပစ်သလို လွယ်လွယ်ပစ်ခဲ့ရပါတယ်။
(၁၅)
တစ်အိမ်လုံးပြာကျသွားပေမယ့်
တို့ဘုရားရုပ်တုလေးက မီးကွင်းတယ်တော့်...ဆိုပြီး
မျက်ရည်ကြားက ဂုဏ်တော်ပွားနေတဲ့ အဖွား
ဝါတွင်းကာလမို့
ဦးဇင်း မလိုက်တော့ပါဘူး
ဝါရော သွေးရော
ဒီရွာမှာပဲ စိုလိုက်တော့မယ်ဆိုတဲ့ ဆရာတော်ဘုရား ။
စျေးသွားဝယ်လည်း ဒီကား
ဘုရားဖူးထွက်လည်း ဒီကားဆိုပြီး
မီးကျွမ်းနေတဲ့ light truck ကားလေးကြည့်ရင်း
တောက်တခတ်ခတ်နဲ့ မျက်ရည်စိမ့်စိမ့်ဖြစ်နေတဲ့ အဖိုး
သံဖရိန်ပဲကျန်ခဲ့တဲ့ ဆိုင်ကယ်အစုတ်လေးကို
လက်နဲ့ကိုင်ကြည့်နေတဲ့ အဘ။
ငါ့သားကြီးမရှိတော့ဘူး
ဒီတစ်မိုးကျရင် ဘယ်လိုထွန်ရမှာလဲဆိုပြီး
နွားသေကောင်ကြီး ဖက်ငိုနေတဲ့ ဦးကြီး
"ကျုပ်အိမ်ရှို့တဲ့မီးနဲ့
ကျုပ်ကြက်လေး ချက်စားသွားတာ
ကျုပ်ကြက်လေး ချက်စားသွားတာ ”
အဲလိုအော်ပြီး ငိုနေတဲ့ ကြီးဒေါ် ။
အရှင်လတ်လတ်ကျနေတဲ့ ငရဲဟာ အညာဒေသပဲ
တိုင်းရင်းသားတွေ ခံနေရတဲ့ နာတာရှည်ငရဲမီးဟာ
အညာကိုလည်း လောင်မြိုက်ခဲ့ပြီ။
ဝါးထရံနဲ့ ဆောက်ဆောက်
RCနဲ့ ဆောက်ဆောက်
အရေးကြီးဆုံးက
အိမ်ဆိုတာ နှလုံးသားနဲ့ ဆောက်ရတာ
ပြန်သူမရှိရင် အိမ်လို့မခေါ်သလို
ကြိုသူမရှိရင်လည်း အိမ်မပီသပြန်ဘူး။
(၁၆)
ထနောင်းဆူးနဲ့ ထိုးလို့အဆိပ်တက်မယ်ဆို
ထနောင်းကိုင်းနဲ့လိုက်ရိုက်မယ့် အညာသားတွေမှာ
မခံချင်စိတ်တစ်ခုပဲ ရှိခဲ့တာ
ဂျပန်လက်ကျန် ဗုံးခွံကို
ကျောင်းတက်ခေါင်းလောင်း လုပ်ပစ်တယ်
အမြောက်ဆန်အခွံကို
ဘုရားပန်းအိုး လုပ်ပစ်တယ်
အဲဒီလောက် အရေထူတဲ့ အညာသားတွေ
အဲဒီလောက် ရွတ်တဲ့ အညာသားတွေ
မမနုကြည် သိလား....
ဂျိုရှိတဲ့ သတ္တဝါ ဂျိုအားကိုးတယ်ဆိုသလိုမျိုး
အချို့တွေလက်ထဲ ဂျိုလေးများရသွားတော့
ရွာသူရွာသားတွေကို
ဟိန်းလား ဟောက်လား
ခြိမ်းလား ခြောက်လား နဲ့
ရမ်းကားမယ်ဆို
တော်လှန်ရေးသမားနဲ့ နယ်ချဲ့မိစ္ဆာ ဘာကွာခြားမှာလဲ
သူရဲကောင်းဆိုတာ
ဓါးမထုတ်ခင် သေချာစဥ်းစားတတ်ကြတယ်။
မမနုကြည် အတောင်တပ်ပေးထားတဲ့ကျားတွေ
မမနုကြည် ဂျိုတပ်ပေးထားတဲ့နွားတွေ
ရွာသားတွေကို အနိုင်ကျင့်နေတာမြင်ရင်
ဝမ်းနည်းဒေါသထွက်မိတယ်
မိမဆုံးမ၊ ဖမဆုံးမ၊ နုကြည်မဆုံးမ ကောင်တွေလို့
အော်ဟစ်ရန်တွေ့ချင်ပေမယ့်
နီးရာဓါးဟာ လည်ပင်းနား တရွယ်ရွယ်မို့
ကုသိုလ်ရှင်ဝေတဲ့ ဖက်ထမင်းထုပ်ထဲ
အသက်ကိုပါ ထည့်မြုပ်လို့
အသက်ကို ဖက်နဲ့ထုပ်ထားရတယ်။
(ဂျို = ချို )
(၁၇)
ပြည်တွင်းစစ်ဟာ
ကြွက်မြီးကိုဖြတ် ကြွက်ထောင်ခြောက်မှာတပ်
ကြွက်ကို ထောင်ဖမ်းသလိုမျိုး......
ပြည်တွင်းစစ်ဟာ
ကြွက်မြီးကိုဖြတ် ကြွက်ဘိမှာတပ်
ကြွက်ကို ထောင်ဖမ်းသလိုမျိုး။
(၁၈)
အညာက ပြာတစ်ဆုပ်နဲ့
ခေတ်ကိုတိုက်ချွတ်ပစ်မယ်....တဲ့
ခက်ပါလား မမနုကြည်ရယ်....
စစ်ဆိုတာ
ပါးစပ်နဲ့တိုက်ရ လွယ်ပေမယ့်
အသက်နဲ့တိုက်ကြည့်မှ ခက်တာ။
မမနုကြည်အစ်ကို ဆရာဝန်ရော
ဘော်လီမဝတ်တဲ့ရင်သားလို
ပရမ်းပတာ ရမ်းခါနေတဲ့ ဒိုင်ယာလော့တွေပြောသေးလား
မမနုကြည်အစ်ကို ကဗျာဆရာရော
အသည်းကို အရက်ထဲစိမ်တုန်းပဲလား
မူးလာရင် ပတ်ရမ်းတာဖြစ်ဖြစ်
မူးလာရင် ဖက်နမ်းတာဖြစ်ဖြစ်
နှစ်မျိုးလုံးက အန္တရာယ်ရှိပါတယ်
မမနုကြည် အစ်ကို ကဗျာဆရာ
ခရီးတွေအများကြီးထွက်နေတာ တွေ့တယ်
အသက်ကို ဆီလိုထည့်မောင်းရတဲ့ခရီး မဖြစ်ဖို့
ခြေသံလုံလုံနဲ့ လျှောက်စေချင်တယ်
ရောက်တဲ့အရပ်မှာ
မမနုကြည်တပ်ပေးတဲ့ဂျိုနဲ့
ပြည်သူကို ပြန်ခွေ့နေတဲ့ ကောင်တွေကို
နားအုံနားရင်း စုံနေအောင် ဗျင်းပေးဖို့
အညာသားတွေကိုယ်စား တောင်းဆိုချင်ပါရဲ့။
(၁၉)
အမှန် ပြောပါ့မယ်လို့ ကျိန်ဆိုပြီး
မဟုတ်တန်းတရား ပြောကြတဲ့ တရားရုံးများ
အလိုမရှိ....
သုံးယောက်ရှိရင် နှစ်ဖွဲ့ကွဲတဲ့
တစ်ရွာ တစ်စင်ထောင်သူများ
အလိုမရှိ....
မျောက်ပြ ဆန်တောင်းသူများ
အလိုမရှိ....
လမ်းပေါ် ဝါးလုံးတန်း ထိုးပြီး
ကျောမွဲပြည်သူဆီက ဂုတ်သွေးစုပ်ချင်သူများ
အလိုမရှိ.....
အညာသားတွေဟာ
ရှင်ကြီးဝမ်းလည်း ဝင်ဖူးသည်
ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီ
လက်နက်ပြပြီး ဘုရားအထူးခံချင်သူများ
ပထဝီမြေကြီးက ခွင့်မလွှတ်ဘဲ
အဝီစိကို ဆွဲချပါစေသား။
(၂၀)
မမသိလား
ထိုင်းမှာ
မြန်မာတွေ အိမ်ဝယ်ကြတာ
ရုရှားထက် ကျော်သွားသတဲ့
မမနုကြည်တို့အိမ်များ
တစ်လုံးတလေ ပါနေရဲ့လား
မပါဘူးလို့ ယုံချင်တယ်။
မမနုကြည်ဟာ
ဖောက်ပြန်ရေးသမားမဟုတ်
ဆီဦးထောပတ်စားပြီး ဇိမ်ယစ်မူးသူမဟုတ်
လူထုချွေးနှဲစာကို တစ်သျှူးလုပ် သုတ်မယ်မဟုတ်
အဲဒီလို ယုံကြည်ချက်ကို
မချိုးဖျက်ဖို့ မျှော်လင့်တယ်။
(၂၁)
မမနုကြည်ရေ....
ရေနစ်နေတဲ့ အညာသားတွေ
နောက်ဆုံးဆွဲမိတဲ့ကောက်ရိုးဟာ မမနုကြည်
အသက်ရှူကြပ်နေတဲ့ အညာသားတွေ
နောက်ဆုံးသွင်းမိတဲ့အောက်ဆီဂျင်ဟာ မမနုကြည်
မမနုကြည်ရဲ့
တကယ်ငြိမ်းချမ်းရာ နယ်မြေဟာ
အညာဒေသဖြစ်လာမှာ
မမနုကြည်ရဲ့
လွတ်မြောက်ရာ အစစ်ဟာ
အညာဒေသဖြစ်လာမှာ
ပြည့်နေတဲ့အိုးကို ထပ်ဖြည့်မှာလား
ဖြူးနေတဲ့လမ်းကို ထပ်ခင်းမှာလား။
မမနုကြည် စဉ်းစားကြည့်
မမပန်ဖို့
ဘယ်, သူစိမ်းက ပန်းခူးပေးလို့လဲ
မမလိမ်းဖို့
ဘယ်, သူစိမ်းက သနပ်ခါးသွေးလို့လဲ
အညာသားတွေမှာဖြင့်
မမပန်မယ်ဆို စံပယ်တွေပျိုးလို့ပျိုး
မမလိမ်းမယ်ဆို ရှင်မတောင်တွေချိုးလို့ချိုး
အသက်ထက် ချစ်တယ်ပြောဖို့ဆို
အသက်ကိုထပ်ရဲမှ ဖြစ်မယ်
အညာသားတွေဟာ
အသက်ကို လောင်းကြေးထပ်ထားတယ်။
(၂၂)
အညာဟာ သနားဖို့ကောင်းပါတယ်
လယ်ကွင်းထဲက မြေမြုပ်မိုင်းတွေ
ရွာလမ်းဘေးက နင်းမိုင်းတွေ
စစ်ကြီးပြီးတဲ့အခါ
ဒီပြသနာကို နှစ်ရှည်လများ ခံရဦးမယ်
ပြန်တည်ရမယ့် ဘုရားတွေ
ပြန်ဆောက်ရမယ့် ကျောင်းတွေ
ပြုပြင်ရမယ့် ဆေးရုံတွေ
ဖြစ်သလိုမြုပ်ထားလို့
ပြန်ရွှေ့ရမယ့် သင်္ချိုင်းတွေ
အရွက်ဆိုတာ ကြွေပြီးရင်အသစ်ထွက်တယ်
အခုက အသက်တွေ ။
လူမစုံတော့မယ့် ထမင်းဝိုင်းတွေ
ညစဉ်ကြားနေရမယ့် မချိမဆန့်ညည်းတွားသံတွေ
အိပ်နေရင်း လန့်နိုးရမယ့် မှတ်ဉာဏ်ဆိုးတွေ
ဘုရားပွဲက ကော်သေနတ်လေးတောင်
မဆော့ရဲတဲ့ ကလေးတွေ
စက္ကူလေယာဉ်ပျံလေး ကြည့်ရင်း
ငိုချင်းချနေမယ့် မိဘတွေ
ဂိမ်းဆော့ရင်း Head Shot မိရင်
ငေးငိုင်သွားမယ့် လူငယ်တွေ
အညာနေရာ အညာနဲ့အစားထိုးရင်တောင်
တစ်ချိန်က အညာကို ပြန်မရတော့ဘူး။
(၂၃)
ကဗျာက ဆုံးနေပြီ
ပြောစရာတွေက မကုန်သေးဘူး
မမနုကြည်ရေ....
အညာသူ ညိုပြာညက်တွေ
သင်္ကန်းတောင်း ခေါင်းပေါ်ရွက်မယ့်တစ်နေ့
ဖက်စိမ်းကွမ်းတောင်ကိုင်
အိုးစည်ဗြောသံ မြိုင်မယ့်တစ်နေ့
အညာသား လူညိုထွားတွေ
သပိတ်လွယ်ရင်း ကွမ်းချိုးပေါ်အောင်ပြုံးမယ့်နေ့
သားကိုရင် အဖရဟန်းခံမယ့်နေ့
တို့ဘုရားကို ထုံးသင်္ကန်းဖြူဖြူကပ်ဦးမှာ
တို့တရားကို ကြည်ကြည်လင်လင်နာဦးမှာ
တို့ဓါးကို တို့ယုံကြည်သူထံအပ်ဦးမှာ ။
(၂၄)
မမနုကြည်သိလား....
ဒီတစ်မိုးပြီးရင်
အညာမှာ ချိုးဖြူငှက်တွေ ကူသံပေးကြတော့မယ်
သံလွင်တစ်ခက် ရချင်ရ
မရလည်း သပြေခက်လေး ချိုးခဲ့ပေး
ကျည်လွတ်ကြေးစားလော်ဘီတွေ
လှည့်မကြည့်တဲ့ အညာကို
မမနုကြည် မြင်အောင်ကြည့်မှ ဖြစ်မယ်
အညာနှလုံးသားတွေကို
မမနုကြည် မြင်မှဖြစ်မယ်
အညာကို မညာပါနဲ့လား မမနုကြည်
အညာကို မညာပါနဲ့လား။ ။
ဆန်းကျော်စွာဝင်း
(ကဗျာကို အင်တာနက်ပေါ်ကနေ ကူးတင်ပါတယ်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar