မောင်တောမြို့ မှာ လူသောင်းနဲ့ချီ မြို့ထဲပိတ်မိနေ၊ ရိုဟင်ဂျာ လူမျိုးစုကိစ္စနဲ့ AA နဲ့ NUG အကြားဆက်ဆံရေး
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၇ မြင်ကွင်း
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၄
မောင်တောမြို့ မှာ လူသောင်းနဲ့ချီ မြို့ထဲပိတ်မိနေ၊ ရိုဟင်ဂျာ လူမျိုးစုကိစ္စနဲ့ AA နဲ့ NUG အကြားဆက်ဆံရေး
ရခိုင်ပြည်နယ် အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေပြီး နယ်စပ်ကုန်သွယ်ရေး စခန်းလည်းဖြစ်တဲ့ မောင်တောမြို့ကို အာရက္ခ တပ်တော်လို့ မကြာသေးခင်က အမည်ပြောင်းထားတဲ့ AA အဖွဲ့က တိုက်ခိုက် သိမ်းယူဖို့ ကြေညာချိန်မှာ မြို့ထဲမှာ လူဦးရေ သောင်းဂဏန်းနဲ့ ချီကျန်ရှိနေသေးတဲ့အကြောင်း နဲ့ မောင်တောမြို့တဝိုက်က စစ်ဗျူဟာစခန်း၊ နယ်ခြားစောင့်ကင်းစခန်းတွေနဲ့ တပ်ရင်းတွေ သိမ်းပိုက်ခံထားရတဲ့ စစ်ကောင်စီက မြို့ကနေ ခုခံမယ့် အနေအထားဖြစ်ပြီး မြို့ထဲက ထွက်ခွာမယ့် လမ်းတွေကို ပိတ်ဆို့ထားပြီး ထွက်ခွာခွင့်မပေးဘူးလို့လည်း သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။
မောင်တောမြို့မှာ ရိုဟင်ဂျာလူမျိုးက လူဦးရေအားဖြင့် အများဆုံး နေထိုင်ပြီး ဟိန္ဒူနဲ့ ရခိုင်လူမျိုးတွေ ရာခိုင်နှုန်း အနည်းငယ် နေထိုင်ကြပြီး အခုလက်ရှိ ပိတ်မိနေတဲ့ မြို့ခံတွေကတော့ ရိုဟင်ဂျာ လူမျိုးတွေ အများစုဖြစ်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်က မြို့ခံလူထုကို မြို့ကနေထွက်ခွာကြဖို့ AA ရဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် မောင်တောမြို့ ထဲကနေ ထွက်ခွာဖို့ ခက်ခဲတဲ့အနေအထား ဖြစ်ပြီး မောင်တောမြို့ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် အခြမ်းကိုသော်လည်းကောင်း သို့မဟုတ် ဘူးသီးတောင်မြို့ နဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းတွေလည်း ပိတ်ဆို့ထားလိုက်ပြီဖြစ်လို့ မြို့နေလူထု အနေနဲ့ ထွက်ခွာဖို့ အသိပေးကြေညာတာကို ကြားသိပေမယ့် ထွက်ခွာနိုင်တဲ့ အနေအထားမရှိကြဘူးလို့ သတင်းတွေမှာ ပြောဆိုကြတာလည်း တွေ့ရပါတယ်။
AA အဖွဲ့ အနေနဲ့ ဘူးသီးတောင်မြို့ သိမ်းတဲ့ တိုက်ပွဲမတိုင်ခင်ကာလတွေနဲ့ သိမ်းယူစဥ်ကာလတွေမှာ ရိုဟင်ဂျာ လူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်တွေရဲ့ စစ်သားစုဆောင်းခြင်း ခံရတဲ့ ရိုဟင်ဂျာတွေ အပေါ် လက်စားချေတဲ့ လုပ်ဆောင်မှုတွေလား ဆိုတဲ့ ကောက်ချက်ချတာတွေလည်း ရှိခဲ့ပြီး ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းက စိုးရိမ်မှုတွေ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်လို့ AA အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပြင် ထုတ်ပြန်ချက်ထုတ်ခဲ့တဲ့ NUG အစိုးရကိုပါ ပြန်လည် ချေပပြောဆိုခဲ့တဲ့ အဖြစ်တွေ ရှိခဲ့တာပါ။
ရိုဟင်ဂျာ လူမျိုးစုတွေဘက်က ကိုယ်စားပြုတဲ့ ဦးအောင်ကျော်မိုးက NUG အစိုးရအဖွဲ့မှာ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးအဖြစ် တာဝန်ယူထားတာလည်း ဖြစ်ပါတယ်။
ဘူးသီးတောင်မြို့ မသိမ်းယူခင်နဲ့ သိမ်းယူတဲ့ ကာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အပြန်အလှန်ပြောဆို တုံ့ပြန်မှု အနေအထားတွေက AA နဲ့ NUG အစိုးရတို့အကြား နဂိုကတည်းက အေးစက်တဲ့ ဆက်ဆံရေးကို ပိုပြီး ဝေးကွာစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေ အကြားမှာ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ လူမျိုးတွေရဲ့ အကြားမှာ ပဋိပက္ခတွေ ပြန်လည်ပေါ်ထွက်လာအောင် အသုံးချနေတယ်ဆိုတာလည်း အများသိရှိထားကြပြီးသား အချက်တချက်ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အခုလို စစ်ပွဲတွေ တိုက်ခိုက်ကြရာမှာ တဖက်ရန်သူကို အမုန်းတရားနဲ့ ပုံဖော်ပြီး ရန်သူကို တိုက်ခိုက်အနိုင်ယူဖို့ စိတ်ကို လှုံ့ဆော်ကြ အခြေအနေအောက်မှာ တဖက်ရန်သူရဲ့ ဘက်မှာ ပါဝင်တိုက်ခိုက်နေသူတွေကို AA နဲ့ ၄င်းကို ထောက်ခံသူတွေက လူသားချင်းစာနာမှုမျိုး၊ လူ့အခွင့်အရေး အခြေခံတဲ့ ဆက်ဆံပြုမူမှုမျိုး ရဖို့ မလွယ်ကူတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ နိုင်ငံတကာ စံနှုန်းတွေတွေကို လိုက်နာဖို့ ပြောဆိုရတာ စိမ်ခေါ်မှုတွေ ရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ဖို့ နယ်မြေအချို့သာကျန်တော့ပြီး မကြာခင်ကာလမှာ ရခိုင်ပြည်နယ် တခုလုံးနီးပါး AA ရဲ့ စစ်ရေးရော အုပ်ချုပ်ရေးအောက်ကို ရောက်ရှိမယ့် အနေအထားလည်း ဖြစ်နေတဲ့ အနေအထားဖြစ်ပါတော့တယ်။
ဒီနေ့အဖို့ နောက်အကြောင်းအရာ တခုကတော့ စစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ထဲမှာ ကျင်းပမယ်လို့ ခုရက်ပိုင်းမှာ စစ်ကောင်စီခေါင်းဆောင်က ပြောဆိုလိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ဆန်းကတည်းက စစ်အာဏာသိမ်းပြီး ရွေးကောက်ပွဲ ကျင်းပမယ်လို့ အကြိမ်များစွာ ပြောလာခဲ့ပေမယ့် ၃ နှစ်ကျော်ကြာလာသည်အထိ ရွေးကောက်ပွဲက အကောင်အထည်ပေါ်မလာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ စစ်အာဏာသိမ်းကတည်းက အာဏာကို နှစ်အတန်ကြာ ရယူထားဖို့ ရည်ရွယ်ချက်နဲ့ အာဏာသိမ်းတာ ဖြစ်လို့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေမရောက်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ၆ လ တခါ၊ သက်တမ်းတိုးပြီး အာဏာကို ဆက်လက်ဆုပ်ကိုင်လာတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ရွေးကောက်ပွဲဆိုတာက နိုင်ငံရေးအရ အဖြေရှာတာလားလို့ မေးရင် အဲလိုမဟုတ်ဘဲ စစ်တပ် အနေနဲ့ ၄င်းတို့ရဲ့ ဗိုလ်ချုပ်ဟောင်းတွေ နဲ့ ဖွဲ့စည်းထားတဲ့ ပါတီက အနိုင်ရအောင် လုပ်ပြီး စစ်အာဏသိမ်းမှုကို တရားဝင် အစိုးရတရပ် အသွင်ပြောင်းဖို့ ရည်ရွယ်ထားတဲ့ သဘောသာ ဖြစ်ပါတယ်။
ဒီလို လမ်းကြောင်းမျိုးက ၂၀၁၀ ခုနှစ်မှာ ဖြစ်ခဲ့ပြီးသား အခင်းအကျင်းဖြစ်လို့ စစ်တပ်က လုပ်ပေးမယ့် ရွေးကောက်ပွဲက လူထုကို ဆွဲဆောင်နိုင်တဲ့ အလားအလာမရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။ အချို့သော နိုင်ငံရေး ပါတီတွေကသာ လက်နက်ကိုင်နည်းလမ်းမဟုတ်ဘဲ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခြင်းအားဖြင့် အတိုင်းအတာတခုထိ အနိုင်ရပြီး တစတစ နိုင်ငံရေးဘောင် ကျယ်ပြန့်လာအောင် ကြိုးစားမယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ရှိနေကြတာမျိုး ဖြစ်ပါတယ်။ စစ်တပ်က ဦးစီးဦးဆောင် ကမကထ လုပ်ကာ ကျင်းပမယ့် ရွေးကောက်ပွဲက မျှတပြီး လွတ်လပ်ဖို့ အခွင့်အလမ်း နည်းပါးပြီး ၄င်းတို့ရဲ့ ပါတီသာ အာဏာရဖို့ လုပ်ဆောင်မှာဖြစ်လို့ အထက်က နိုင်ငံရေးအင်အားစုတွေ အနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို စီမံခွင့် ရဖို့ အလားအလာမရှိဘူးလို့ဆိုရင် မှားမယ် မထင်ပါ။
ဒါကြောင့် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲက ပြည်တွင်းစစ် မီးတောက်ထဲ ကျရောက်နေပြီး ဖြစ်တဲ့ မြန်မာနိုင်ငံကို စစ်မီးထဲက ကယ်ထုတ်နိုင်ဖို့ မလွယ်ကူတဲ့ အဖြစ်အပျက်တခုလို့သာ ဆိုရင် မှားမယ် မထင်ပါဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar