Breaking News

လက်နက်ကိုင် ပဋိပက္ခ၊ သယံဇာတ အလွန်အကျွံထုတ်ယူမှု နဲ့ မူးယစ်ဆေးဝါး

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၄ မြင်ကွင်း
(မိုးမခ) မေ ၂၅၊ ၂၀၂၄

လက်နက်ကိုင် ပဋိပက္ခ၊ သယံဇာတ အလွန်အကျွံထုတ်ယူမှု နဲ့ မူးယစ်ဆေးဝါး

လက်နက်ကိုင် ပဋိပက္ခဆိုတဲ့ အသုံးအနှုန်းနဲ့ စစ်မက်ဖြစ်ပွားမှု၊ လက်နက်ကိုင် တိုက်ခိုက်မှု ချောင်းမြောင်းပစ်ခတ်မှု၊ ဗုံးခွဲမှု နဲ့ နေရာယူစစ်ပွဲတွေကို ခြုံငုံပြီးခေါ်ဆိုကြတဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီး လပိုင်းအတွင်းမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားဖို့ နိုင်ငံရေးအကြောင်း တရားတွေဖြစ်တည်လာခဲ့ပြီး နောက်တနှစ်ဝန်းကျင် ၁၉၄၉ မှာတော့ ပြည်တွင်းစစ်မီးတောက်လောင် ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆယ်စုနှစ်တခုကျော် ကာလအတွင်း နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးအဖြေရှာခြင်း၊ လူထုရဲ့ အဆုံးအဖြတ်ခံယူတဲ့ ဆန္ဒခံယူပွဲလို နည်းလမ်းမျိုးနဲ့ ဖြေရှင်းခြင်းထက်ကို အုပ်ချုပ်သူ အစိုးရတွေကလည်း လက်နက်ကိုင် နိုင်ငံရေးအရ အယူအဆ ကွဲလွဲသူတွေကို ဖမ်းဆီးထောင်ချတာ၊ ပုန်ကန်သူတွေကို လက်နက်ကိုင် တပ်ဖွဲ့နဲ့ နှိမ်နှင်းတာတွေ လုပ်ဆောင်ခဲ့ရာက ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကာလတွေမှာ အာဏာရ နိုင်ငံရေး ပါတီ သို့မဟုတ် စစ်တပ်တို့ အနေနဲ့ လက်နက်ကိုင် ပုန်ကန်မှုကို လက်နက်ကိုင်တပ်နဲ့ ထိန်းချုပ်နိုင်တယ် ဖြေရှင်းနိုင်တယ်လို့ ယူဆခဲ့ကြတာ ဖြစ်ပြီး လက်နက်ကိုင် ခုခံတိုက် ခိုက်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း မိမိတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်ကို အုပ်ချုပ်နေတဲ့ အာဏာရ အစိုးရရဲ့ လက်အောက်က ဥပဒေဘောင်နဲ့ ဘယ်လိုမှ ရောက်ရှိနိုင်မှာမဟုတ်ဘူးလို့ မှတ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ဖဆပလ လက်ထက် ကမ်းလှမ်းမှုနဲ့ တော်လှန်ရေး ကောင်စီလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့် အမှန်တကယ် ငြိမ်းချမ်းရေး ရယူလိုတာထက် အာဏာရ အစိုးရ၊ စစ်တပ်တို့က နိုင်ငံရေး အရ အပေါ်စီးအနေအထားနဲ့ ဆွေးနွေးလိုတဲ့ သဘောထား ရပ်တည်ချက်တွေကြောင့် မအောင်မြင်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

ဆယ်စုနှစ်များစွာ အာဏာရယူထားတဲ့ အစိုးရ၊ စစ်တပ်နဲ့ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့ကြပါဘူး။

အဲဒီလို ပြည်တွင်းစစ် ဆင်နွှဲကြရာမှာ လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် ကုန်ကျရမယ့် စစ်စရိတ်တွေ အတွက် ကျခံရမယ့် ငွေကြေးအရင်းအမြစ်က ၁။ သယံဇာတ ၂။ အခွန်အကောက် နဲ့ ၃။ မူးယစ်ဆေးဝါး ထုတ်လုပ်မှု သို့မဟုတ် ထုတ်လုပ် ရောင်းဝယ်မှုက ရမယ့် အခွန်အကောက်တွေသာ ရှိတာတွေ့ရမှာပါ။

နိုင်ငံတနိုင်ငံမှာ ကာကွယ်ရေးအတွက် လက်နက်ကိုင်တပ်မရှိမဖြစ် လိုအပ်တာမှန်သော်လည်း ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံတွေ အနေနဲ့တော့ သာမန် စစ်ဖြစ်ပွားခြင်းမရှိတဲ့ အခြေအနေထက်ကို လက်နက်ကိုင် စစ်ပွဲတွေအတွက် အဆများစွာ အသုံးပြုရမှာ ဖြစ်ပါတယ်။

၁၉၄၉-၁၉၅၂ ခုနှစ်အထိ ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ပွဲအပြီး နောက်ပိုင်း ဆယ်စုနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ အရှေ့ဘက် ရှမ်းပြည်နယ်မှာ လက်နက်ကိုင် တိုက်ပွဲတွေအများဆုံးဖြစ်ပွားခဲ့တာ တွေ့ရပြီး ရှမ်းပြည်နယ်က လက် နက်ကိုင်အဖွဲ့တွေ အနေနဲ့ စစ်ပွဲကို ခုခံတိုက်ခိုက်နိုင်ဖို့ လက်နက်ကိုင် တပ်ကို တိုးချဲ့နိုင်ဖို့ ဘဏ္ဍာငွေအတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုတွေဆီကနေ အခွန်အကောက် ကောက်ခံတာ၊ ကိုယ်တိုင် ကူးသန်းရောင်းဝယ်တာတွေ လုပ်ကိုင်ပြီး ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအခြေအနေ အောက်မှာ လူမျိုးစု တော်လှန်ရေး အတွက်ရပ်တည်ခဲ့ကြတယ်လို့ ဆိုကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ဟာ ဘိန်းဘုရင်တွေအဖြစ် ထင်ရှားကျော်စောခဲ့ကြပါတယ်။ လော်စစ်ဟန်၊ ခွန်ဆာ စတဲ့သူတွေက မူးယစ်ဆေးဝါး ထုတ် လုပ်သူ၊ ကူးသန်းရောင်းဝယ်သူ တွေအဖြစ် နိုင်ငံတကာ အဖွဲ့အစည်းတွေက အလိုရှိသူတွေ အဖြစ်သတ်မှတ်ခဲ့ကြတာပါ။

လူမျိုးစု လွတ်မြောက်ရေး အတွက်ရည်ရွယ် ဖွဲ့စည်းခဲ့ကြတဲ့ လက်နက်ကိုင် အဖွဲ့အချို့ဟာ အထက်ကို မူးယစ်ဆေးဝါး ထုတ်လုပ်ကုန်ကူး ကြသူတွေ ဖြစ်ကုန်ကြသလို အဲဒီလို နည်းလမ်းနဲ့ ဘဏ္ဍာရေး ရံပုံငွေ မရှာဖွေလိုခဲ့ရင် လူထုထံက အခွန်အကောက် သို့မဟုတ် မိမိတို့ထိန်းချုပ်နယ်မြေက သယံဇာတကို ထုတ်ယူ ရောင်းချခြင်း သို့မဟုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းတွေကနေ အခွန်အကောက် ကောက်ယူရရှိခြင်း နဲ့ ရပ်တည်ကြရမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာအခြေစိုက်ကြတဲ့ လက်နက်ကိုင်အများစုက ဘိန်း၊ မူးယစ်ဆေးပြားတို့ကနေ အခွန်အကောက်၊ ဝင်ငွေရယူတာနဲ့ လွတ်ကင်းဖို့ အခွင့်အလမ်းနည်းပြီး မြန်မာနိုင်ငံတောင်ဘက်ပိုင်း၊ သို့မဟုတ် အနောက် မြောက်တို့လိုဒေသတွေက လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သယံဇာတနဲ့နယ်စပ်ကုန်သွယ်ရေး အခွန်အကောက်တို့နဲ့ ရပ်တည်ခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်း ပြန်လည် တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီး မှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ မူးယစ်ဆေးဝါး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ကောက်ခံတဲ့ အခွန်အကောက်၊ ပြည်တွင်းမှာပင် တဒေသနဲ့ တဒေသသယ်ယူတဲ့ ကုန်ပစ္စည်း၊ ယာဥ်တွေ အပေါ် ကောက်ခံတဲ့ အခွန်အကောက် နဲ့ သယံဇာတ ထုတ်ယူမှုတို့ကနေ ရရှိဖို့ ကြိုးစားနေကြတာ တွေ့ရမှာပါ။

နယ်စပ်ကုန်သွယ်ရေးလည်း မရှိ၊ မူးယစ်ဆေးဝါး ထုတ်လုပ် ကူးသန်းတဲ့ ဒေသလည်း မဟုတ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်းတို့မှာတော့ သယံဇာတဖြစ်တဲ့ ကျောက်စိမ်း၊ သစ်ထုတ်လုပ်ခြင်းနဲ့ နယ်မြေဖြတ်ကျော် သယ်ယူတဲ့ ကုန်ပစ္စည်းတွေ အပေါ် ကောက်ခံခြင်းဖြင့် ရှာဖွေကြတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာ သစ်ထုတ်လုပ်မှု လုပ်နေတဲ့ သစ်တောတွေသာမက ဘေးမဲ့ ကြိုးဝိုင်းဒေသက သစ်တောတွေပါ လျင်မြန်စွာခုတ်ယူသယ်ထုတ်ပြီး ရောင်းချတာတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ အလောင်းတော်ကဿပနယ်မြေလို၊ ကချင်ပြည်နယ် ဗန်းမော်၊ မံစီတို့လိုဒေသတွေ၊ ပဲခူးတိုင်းအနောက် ဘက်ခြမ်း ရိုးမမှာ ကျန်ရှိတဲ့ သစ်တောတွေပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာခုတ်ယူခံရပြီး လျင်မြန်စွာ လျော့နည်းလာနေတာ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လတ်တလော စစ်ပွဲအနိုင်ရဖို့ လက်နက်ကိုင်တိုက်ပွဲတွေ စစ် ဆင်ရေးတွေလုပ်နိုင်ဖို့အတွက် လက်နက်ခဲယမ်းအရေးတကြီးလိုအပ်တာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ကိုယ်၌က ထုတ်လုပ်တာ သို့မဟုတ် သစ်ခုတ်ယူရောင်းချသူတွေထံက အခွန်အကောက်ရရှိဖို့သော်လည်းကောင်း ကြိုး    ပမ်းနေကြတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေက မှန်းဆတွက်ချက်ဖို့ မလွယ်ကူတဲ့ အတိုင်းအတာနဲ့ ဖြစ်ပွားနေကြတာ လည်း ဖြစ်ပါတယ်။

စစ်ကောင်စီ ပြုတ်ကျရေး၊ စစ်အာဏာရှင် စနစ် ဖယ်ရှားရေးအတွက် အရေးကြီးတာ ဘယ်လိုနည်းလမ်းနဲ့ ဖြစ်စေလုပ်ရမှာဆိုပေမယ်လို့ ရေရှည်မှာ ပြန်လည်ပြင်ဆင်ဖို့ မလွယ်ကူတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုရဲ့ အကျိုးဆက် သဘာဝဘေးအန္တရာယ်တွေကိုလည်း ထည့်သွင်းစဥ်းစားဖို့ အရေးကြီးတာ အမှန်ပဲ ဖြစ်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar