ဝင်းတင့်ထွန်း - ရဲဘော်ကျော်မြ (သို့မဟုတ်) တူတံဇဉ် အလံအောက်ကလူ
ရဲဘော်ကျော်မြ (သို့မဟုတ်)
တူတံဇဉ် အလံအောက်ကလူ
ဝင်းတင့်ထွန်း
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၄
( ၁ )
ရဲဘော်ကျော်မြ ရဲ့အမည်ရင်းက ကိုလှသောင်း ပါ။
ကိုလှသောင်းနဲ့ကျွန်တော့်ကြားမှာ အမှတ်ရစရာတွေကတော့ တပုံတပင်ပါပဲ။
ဖျာကြမ်းလေးတချပ်တည်းပေါ်မှာ လပေါင်းများစွာ အတူအိပ်စက် နေထိုင်ခဲ့ကြဖူးသလို၊ ငံပိရည်ကျိုလေးတခွက်တည်းကို ပင်တိုင်ထားပြီး၊ ငစိန်ဆန်ကြမ်းထမင်း ခွဲတမ်းကျနဲ့ ရက်ပေါင်းများစွာ ချို့ချို့ငဲ့ငဲ့လဲအတူစားသောက် ကျင်လည်ခဲ့ရဖူးပါတယ်။
သူနဲ့ ကျွန်တော် စပြီး သိရှိခင်မင်ခဲ့ရတာက ၁၉၇၄ ခုနှစ်ကုန်ထဲမှာပါ။ အဲဒီတုန်းက ကျွန်တော်ဟာ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) နဲ့ အတူနေပါ။ အိမ်ရဲ့အလယ်တိုင်မှာ ကပ်ထားတဲ့ သန်းခေါင်စာရင်းစာရွက်လေးထဲမှာ အိမ် ထောင်ဦးစီးက ကိုနိုင်ဝင်း၊ မှီခိုဆိုတဲ့နေရာမှာက ကျွန်တော့်နာမည်နဲ့ပါ။ အဲဒီတုန်းက ကိုလှသောင်းဟာ ရန်ကုန်တက္ကသိုလ်က ကျောင်းသားလေးတယောက်ဖြစ်ပြီး၊ ဥပဒေအဓိကဘာသာရပ်နဲ့ကျောင်းတက်နေဆဲ ဖြစ်ပါတယ်။ သူ့ကို အတွေးအခေါ်အရ၊ နိုင်ငံရေးအရ စတင်စည်းရုံးခဲ့သူက ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) ပဲ ဖြစ်ပါတယ်။ ကိုလှသောင်းက ကိုနိုင်ဝင်းဆွေကို စာပေအနုပညာအရလဲ လေးစားရင်းစွဲရှိပြီး ဖြစ်သလို၊ နိုင်ငံရေးအရလဲ သူ့ရဲ့လက်ဦးမူလခေါင်း ဆောင်လို ဖြစ်နေတော့- နှစ်ထပ်ကွမ်း လေးစားတန်ဖိုးထားနေတဲ့ အသွင်ဟာ သူ့မျက်နှာပေါ်မှာကို အတိုင်းသားပေါ်လွင်နေခဲ့ပါတယ်။ ပြီးတော့ သူတို့နှစ်ယောက်ဟာ တနယ်တည်းသား နယ်သားရပ်သားချင်းလဲ ဖြစ်နေပါတယ်။ ကိုနိုင်ဝင်းက တောင်ငူ၊ ကျွန်းကုန်း-ချင်းကုန်းရွာသား၊ ကိုလှသောင်းက တောင်ငူ၊ ရေတာရှည် - မြို့လှသား။
ကိုနိုင်ဝင်းက ကိုလှသောင်းကို “ ကဗျာ ချိုအေး .. မောင်ဆိုတေး ၊ ကဗျာချိုအေး ..မောင်ဆိုတေး” လို့လဲ မကြာခဏ ခေါ်လေ့ စလေ့ ရှိပါတယ်။ ချစ်စနိုးခေါ်တာ စတာဖြစ်ပါတယ်။ အဲသလိုခေါ်တိုင်းလဲ ကိုလှသောင်းကြီးက ပြုံးစေ့စေ့လုပ်နေလေ့ရှိပါတယ်။ သူ့အပြုံးဟာ အသားညိုညိုမျက်နှာကြီးပေါ်မှာ တကယ့်ကို ဖြူစင်တဲ့အပြုံး ဖြစ်နေခဲ့ပါတယ်။ အဲဒီတုန်းက တက္ကသိုလ်ကျောင်းသားဘဝမှာ ကိုလှသောင်းရဲ့တကယ့်ကလောင်နာမည်ကလဲ ‘ မောင်ဆိုတေး’ ဖြစ်နေခဲ့ပြီး၊ မောင်ဆိုတေး ရဲ့ ရှားရှားပါးပါးကဗျာလေး နှစ်ပုဒ်ကိုတောင် သူက ပေးဖတ်လာတဲ့အတွက် ကျွန် တော် ဖတ်ခဲ့ရဖူးပါတယ်။ သူ့ရဲ့လက်ရေးလက်သားတွေကလဲ တော်တော်လေးကို သပ်သပ်ယပ်ယပ်နဲ့ လှပပါတယ်။
၁၉၇၄ အကုန် ၁၉၇၅ နှစ်ဆန်းထဲအထိမှာတော့ ကိုလှသောင်းဟာ ကိုနိုင်ဝင်းနဲ့ကျွန်တော် နှစ်ယောက်အတူနေနေတဲ့ အိမ်လေးဆီကို တပတ်တခါလောက်ပဲ လာတတ်ပြီး၊ ကျွန်တော်တို့နဲ့အတူနေတဲ့အထိမဖြစ်သေးပါဘူး။ အဲဒီတုန်းက သူလာရင် များသောအားဖြင့် စနေ (သို့မဟုတ်) တနင်္ဂနွေနေ့ဖြစ်တတ်တဲ့အတွက် ကျွန်တော်နဲ့လဲ အမြဲလိုလို ဆုံဖြစ်နေခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က မရမ်းကုန်း သမဦးစီးဌာနမှာ ဒုအသင်းစုမှူးလို့ခေါ်တဲ့ စာရေးလေးအဖြစ် ရုံးဝန်ထမ်းအလုပ် ဝင်လုပ်နေပြီဖြစ်ရာ၊ ရုံးပိတ်ရက်တွေမှာတော့ အိမ်မှာပဲ ရှိနေတတ်တာကြောင့်၊ သူ လာတိုင်းလိုလို ကျွန်တော်နဲ့လဲ ဆုံဖြစ်နေခဲ့ပါတယ်။ သူလာတဲ့အခါ ဖော့ကန်လမ်းဘေးဈေးလေးထဲကနေ ဝက်သားလေး တစ်ဆယ်သားနဲ့ ခရမ်းချဉ်းသီးလေး လေးငါးလုံးပါ ဝယ်ချလာတာ တွေ့ရရင်တော့၊ ခုတလော သူ့လက်ထဲမှာ ငွေစ ကြေးစလေး အနည်းအပါး ရှိနေပြီဆိုတဲ့ လက္ခဏာပါပဲ။
ကျွန်တော်ကလဲ စာရေးလေးသာဖြစ်ပြီး၊ ခရီးစရိတ်လောက်ကလွဲလို့ ရတဲ့လစာကို ‘ဘုံသုံး’ အဖြစ် (အိမ်မှာ တလုံးတည်းသာ ရှိတဲ့ ) စာရေးစားပွဲအိုလေးရဲ့အံဆွဲထဲ ဒီအတိုင်း ထည့်ထားလေ့ရှိပေမဲ့ အဲဒီပိုက်ဆံလေးဟာ ဘယ်တော့မှ တပတ်ဆယ်ရက်ထက် ပိုမခံ၊ ပြောင်တလင်းခါနေတတ်တာ သူလဲ သိပြီးဖြစ်နေပါတယ်။ ကိုနိုင်ဝင်းကလဲ နာမည်ကျော်စာရေးဆရာကြီး နိုင်ဝင်းဆွေ လို့သာ လူသိများနေပေမဲ့ အဲဒီကာလက ဘာစာအုပ်မှ ဟုတ္တိ ပတ္တိ မရေးနိုင်၊ အိမ်မှာ တည်ထားတဲ့ နှင်းဆီခြံလေးကနေ ပွင့်တဲ့ နှင်းဆီတွေကလဲ တနေ့ နှစ်ကျပ်ခွဲ-သုံးကျပ်ဖိုးထက် ပိုမပွင့်ပဲ၊ ကျွန်တော်တို့ ဖြစ်သလို နေထိုင်စားသောက်နေကြတာကို သူလဲ အတွင်းသိအစင်းသိတဦးလို ဖြစ်နေခဲ့ပါတယ်။ အဲဒီကာလက သူကလဲ လာတိုင်းလိုလို ကျွန်တော်တို့နဲ့ပဲ အတူတူချက်ပြုတ် စားသောက်ပြီးမှ ပြန်လေ့ရှိပါတယ်။ ဒါကြောင့် သူကလဲ သူ့လက်ထဲ ငွေစကြေးစများ ရှိနေရင်တော့၊ ကျွန်တော်တို့ဆီလာရင်- ထုံးစံအတိုင်း ဝက်သားတဆယ်သားထုပ်လေးနဲ့ခရမ်းချဉ်သီး အနည်းအပါး ပါပါမယ်။ ပြီးရင်- သူကိုယ်တိုင် ဝက်သားလေးကို တုံးတစ်ပြီး ဟင်းချက်လေ့ရှိပါတယ်။
ဟင်းချက်ရင်း တဖက်က ကျွန်တော်တို့နှစ်ယောက်နဲ့ စာပေအကြောင်း (ဒါမှမဟုတ်) နိုင်ငံရေးအကြောင်းတွေကို လေသံအေးအေးနဲ့ပြောဆိုဆွေးနွေးလေ့ ရှိပါတယ်။ ကျွန်တော်နဲ့ကိုနိုင်ဝင်းကတော့ သူနဲ့မတူပဲ၊ ပြောရင်း ပြောရင်းက လေသံတွေက ကျယ်ကျယ်လာလေ့ ရှိပါတယ်။
( ၂ )
၁၉၇၅ မတ်လ (၁၅) ရက်နေ့မှာ ဥက္ကဋ္ဌ သခင်ဇင်နဲ့အတွင်းရေးမှူးသခင်ချစ်တို့ ရိုးမမှာ ကျဆုံးသွားရပြီး ရိုးမတခုလုံးအပေါ် အဲသလို စစ်ရေးအရ သိမ်းပိုက်လုပ်ဆောင်လိုက်နိုင်ခြင်းအပေါ် မဆလစစ်အုပ်စုဝင်ကြီးတွေ အူမြူးနေကြလို့မှ ရယ်မောသံတွေ အဆုံးမသတ်ရသေးခင်မှာ- ပေါ်လာတာက ‘ ၁၉၇၅ ဇွန် ( ၆ ) ကျောင်းသားသပိတ်ကြီး’ ပါပဲ။ ၁၉၇၅ ဇွန် (၆) ကျောင်းသားသပိတ်ကြီးဟာ ၁၉၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီးရဲ့တနှစ်တိတိ ပြည့်မြောက်ချိန်မှာ ‘ ဇွန် (၆) နှစ် လည်သပိတ်ကြီး’ အဖြစ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီ ‘ ၁၉၇၅ ဇွန်(၆) ကျောင်း သားသပိတ်ကြီး’ ရဲ့ခေါင်းဆောင်တွေထဲမှာ အရေးပါတဲ့ခေါင်းဆောင်တဦးဖြစ်ခဲ့တာကတော့ ကျွန်တော်တို့ရဲ့ ကိုလှသောင်းကြီးပါပဲ။
အဲဒီနေ့က ၁၉၇၅ ဇွန်(၆)ရက်နေ့က တက်ကြွတဲ့ဆန္ဒပြကျောင်းသားထုဟာ ရန်ကုန်ဝသတက္ကသိုလ်ထဲကနေထွက်လာသူတွေရော၊ ပညာရေးတက္ကသိုလ် တကောင်းကျောင်းဆောင်ဘက်ကနေ ပတ်ပြီးထွက်လာကြသူတွေပါ ပြည်လမ်းမကြီးပေါ် တစုတစည်းတည်း စုစည်းခဲ့ကြပြီး၊ ဆန္ဒပြသပိတ်စစ်ကြောင်းကြီးအဖြစ် စတင်ချီတက်လာခဲ့ကြချိန်မှာ အဲဒီသပိတ်စစ်ကြောင်းကြီးထဲမှာ ကိုနိုင်ဝင်းဆွေရော ကျွန်တော်ပါ နှစ်ယောက်သားအတူ ပါခဲ့ကြပါတယ်။ ဒီနေ့မနက် ဆန္ဒပြချီတက်ပွဲ အကောင်အထည်ဖော်ဖို့ သေချာသလောက်ရှိလိမ့်မယ်လို့( ကိုလှသောင်းဆီကပဲ) ကြိုတင်သတင်း ရထားချက်အရ၊ ကိုနိုင်ဝင်းနဲ့ကျွန်တော်ဟာ မနက်ပိုင်းကတည်းက တကောင်းကျောင်း ဆောင်နားကြိုရောက်နေရင်း၊ ကျောင်းသားအုပ်စုတွေ လမ်းပေါ်ထွက်လာချိန်မှာ ပါဝင်ပူးပေါင်း ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ကျောင်းသားမဟုတ်ပေမဲ့ ပြည်သူလူထုထဲက ပူး ပေါင်းပါဝင်သူတွေအဖြစ် အားဖြည့်ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေ့က ဆန္ဒပြ သပိတ်စစ် ကြောင်းကြီးဟာ မြန်မာ့အသံ အသံလွှင့်ရုံရှေ့ကနေဖြတ်ပြီးချီတက်ခဲ့ကြရာ ကိုနိုင်ဝင်းက “ ဟိုမှာ ..ဟိုမှာ ..ကဗျာချိုအေး..” လို့ပြောရင်း ကျွန်တော့်ကို မျက်စောင်းထိုး ပြတဲ့အတွက် ကြည့်လိုက်မိတော့ ကျွန်တော်တို့ရဲ့ကိုလှသောင်း။ အင်္ကျီက ယောဂီရောင်ဖော့ခရစ်နဲ့၊ ပုဆိုးကလဲ အဝါနဲ့အနက် မကျီးစေ့ကွက်နဲ့။ ပြီးခဲ့တဲ့ လေးငါးရက်က ကျွန်တော်တို့ဆီ လာတုန်းကလဲ ဒီအင်္ကျီ ဒီပုဆိုးနဲ့ပါပဲ။ အဲဒီတုန်းက ကိုနိုင်ဝင်းက “ အံမယ် ဖော့ခရစ်အင်္ကျီနဲ့ဘာနဲ့ပါလား ” လို့တောင် သူ့ကို စလိုက်သေးတော့၊ ဒီအင်္ကျီက ဒီရန်ကုန်မြို့ထဲမှာပဲ နေနေတဲ့ သူ့အစ်မဝမ်းကွဲက ဝယ်ပေးတာလို့တောင် သိလိုက်ရပါသေးတယ်။
ကိုလှသောင်းကြီးက ဒီဆန္ဒပြစစ်ကြောင်းကြီးထဲတော့ ဆင်းမလာ၊ သူက ဆန္ဒပြစစ်ကြောင်း ချီတက်ရာတလျောက် လမ်းဘေးပလက်ဖောင်းပေါ်ကနေပဲ တောက်လျှောက် လိုက်ပါလာခဲ့ပါတယ်။ ကျွန်တော်တို့ကိုသူ မြင်သွားချိန်မှာ တချက်တော့ လှမ်း ပြုံးပြပါသေးတယ်။ ကျွန်တော်တို့နှစ်ယောက်လုံးကလဲ သိလိုက်ပါတယ်။ တာဝန်ခွဲဝေမှုအရ၊ သူက ဆန္ဒပြစစ်ကြောင်းထဲမှာ လိုက်ဖို့ပါဖို့မဟုတ်၊ ဆန္ဒပြစစ်ကြောင်းဘေးက လမ်းဘေးတလျောက်ကနေသာ အဆက်မပြတ် လိုက်ပါကြည့်ရှုဖို့ တာဝန်ယူ ထားရပုံ ရပါတယ်။ ကျွန်တော်နဲ့ ကိုနိုင်ဝင်းဆွေတို့ပါ ပါဝင်တဲ့ သပိတ်စစ် ကြောင်းကြီးဟာ မြန်မာ့အသံဘေးကနေ ကြံတောဘက်ကို ချိုးကွေ့၊ အဲဒီမှာ ကျောင်းသားလေးငါးဦးက အခေါင်းတလားရောင်းတဲ့ဆိုင်တဆိုင်ထဲကနေ အခေါင်း(၂) လုံးကို ဆွဲချလာတာ လှမ်းမြင်လိုက်ရပါတယ်။ ဝယ်လာခဲ့တာလား၊ တောင်းလာခဲ့သလားဆိုတာတော့ မသိပါ။
အခေါင်းတလုံးကို ‘နေဝင်း’ လို့စာတန်းထိုး၊ နောက်တလုံးကို ‘စန်းယု’ လို့စာတန်းထိုးကာ အခေါင်းတလုံးစီကို ဒရွတ်တိုက် ကြိုးတပ် ဆွဲယူရင်း၊ စမ်းချောင်းဘက်ကနေ မြို့ထဲဆီဦးတည်လိုက်ချိန်မှာတော့... လမ်းဘေး ဝဲယာက အားပေးပရိသတ်တွေ အများအပြားကြားမှာ ကိုလှသောင်းကို မျက် ခြည်ပြတ်သွားခဲ့ရပါလေတယ်။ ဗန္ဓုလပန်းခြံရှေ့ရောက်၊ လမ်းတလျှောက် ကြိုးနဲ့ဆွဲလာခဲ့တဲ့ အခေါင်းနှစ်လုံးကို မီးတင်ရှို့ခါနီးအထိ များ ပြားနေဆဲ လူအုပ်ကြားမှာ ကိုလှသောင်းကိုတော့ မတွေ့ရတော့ပါ။
ကျွန်တော်နဲ့ကိုနိုင်ဝင်းဟာ လူအုပ်ကြီးကြားထဲကနေ ဖျတ်ခနဲ လမ်းခွဲထွက်လာခဲ့ကြပြီး၊ မြို့ထဲ စာ အုပ်တန်းထဲ ဝင်လာခဲ့ကြကာ လမ်းဘေး လက်ဖက်ရည်ဆိုင်လေးတခုမှာ တစ်နာရီကျော်ကြာမျှ ထိုင်ခဲ့ကြပြီးမှ အင်းစိန် ဖော့ကန်က အိမ်လေးရှိရာဆီ အတူပြန်လာခဲ့ကြပါတယ်။ အဲဒီ ‘ ၁၉၇၅ ဇွန် ၆ နှစ်ပတ်လည်လှုပ်ရှားမှုကြီး’ အတွင်း ပထမဆုံးသပိတ်စခန်းဖွင့်ထားရာ ‘ ဘွဲ့နှင်းသဘင်ခန်းမကြီး’ အတွင်းကိုလဲ ကျွန်တော်တို့တတွေဟာ ကျောင်းသားလှုပ်ရှားမှုကို အားပေးတဲ့အနေနဲ့ မဖြစ် ဖြစ်အောင် သွားခဲ့ကြပါသေးတယ်။ အဲဒီတုန်းက ကိုနိုင်ဝင်း၊ ကျွန်တော်နဲ့အတူ၊ ကျွန်းပြန် ကိုတင်ငွေ(နီဟိန်း)နဲ့ ကိုလှကြည် (စာရေးဆရာကြည်နိုင်) တို့လဲ ပါပါတယ်။ ကျွန်းပြန် ကိုကျော်နိုင် (ထက်မြက်)လဲ ပါသေးတယ်လို့ထင်ပါတယ်။ ‘ အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို ထပ်ချဲ့လိုက် ထပ်ချဲ့လိုက် ’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အင်းစိန်ထောင်ကြီးကို ပတ်ပြီးဆန္ဒပြတဲ့နေ့မှာလဲ ကျွန်တော်နဲ့ကိုနိုင်ဝင်းဆွေ ပါခဲ့ပါသေးတယ်။ (အဲဒီမှာ- ပန်းချီဆရာ ကိုယဉ်မင်းပိုက်တောင် ပါလာခဲ့သေးတယ်လို့ ထင်ပါတယ်။) အဲဒီအရေးတော်ပုံကြီးအတွင်းမှာ စစ်အစိုးရက ဒီလှုပ်ရှားမှုဟာ ‘ဗကပ’ လိုလားသူတွေရဲ့လက်ချက်အဖြစ် သတင်းစာကနေ ဖော်ပြခဲ့ပါတယ်။ အရေးတော်ပုံအတွင်း ထုတ်ပြန်ခဲ့တဲ့ လက်ရေးနဲ့ရေးထားတဲ့ သီချင်းစာရွက် နှစ်ခုသုံးခုအပါ ထုတ်ပြန်ချက်တွေကို သက်သေသက္ကာယအဖြစ် ဓာတ်ပုံရိုက်ပြီးတောင် သတင်းစာမှာ ဖော်ပြခဲ့ပါသေးတယ်။ အဲဒီသီချင်းစာသားပါ ပန်းဖလက်လေးပေါ်က လက်ရေးဟာ ကျွန်တော်တို့ ကိုလှသောင်းကြီးရဲ့လက်ရေးပါပဲ။
အမှန်အတိုင်းပြောရရင် အဲဒီ ၁၉၇၅ ဇွန်(၆) နှစ်ပတ်လည်ကျောင်း သားလှုပ်ရှားမှုကြီးရဲ့အရေးကြီးခေါင်းဆောင်တွေထဲမှာ ကျွန်တော်တို့ကိုလှသောင်းကြီးဟာ အဓိကခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။ ကိုလှသောင်းရဲ့ နိုင်ငံရေးဖြတ်သန်းမှုကို ပြောမယ်ဆိုရင် ..အဲဒီ ‘၁၉၇၅ ဇွန်(၆) ကျောင်းသားလှုပ်ရှားမှုကြီး’ ဟာ သူ့ရဲ့ပထမဆုံးသော နိုင်ငံရေးလှုပ်ရှားမှုမှတ်တိုင်လို့တောင် ပြောလိုက်ချင်ပါတယ်။
( ၃ )
၁၉၇၅ ဇွန်(၆) ကျောင်းသားလှုပ်ရှားမှုကိုလဲ မဆလစစ်အစိုးရဟာ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
သပိတ်စခန်းကို ဘွဲ့နှင်းသဘင်ကနေ ရွှေတိဂုံကုန်းတော်ဆီ ပြောင်းရွှေ့လှုပ်ရှားနေစဉ်မှာ ရွှေတိဂုံကုန်းတော်ပေါ်အထိ တက်ရောက်စီးနင်းဖြိုခွင်းခဲ့ပါတယ်။ အဲသလို ဖြိုခွဲရာမှာ ကိုလှသောင်း အဖမ်းတော့မခံရပဲ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။ တက္ကသိုလ်တွေ ပိတ်လိုက်စဉ်မှာ သူဟာ မြို့လှဘက်ဆီ ပြန်သွားနေသလား၊ ဘယ်ဆီ သွားနေသလဲဆိုတာ ကျွန်းတော် ကောင်းကောင်းမမှတ်မိတော့ပေမဲ့၊ ကျောင်းတွေပြန်ဖွင့်ခါနီးလောက်မှာတော့ သူဟာ ကျွန်တော်တို့ရဲ့ဖေါ့ကန်အိမ်လေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပါတယ်။ ဒီတခါတော့ သူ အရင်က နေနေကျ သူ့အစ်မဝမ်းကွဲအိမ်မှာ မနေတော့ပဲ၊ ကျွန်တော်တို့နဲ့ပဲ နေတော့မလို့- လို့လဲ ဆိုပါတယ်။ တကယ်လဲ ကျွန် တော်တို့နဲ့ပဲ အတူအိပ်၊ အတူနေ နေပါတော့တယ်။ အဲဒီတုန်းက ဖော့ကန်က ပထမဆုံးသောအိမ်လေးဟာ တဲသာသာအိမ်လေးပါ။ ကိုနိုင်ဝင်းနဲ့ကျွန်တော်ဟာ ညီအစ် ကိုလို့ပြောပြီး၊ ဒီဖော့ကန်ကခြံလေးကို အတူလက်မှတ်ရေးထိုးဝယ်ယူလိုက်ချိန်မှာ မူလအိမ်ရှင်ရဲ့သုံးပင်နှစ်ခန်း ခြေတံရှည်အိမ်အိုလေးတလုံးလဲ ခြံထဲမှာ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ကိုနိုင်ဝင်းက ဒီမှာလဲ နှင်းဆီခြံလေးကိုပဲ ပြန်တည်ခဲ့ စိုက်ခဲ့တဲ့အတွက်၊ ခြံလယ်မှာရှိနေတဲ့ အိမ်ဟောင်းကြီးကို ဖျက်ပစ်လိုက်ပြီး၊ အဲဒီက တိုင်တွေ သစ်တွေနဲ့ပဲ ခြံထောင့်စွန်းမှာ လူနှစ်ယောက်ယာယီနေသာရုံ အိမ်ငယ်ငယ်လေးအဖြစ် ပြန် လည်ဆောက်လုပ်ထားခြင်းဖြစ်ရာ၊ ခပ်လှမ်းလှမ်းကနေကြည့်လိုက်ရင် တကယ့်ကို သေးသေး ကုပ်ကုပ် တဲသာသာ အိမ်ကလေးပါ။ အခင်းကတော့ ကြမ်းခင်းလေးနဲ့ဖြစ်တာကြောင့်၊ အဲဒီကြမ်း ခင်းလေးပေါ်မှာပဲ ဖျာဟောင်းလေးနှစ်ချပ် ခင်းပြီး ဖြစ်သလို အိပ်ရပါတယ်။ ကိုလှသောင်းပါ ရောက်လာတော့သုံးယောက်သား ခပ်ကြပ်ကြပ် ခပ်ညပ်ညပ်ပေါ့။
ထုံးစံအတိုင်း ရုံးပိတ်ရက်မှအပ နေ့တိုင်းလိုလို ကျွန်တော်က မနက်စောစောဆိုရင် ရုံးသွား၊ ညနေမှအိမ်လေးဆီ ပြန်ရောက်။ ကိုနိုင်ဝင်းကတော့ သူ့နှင်းဆီပင်တွေနဲ့ ရေလောင်းလိုက် ပေါင်း သင်လိုက် အလုပ်တွေရှုပ်နေတတ်ပြီး၊ တပတ် တခါ နှစ်ခါဆိုသလို မြို့ထဲကို ထွက်၊ စာအုပ်တိုက်တွေဆီ ထွက်တတ်ပါတယ်။
အဲဒီတော့ အိမ်မှာ အမြဲရှိနေတတ်တာက ကိုလှသောင်း၊ သူပဲ အမြဲလိုလို ထမင်းဟင်းချက်ပြုတ်သူ၊ ကိုနိုင်ဝင်းရဲ့နှင်းဆီတွေအတွက်လဲ ပေါင်းသင် ရေလောင်း ကူညီသူ။
တက္ကသိုလ်တွေ ပြန်ဖွင့်ခါနီးတရက်မှာတော့ သူ့ရဲ့ကျောင်းတက်ရေးကိစ္စနဲ့ပတ်သက်ပြီး၊ တက္ကသိုလ်ဖက်က သူ့အသိအကျွမ်းတွေဆီ သွားစနည်းနာ တီးခေါက် စုံစမ်းကြည့်ဦးမယ်ဆိုပြီး အိမ်ကနေ အစောကြီးသူ ထွက်သွားပါတယ်။ ညနေပိုင်း ကျွန်တော်လဲ အိမ်ပြန်ရောက်လာချိန်မှာတော့- သူ့ထံက သိလိုက်ရတာက သူ ဘယ်လိုနည်းနဲ့မှ ကျောင်းပြန်တက်လို့ ရမှာမဟုတ်တော့ဘူးဆိုတာပါပဲ။ သူဟာ အဖမ်းမခံရသေးပဲ လွတ်နေသူဖြစ်ပေမဲ့၊ ဒီလှုပ်ရှားမှုကြီးရဲ့အရေးကြီးခေါင်း ဆောင်တွေထဲက တယောက်ဖြစ်တယ်ဆိုတာထောက်လှမ်းရေးဖက်က ဖော်ထုတ်သိရှိသွားရုံမက ကျောင်းက သက်ဆိုင်ရာဌာနအထိတောင် လိုက်လာပြီး သူ့ရဲ့ မွေးနေ့ မွေးရပ် မိဘနာမည်နဲ့တကွ နေရပ်လိပ်စာတွေကိုပါမကျန်၊ သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထောက်လှမ်းရေးက လာရောက်မေးမြန်း ကြည့်ရှု ကူးယူသွားပြီဖြစ်ကြောင်း ဆိုတာပါပဲ။
ဒါကြောင့် ဘယ်လိုမှ ဆက်လက်ကျောင်းတက်ဖို့ဖြစ်နိုင်တော့မှာမဟုတ် ဆိုတာပါပဲ။ သူကတော့ အပြုံးမပျက် မျက်နှာနဲ့ ‘ ကျောင်းတက်လို့မရတော့လဲ မတက်တော့ဘူးပေါ့ဗျာ၊ AS ကို သွားတာပေါ့’ တဲ့။
အတိုချုပ်ပြီး ပြောရရင်တော့ ကျွန်တော်တို့နဲ့အတူ ကိုလှသောင်းဟာ ချို့ချို့ငဲ့ငဲ့ ကြပ်ကြပ် တည်းတည်းနဲ့ လနဲ့ချီ နောက်ထပ်နေထိုင်စားသောက် ဖြတ်သန်းခဲ့ရပြီးနောက် ရန်ကုန်က ခွါကာ၊ လှည့်လည်ရှောင်တိမ်းနေထိုင်ရတဲ့ နိုင်ငံရေးဝရမ်းပြေးဘဝကို စတင်ရပါတော့တယ်။
သူ့ရဲ့တောင်းဆိုမှုက လက်နက်ကိုင်တော်လှန်ရေး (AS)သို့ ပို့ပေးရေးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ခက်တာက ဒီမှာ ရိုးမဗဟိုမရှိတော့သလို၊ ယူဂျီကိစ္စတွေမှန်သမျှ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဆရာချစ် (သခင်ချစ်) ကိုယ်တိုင်လဲ ကျဆုံးသွားခဲ့ရပြီဆိုတော့ ကိုလှသောင်းကို AS သို့ပို့ပေးရေးကိစ္စဟာ ပတ်သက်ရာပတ်သက်ကြောင်း ကျွန်တော်တို့အဝန်းအဝိုင်းအတွင်း၊ တကယ့်ကို ပြဿနာတရပ်အဖြစ် ငယ်ထိပ်တက်လာခဲ့ရပါတော့တယ်။
သူ့ခမြာ တောင်ငူ စစ်တောင်းကမ်းပါးနံဘေးက ရွာငယ်လေးတရွာမှာ နွားတွေကို ကျောင်းရင်း၊ နွားကျောင်းသားအဖြစ် လနဲ့ချီ နေထိုင်ခဲ့ရရှာပါတယ်။ ကျွန်တော်က သူ့ကို အဲဒီရွာလေးအထိ လျှို့ ဝှက်သွားတွေ့ရပြန်ပါတယ်။ သူက “ ရွာလေးက တကယ့်ကို ဆင်းရဲကြတယ်ဗျာ။ ဆေးလိပ်တောင် သောက်စရာမရှိဘူး။ ပွတ်ချွန်းပဲ သတင်းစာစက္ကူ ဒါမှမဟုတ် ရရာစက္ကူနဲ့ ဖြစ်သလိုလိပ်ပြီး သောက်ရတယ် ” လို့ပြောရင်း၊ သူ့ရဲ့ AS သွားရေးကိစ္စအတွက် မြန်မြန်လေး ထပ်ကြိုးစားပေးကြဖို့ကိုပဲ တတွတ်တွတ် ပြောဆိုရှာပါတယ်။ အဲဒီရွာက ကျွန်တော်တို့ရဲ့ရဲဘော် လယ်သမားကြီးက တော့.. ‘ ကိုလှသောင်းက တကယ်ကိုဆေးလိပ်ကြိုက်တဲ့လူဗျာ၊ ဆေးလိပ်ကို သောက်တဲ့နေရာမှာ နှာခေါင်းကတင် မကဘူး၊ မျက်နှာကပါ မီးခိုးထွက်အောင် သောက်တဲ့လူဗျ ။ ဒီမှာတော့ ပွတ်ချွန်းတောင် အနိုင်နိုင်ဆိုတော့- ကျွန်တော်တို့လဲ စိတ်မကောင်းပါဘူးဗျာ..’ တဲ့။
နောက်တော့ သူ့ကို နေရာပြောင်းပေးကြရပြန်ပါတယ်။ ပဲခူးဘက်ဆီကိုပါ။ အဲဒီမှာ သူ့ကိုသင်္ကန်းအဝတ်ခိုင်းထားရပြီး၊ သွားတွေ့ရသူကတော့ ကျွန်တော်ပဲ ပင်တိုင်ဖြစ်ခဲ့ရပြန်ပါတယ်။ နောက်ဆုံးမှာ သူ့ကိုလွတ် မြောက်ဒေသသို့ပို့ခါနီးမှာ ပဲခူးဆင်ခြေဖုံး တောရကျောင်းလေးတခုထဲကနေ ရန်ကုန်အထိ နောက်ဆုံးအကြိမ် သွားရောက်ခေါ်ဆောင် တာဝန်ယူပေးခဲ့ရသူဟာလဲ ကျွန်တော်ပဲ ဖြစ်နေခဲ့ရပါတယ်။
သူ့ကို လွတ်မြောက်ဒေသအထိ တာဝန်ယူ ခေါ်ဆောင်သွားမယ့်သူက လတ်တလောမှာမှ အဆက်အသွယ် ရရှိလာခဲ့တဲ့သူ။ ကျွန်တော်တို့နဲ့လဲ သွေးတိုးစမ်း ဆက်ဆံနေရဆဲအဆင့်ပဲရှိသေးတဲ့သူဆိုတော့ ကိုလှသောင်းကိစ္စမှာ ကိုလှသောင်းကိုပဲ အစမ်းသပ်ခံကရိယာတခုသဖွယ် ပြန်အသုံးချရမယ့်အခြေအနေမျိုးလဲ ဖြစ်နေခဲ့ပါတယ်။ အဲဒီတုန်းက မလိမ့်တပတ်လုပ်သလိုမျိုးလဲ မဖြစ်ရအောင် ကိုနိုင်ဝင်းကနေ ကိုလှသောင်းကို အခြေအနေမှန်ကို ပွင့်ပွင့်လင်းလင်းပဲ ရှင်းပြခဲ့ပါတယ်။ အခုပို့ရမှာက ကိုလှသောင်းရဲ့အဆက်မပြတ် တောင်းဆိုနေမှုကြောင့်သာ ပို့ရမှာဖြစ်တယ်။ တကယ်က ရိုးမဗဟို ကျဆုံးသွားရပြီးကတည်းက အရင်တုန်းက ယူဂျီအဆက် ယူဂျီလမ်းကြောင်းနဲ့ ပြတ်တောက်သွားရပြီဖြစ်တယ်။ အခုက အရှေ့မြောက်ကိုပဲ ပို့ရတော့မှာဖြစ်လေတော့ အမှန်အတိုင်းပြောရရင်- ဒီလမ်းကြောင်း ဒီအဆက်နဲ့ တခါမှ အလုပ်မလုပ်ဖူးသေးသလို၊ ဘယ့်လောက်အထိ ယုံ ကြည်စိတ်ချရမလဲ ဆိုတာတောင် ယတိပြတ်မပြောနိုင်သေးတဲ့အခြေအနေဖြစ်တယ်။ ဒါကြောင့် ရဲဘော်ဟာ အစမ်းသပ်ခံသဖွယ် သွားရမယ့်အနေအထားမျိုးလဲ ဖြစ်နေတယ်။
ဒီတော့ သွားမယ်ဆိုရင် ထည့်ပေးလိုက်မယ်။ ဒီက ကျွန်တော်တို့တွေကိုလဲ ကူညီသလိုဖြစ်အောင် ခင်ဗျားဘက်ကလဲ တခုကို သေသေချာချာလုပ်ပေးစေချင်တယ်။ အဲဒါကတော့ ဗဟိုကို တိုက်ရိုက်ရောက်သွားတာမှန်ရင် ဘယ်အချက်၊ ဗဟိုမဟုတ်ပဲ ဒေသအဆင့် ကြားခံစစ်ဒေသအဆင့်ပဲ ရောက်သွားတာမျိုးဆိုရင် ဘယ်အချက်၊ အဲဒီအချက်(၂)ခုကို လျှို့ဝှက် ပတ်စ်ဝဒ်တခုလို မှတ်ထားပြီး၊ ခင်ဗျားကို ခေါ်သွားမယ့်လူရဲ့အပြန်မှာ ရောက်ပြီဆိုတဲ့စာတစောင်အဖြစ် ပြန်ရေးပေးလိုက်စေချင်တယ်-ဆိုပြီး သေချာမှာကြား စီစဉ်ပေးလိုက်ရပါလေတယ်။ ကိုလှသောင်းဟာ သေချာစဉ်းစားပြီးမှ ပိုင်းဖြတ်ချက်အပြည့်နဲ့လိုက်ပါသွားခဲ့သူ ဖြစ်ခဲ့ပါလေတယ်။
နောက် (၂) လလောက်အကြာမှာတော့ (ခေါ်သွားသူ ပြန်အလာမှာ) ကိုလှသောင်းလက်ရေးနဲ့ ကိုလှသောင်းထံက ပြန်စာကို ကျွန်တော်တို့တွေ ဖတ်လိုက်ရပါလေတယ်။ သူ ပါတီဗဟိုကို ချောချောမွေ့မွေ့ရောက်သွားပြီဆိုတာ သိလိုက်ရရင်း၊ သက်ဆိုင်သူအားလုံး သက်ပြင်းကို ချနိုင်ခဲ့ကြပါတော့တယ်။ သူ ပါတီကို ရောက်သွားခဲ့တာက ၁၉၇၆ အကုန်လောက်မှာလို့ ထင်ပါတယ်။
( ၄ )
စိတ်ဝါဒ ဆန်လိုက်တာလို့ပဲ ဆိုချင်ဆို၊ သူနဲ့ ကျွန်တော်ဟာ ဘယ့်လောက်အထုံရေစက် ကြီးလိုက်ပါသလဲ ဆိုတော့၊ သူ တောခိုသွားလို့၊ လွတ်မြောက်ဒေသဆီ ရောက်သွားပြီးလို့ (၃) နှစ်ကျော်ကျော်ခန့်အကြာမှာပဲ သူနဲ့ကျွန်တော်ဟာ ချိန်းဆိုထားခြင်းမရှိရပါပဲ ကြံကြံဖန်ဖန် ပြန်လည်ဆုံတွေ့ရ ပြန်ပါတယ်။
ရန်ကုန် သမိုင်း ဦးဘဟန်လမ်းထဲက ကျွန်တော်ရဲ့မိတ်ဆွေရင်း ရှေ့နေကြီးတယောက်ရဲ့အိမ်ခန်းလေးထဲမှာပါ။ ရှေ့နေကြီးရော သူ့ရဲ့ဇနီးသည်ဟာ နိုင်ငံရေးအရ ကျွန်တော်နဲ့ချိတ်ဆက်မိကာ ဝါဒဖြန့်ချိရေးလုပ်ငန်းတချို့မှာပါ လက်တွေ့ပူးပေါင်းလုပ်ဆောင်နေကြချိန် ဖြစ်ပါတယ်။ ပြောရရင် ကျွန်တော်နဲ့ဆက်စပ် ပတ်သက်နေကြသူတွေ ဖြစ်နေကြပါပြီ။ ရှေ့နေကြီးရဲ့ဇနီးသည်ကရှမ်းပြည် နယ်ဇာတိဖြစ်တဲ့အပြင်၊ ရှမ်းသွေးလဲ ပါသူဖြစ်ပါတယ်။ သူတို့ရဲ့အိမ်လေးဟာ ခပ်ကျဉ်းကျဉ်းပါ။ ဧည့်ခန်းလိုလို ပင်မအခန်းနဲ့တဆက်တည်းမှာ မီးဖိုချောင်ခန်းလဲဖြစ်တဲ့ ထမင်းစားခန်းလေးရှိပါတယ်။ သူတို့အိမ်လေးဟာ လူပျိုလူလွတ်ဖြစ်တဲ့ ကျွန်တော့်အတွက် မကြာခဏ စားအိမ် သောက်အိမ်လေးလိုလဲ ဖြစ်နေခဲ့ပါတယ်။
အဲဒီနေ့ဟာ မှတ်မှတ်ရရ ပြောရရင် မဆလစစ်အစိုးရရဲ့အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်အမှတ်၂/၈၀ မထုတ်ပြန်ခင် (၃) ရက်လောက်အကွာ၊ ၁၉၈၀ ပြည့် မေလ နောက်ဆုံးအပတ်ထဲမှာ ဖြစ်ပါတယ်။ အဲဒီနေ့မတိုင်ခင် တပတ်လောက်ကပဲ ရန်ကုန်ယူဂျီတာဝန်ခံဇော်ဦး ( နောင်-သစ္စာ ဖောက်)ဟာ ကျွန်တော့်ရုံးအထိ ပေါက်ချလာပြီး၊ “ ကိုကျော်မြ ရှမ်းပြည်ဘက်ကနေ မန္တလေးဘက်အထိ ဆင်းလာတဲ့သတင်း ခပ်သဲ့သဲ့ ကြားရတယ်။ ရန်ကုန်အထိ ရောက်လာဖြစ်တယ်ဆိုရင်တော့ ခင်ဗျားဆီ သူ ရောက်ကောင်း ရောက်လာနိုင်တယ်။ သူက ခင်ဗျားတို့အစုက သွားတဲ့လူ ဖြစ်ရုံမက၊ ခင်ဗျားနဲ့လဲ သိပ်ခင်တယ်မဟုတ်လား။ ဒီတော့ တကယ်လို့များ သူ ခင်ဗျားဆီ ရောက်လာတယ်ဆိုရင်တော့ မဖြစ်ဖြစ်အောင် ပြောပေးပါဗျာ။ သူနဲ့အရေးကြီးတဲ့ကိစ္စတခု ပြောလိုက် ပေးလိုက်စရာရှိလို့ပါ။ ကျွန်တော့်မှာ အဲဒီအထိ တခေါက်တခေါက် ဆင်းသွားဖို့ဆိုတာ မလွယ်လို့ပါ၊ ကိစ္စကလဲ အရေးကြီးလို့ပါ” တဲ့။ ကျွန်တော်ကတော့ သူပြောသလို တွက်ဆမထားမိပါ။
အဲဒီနေ့က ရှေ့နေကြီးအိမ်ကို ဝင်လိုက်တော့ မီးဖိုချောင်ခန်းထဲ ထမင်း စားနေကြရာမှ ကျွန်တော်လာရာဘက်ဆီ မျက်နှာမူ ထမင်းစားနေတဲ့ ရှေ့နေကြီးက “ ဟာ လာဗျို့.. လာလာ.. ထမင်းမစားရသေးလဲ ဝင်စားဗျာ..” လို့လှမ်းအော်လိုက်တဲ့အတွက်၊ ကျွန်တော်ကလဲ “ စားပါဗျာ- စားကြပါ ကျွန်တော်စားပြီးပြီ ” လို့ပြန်ဖြေလိုက်မိရင်း၊ ဧည့်ခန်းလေးထဲက ကုလားထိုင်လွတ်တလုံးပေါ် ဝင်ထိုင်နေလိုက်ပါတယ်။ အဲဒီအချိန်မှာ မီးဖိုချောင်ခန်းထဲကနေ ထမင်းစားပြီးပြီးချင်း ခပ်သုတ်သုတ် လက်စသတ်ပြီး ထွက်လာပုံရတဲ့သူကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး ကိုလှသောင်းပါပဲ။
သူက ကျွန်တော့်ကို မြင်မြင်ချင်း မျက်စေ့တဖက် မှိတ်ပြ လိုက်သလို၊ ပါးစပ်နားကို ဖျတ်ခနဲ လက် ညှိုးတချောင်း ကန့်လန့်ဖြတ်လုပ်ပြရင်း ‘ဘာမှမပြောပါနဲ့ဗျာ’ ဆိုတဲ့အသွင် လုပ်ပြတဲ့အတွက်၊ ကျွန် တော်က မျက်နှာကိုတဖက်လွှဲထားကာ တုံဏှိဘာေဝ ဆိတ်ဆိတ်နေလိုက်ရပါတယ်။ ကိုလှသောင်းက အနားကလွတ်နေတဲ့ တခြားကုလားထိုင်တလုံးမှာ ဝင်ထိုင်ပါတယ်။ အဲဒီအချိန်မှာ ထမင်းစားပြီးပြီဖြစ်ဟန်တူတဲ့ ရှေ့နေကြီးရော ဇနီးသည်ပါ ခပ်လေးလေး ခပ်တွေတွေမျက်နှာပေးနဲ့ထွက်လာပါတယ်။ အဲဒီအချိန်မှာ တစုံတရာကို စဉ်းစားသလိုလိုလုပ်နေရာက ဆုံး ဖြတ်ချက်တခုကို ချလိုက်ပြီးတဲ့ဟန်ပန်နဲ့ (ခုတင်ကပဲ နှုတ်ပိတ်ထားခဲ့ရာက) ကိုလှသောင်းဟာ ကျွန်တော့်မျက်နှာဆီ လှမ်းကြည့်ကာ ကျွန်တော့်နာမည်ကိုပါ ရုတ်တရက်ခေါ်လိုက်ပါတယ်။ တဆက်တည်းမှာပဲ “ ဘယ်နှယ်တုန်း၊ နေကောင်းလား၊ တောင်ကုန်းပေါ်က ဦးလေးတို့မိသားစုကော နေကောင်းကြလား ” လို့သူကပဲ စတင်စကားဆိုလာပါတယ်။ အဲဒီတော့မှ ကျွန်တော်ကလဲ “အားလုံးနေကောင်းပါတယ်။ ခင်ဗျားလဲ ဝလာသလိုပဲ” လို့အလိုက်သင့် ပြန်ဖြေလိုက်ရာ၊ အိမ်ရှင်ရှေ့နေကြီးမှာ အံဩတကြီးဖြစ်သွားပြီး “ ခင်ဗျားတို့တွေက အရင်ကတည်းက အသိတွေလားဗျ ” လို့ခပ်သွက်သွက်မေးလာပါတယ်။ အဲဒီတော့မှ ‘ဟုတ်တယ်’ လို့ပြိုင်တူလိုလို ပြောလိုက်မိရာ ရှေ့နေကြီးက ‘တော်ပါသေးရဲ့ဗျာ..ကျွန်တော်က ဟိုစဉ်းစား သည်စဉ်းစားနဲ့ဖြစ်နေတာ’ လို့ပြောရင်း ခပ်ပြုံးပြုံး ဖြစ်သွားတာ တွေ့လိုက်ရပါတယ်။
( အကြောင်းရင်းက ..ဒီလိုပါ )
ကိုလှသောင်း (ကိုကျော်မြ) ဒီတခေါက် ရန်ကုန်ကိုဆင်းလာတာဟာ သူ့အကြောင်းနဲ့သူပါ။ ဗဟိုကပေးလိုက်တဲ့အထူးတာဝန်တရပ်နဲ့ ဘယ်ယူဂျီလမ်းကြောင်းကမှ လာတာမဟုတ်ပဲ၊ သီးသန့်လမ်းကြောင်းကနေ လာတာပါ။ ရန်ကုန်ဟာ သူကျွမ်းကျင်ပြီးနယ်မြေဖြစ်ပေမဲ့၊ လိုအပ်ရင် တည်းလို့ခိုလို့ ဝင်လို့ထွက်လို့ရအောင် အရှေ့မြောက်ရှိ ကိုဇော်ထွန်း (ကိုခင်မောင်ဖြူ) ဆီကနေ မိတ် ဆက်စာတစောင်ကိုလဲ ယူလာခဲ့တယ်ဆိုပါတယ်။ ကိုဇော်ထွန်းရဲ့စာက သူနဲ့အင်မတန်ရင်းနှီးပြီး သူအင်မတန်ယုံ ကြည်စိတ်ချတဲ့ ရှေ့နေကြီးလင်မယားထံ ရေးပေးလိုက်တဲ့စာပါ။ ဘယ်သူနဲ့မှ မတိုးရအောင် အဲသလိုစီစဉ်လာခဲ့ပါမှ ကျွန်တော်နဲ့တည့်တည့်တိုးရတဲ့အဖြစ်ပါပဲ။ ( ကိုဇော်ထွန်းက သူ့လူတွေဟာ ဘယ်သူနဲ့မှ ပတ်သက်မှု ရှိသေးဟန်မတူ လို့ယူဆပြီး အခုလို စာရေးပေးလိုက်ပုံရပါတယ်။) အဲဒီမှာ စိတ်ထက်တဲ့ရှေ့နေကြီးက စာဟာ ကိုခင်မောင်ဖြူရဲ့စာမှန်း သိလိုက်ရပေမဲ့၊ တဖက်က လက်တွေ့အလုပ်လုပ်နေတဲ့သူဟာ ကျွန်တော်နဲ့ပဲ ဖြစ်နေတဲ့ အပေါ်မှာ ပါတီဗဟိုတခုတည်းက ဖြစ်ပါလျက်၊ ဘာလို့ဒီလို ဖြစ်ရသလဲ ဆိုတာ ဇဝေဇဝါဖြစ်သွားရင်း၊ အခုစာနဲ့လာသူဟာ တကယ်ပါတီဗဟိုကမှ ဟုတ်ပါ့မလား၊ ထောက်လှမ်းရေးက အစတစစ ရထားပြီးသားကနေအစီ အစဉ်ရှိရှိ ဂွင်ဆင်ပြီး လာတာများ ဖြစ်နေမလား ဆိုတဲ့အထိ ဟိုတွေး သည်တွေး တွေးစရာတွေ ဖြစ်သွားရတယ်ဆိုပါတယ်။ သိပ်မဟန်ဘူးဆိုရင်တော့ စာနဲ့လာတဲ့ ဒီလူကို ဘယ်လိုရှင်းပစ်လိုက်ရမလဲဆိုတာအထိ တောင် အတွေးဝင်သွားခဲ့ရတယ်ဆိုပါတယ်။ ( ဒါကို ကိုလှသောင်းရှေ့မှာတော့ မပြော၊ နောက်ပိုင်းမှာမှ ကျွန်တော့်ကို ပြောပြလို့သိလိုက်ရတာပါ။ ) ဖြစ်ရပုံကတော့ အဲသလိုကို ဖြစ်ခဲ့ရတာပါ။
အဲဒီတုန်းက ကိုလှသောင်းဟာ ရှေ့နေကြီးရဲ့အိမ်မှာလဲ ညအိပ်ဖြစ်ခဲ့သလို၊ ကျွန်တော့်ရဲ့ညအိပ်ရာ နေရာဖြစ်တဲ့ ကျွန်တော့်ရဲ့ရုံးထဲအထိတောင် နှစ်ရက်တိတိ လိုက်လံ ညအိပ်ရင်း ပြောစရာစကားမျိုးစုံကို ပြောဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အရင်က ကိုနိုင်ဝင်းနဲ့အတူနေခဲ့တဲ့အိမ်နဲ့ခြံလေးကိုလဲ ရောင်းချ ရှင်းလင်းပစ်ခဲ့ပြီးပြီ ဖြစ်တာကြောင့်၊ ခြေသလုံးအိမ်တိုင်သမားဖြစ်နေတဲ့ ကျွန်တော်ဟာ ညညမှာ ကျွန်တော့်ရုံးကိုပဲ သွားသွားပြီး အိပ်နေချိန်ဖြစ်ပါတယ်။ သူက သူသွားချင်တဲ့နေရာတွေဆီ ဘယ်လိုသွားရမလဲ ဆိုတာမျိုးကအစ တိုင်ပင်ခဲ့တာတွေလဲ ရှိပါတယ်။ နောက်ထပ် နှစ်ရက်လောက်အကြာမှာတော့.. သူက “ ဇော်ဦးကို အကြောင်းကြားချင် ကြားလိုက်တော့ဗျာ၊ ကျွန်တော့်မှာ ငွေ အခက်အခဲ ရှိနေပြီ၊ သူ့ဆီက ဆွဲသွားမယ်၊ သူ နဲ့တွေ့ဖို့မပါပေမဲ့ ကြည့်ကျက် လုပ်သွားရမှာပဲ ” လို့ဆိုလာတဲ့အတွက် ကျွန်တော်က ဇော်ဦးကို ချိန်းပေးခဲ့ရပါတယ်။ “ ကိုကျော်မြ ကနေ့ပဲ ရောက်လာတယ် ” ဆိုပြီး ချိန်းပေးလိုက်ရတာ ဖြစ်ပါတယ်။ တကယ်က ကိုကျော်မြ ရောက်နေတာက တပတ်လောက်တောင် ရှိနေပြီဖြစ်ပါတယ်။
နောက်ပိုင်းမှာ ၁၉၈၂ ထဲမှာ ဇော်ဦးရော ကျွန်တော်တို့တတွေအပါ စစ်အစိုးရ ထောက် လှမ်းရေးရဲ့ဖမ်းဆီးမှုကို ခံလိုက်ကြရပါတယ်။ ဇော်ဦးရဲ့ ဖော်ချက်အရ လူပေါင်း (၁၈၀) ကျော်တောင် အဖမ်းခံလိုက်ရတဲ့ ရန်ကုန်အပါ တပြည်လုံး ယူဂျီလှုပ်ရှားမှု ဖော်ထုတ်အရေးယူခံလိုက်ရမှုကြီးဖြစ်ပါတယ်။ အဲဒီမှာ ထောက်လှမ်းရေးပါးကွက်သားများရဲ့ အပြင်းအထန် ညှဉ်း ပန်းနှိပ်စက်မှုမျိုးစုံကို ကျောကော့အောင် ခံခဲ့ရရာမှာ ‘ ၁၉၈၀ ပြည့်နှစ်ထဲမှာ ကိုကျော်မြ တောထဲကနေ ရန်ကုန်ကို ဗဟိုကော်မတီရဲ့အထူးတာဝန်ပေးချက်နဲ့ရောက်ရှိလာခဲ့မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ဖော်ထုတ်စစ်ဆေးချက်ဟာ ကျွန်တော့်အတွက် ရေဆုံးရေဖျား အသေအလဲ ခံခဲ့ရတဲ့အချက်တချက် ဖြစ်ခဲ့ရပါတယ်။ ဇော်ဦးဟာ ကျွန်တော့်ဘက်ကို မျှားဦးလှည့်ပေးပြီး၊ သူ မသိခဲ့တာတွေကိုပါနှပ်ကြောင်းပေးပြီး ဖော်ခဲ့ ဖောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်မှာ ဒဏ်ရာပေါင်းစုံ ရခဲ့ရပါတယ်။ ကျွန်တော့်ဘဝမှာ ကိုကျော်မြနဲ့ပတ်သက်လို့ မမေ့စရာ အဖြစ်အပျက်တခုလို့ပဲ ဆိုလိုက်ချင်ပါတယ်။
( ၅ )
ကိုကျော်မြ နဲ့ကျွန်တော့်အကြားမှာ ဘဝရေစက်က ဘယ့်လောက်ကြီးလိုက်ပါသလဲဆိုရင် အဖြစ်ကအဲသလောက်နဲ့လဲ အဆုံးမသတ်နိုင်ခဲ့ပါ။ ကျွန်တော် နှစ်ပြည့်လို့ထောင်ကထွက်၊ သိပ်မကြာခင် ဒေါ်ဒေါ်ဒေါ်ကြည်ကြည် (ဥက္ကဋ္ဌ သခင်ဇင့် ဇနီး) အဖမ်းခံရတဲ့ကိစ္စနဲ့ဆက်စပ်ပြီး ထပ်မံဝရမ်းပြေးရ ၊ ၁၉၈၈ မတ်လဖုန်းမော်အရေးအခင်းကြီးပေါ်ထွက်လာမှ ရန်ကုန်ကို ပြန်ကပ်နိုင်ခဲ့ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်လာတော့ တတ်နိုင်ရာရာ နေရာလေးတွေကနေ ပါဝင်လှုပ်ရှားခဲ့ရ ၊ နောက်ဆုံး ‘ ပြည်သူ့တိုးတက်ရေးပါတီ’ တကျော့ပြန် ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်ရင်း၊ ပြည်သူ့တိုးတက်ရေးပါတီကို ဗကပ ရဲ့မြေပေါ်ပါတီဆိုတဲ့ စွပ်စွဲချက်နဲ့ နဝတက ဖျက်သိမ်းပစ်ကာ ဗဟိုကော်မတီဝင်တွေအားလုံးကို လိုက်လံဖမ်း ဆီးရာမှာ ထပ်မံတကျော့ပြန်ဝရမ်းပြေးဖြစ်ခဲ့ရပြန်ရင်း၊ နောက်ဆုံး မန္တလေးမြို့က ဘုန်းကြီးကျောင်းတိုက်တွေ၊ မိတ်ရင်းတွေထံ လှည့်လည်ခိုလှုံ လှုပ်ရှားနေခဲ့ရာက မန္တလေးမှာ ကိုကျော်မြနဲ့လဲ တကျော့ပြန် ပြန် လည်တွေ့ဆုံရပြန်ပါလေတယ်။
မန္တလေးမှာ ဝရမ်းပြေးအဖြစ် ရောက်ရှိနေတဲ့ ကျွန်တော့်ကို မန္တလေးသားတပိုင်းသဖွယ်ဖြစ်နေတဲ့သူက သတိတရ ချိန်းဆို တွေ့ဆုံဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့တွေ့တော့ သူက သူ့ရဲ့မူပိုင်အပြုံး ပြုံးစစနဲ့ “ ဟေ့လူ.. ကျွန်တော်တော့ မိန်းမလဲ ရနေပြီဗျ” တဲ့။ “ အဲဒါ ခင်ဗျားနဲ့လဲ မိတ်ဆက်ပေး တွေ့ပေးရဦးမယ်” လို့ပါ တဆက်တည်း သူကပြောလာရုံမက၊ တကယ်လဲ သူက ကျွန်တော့်ကိုခေါ်သွားကာ မိတ်ဆက်ပေးခဲ့ပါတယ်။ သူက သူ့ဇနီးနဲ့မိတ်ဆက်ပေးတဲ့အခါ၊ ကျွန်တော့်ကို ‘ ကိုအောင်’ ဆိုတဲ့နာမည်နဲ့မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက မန္တလေးမှာ ကျွန်တော်အသုံးပြုနေတဲ့နာမည်ဟာ ‘ကိုအောင်’ ပါ။ ဒါကြောင့် ဟာသဉာဏ် အလွန်ရွှင်တဲ့ ကိုသိန်းသန်းဦး (မောင်ကမ္ဘာ)ကဆိုရင် ကျွန်တော့်ကို ‘ပထမံကြီး’ ‘မြေလျှောက်ဝိဇ္ဇာကြီး’ လို့လဲ ကျွန်တော့်နောက်ကွယ်မှာ ခေါ်လေ့ရှိပါတယ်။
အဲဒီတုန်းက သူတို့လင်မယားနှစ်ယောက်လုံး ခိုနေကြတဲ့ သူတို့ရဲ့ ‘ဝပ်ကျင်း’ လေးတခုလို့ ပြောရမယ့်နေရာက နှင်းဆီခြံလေးနဲ့အိမ် ဖြစ်နေရာ၊ ကျွန်တော်က တခါက ကျွန်တော်တို့တွေ အတူနေထိုင်ခဲ့ကြဖူးတဲ့ဖေါ့ကန်က နှင်းဆီခြံအိမ်လေးကိုတောင် ဖျတ်ခနဲ သတိရလိုက်မိပါတယ်။ ကိုနိုင်ဝင်းဆွေရဲ့မဟူရာမျက်နှာကြီးကိုပါ ဖျတ်ခနဲ သတိရလိုက်မိပါသေးတယ်။
“ အေးဗျာ.. ဒီနှင်းဆီတွေကို မြင်ရပြန်တော့ ကိုနိုင်ဝင်းရဲ့နှင်းဆီတွေကိုလဲ သတိရမိတယ်ဗျာ၊ တကယ်ကို လွမ်းစရာပဲ” လို့လဲ ပြောလိုက်မိပါတယ်။ ကိုကျော်မြရဲ့မျက်နှာပြင်ပေါ်မှာလဲ အလွမ်းရိပ်တစ ဖြတ်သန်းသွားသယောင်လဲ မြင်လိုက်ရပါတယ်။ ဘေးဘေးဘီဘီမှာ လူတယောက်မှ မရှိတဲ့အချိန်မှာ သူက ...
“ ကျွန်တော်လဲ လွမ်းတာပါပဲ ၊ ဒါပေမဲ့ အဖြစ်တွေက မထင်မှတ်ထားတာတွေကိုပဲ ဖြစ်ခဲ့ကြတာလို့ဆိုရမှာပဲ၊ ကျွန်တော့်ကို အတွေးအခေါ်အရ၊ နိုင်ငံရေးအရ စပြီးစည်းရုံးခဲ့တာ ကိုနိုင်ဝင်းပဲလေ။ ဒါကြောင့် ပါတီမှာပါတီဝင်တွေ စတင်သိမ်းသွင်းတော့ ကျွန်တော် ပထမဆုံးတောင်းဆိုခဲ့တာက ကျွန်တော့်ကို ပါတီဝင်အဖြစ်ပေးမယ်ဆိုရင် ကိုကျော်ဆိုင်ကို ပါတီဝင်အဖြစ်ပေးပြီးနောက်မှ ကျွန်တော့်ကို ပေးဖို့တောင်တောင်းဆိုခဲ့ဖူးပါတယ်” လို့ တလုံးချင်း တလုံးချင်း လေးလေးတွဲ့တွဲ့ကြီး ပြောရှာပါတယ်။
‘ကိုကျော်ဆိုင်’ ဆိုတာ အရှေ့မြောက်ဒေသရောက် ကိုနိုင်ဝင်းဆွေ ရဲ့ပါတီတွင်းနာမည်လေ၊ ယူဂျီဘဝမှာလဲ ကိုကျော်ဆိုင်ပါပဲလေ။
အဲဒီနေ့က ကျွန်တော်လဲ သူတို့လျှို့ဝှက်နေထိုင်နေရာ၊ အဲဒီနှင်းဆီခြံအိမ်လေးမှာပဲ ညအိပ်ဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ အဲဒီခြံလေးထဲမှာ ရံဖန်ရံခါ ဝင်ထွက်ဖြစ်ရင်း၊ တပတ်နီးပါးကြာမျှအထိလဲ နားခိုနေထိုင်ခဲ့ရဖူးပါတယ်။
ကျွန်တော်က မန္တလေးမှာ နိုင်ငံရေးဝရမ်းပြေးအဖြစ်နဲ့ ဖြတ်သန်းနေရစဉ်မှာ အများဆုံးက ဘုန်းကြီးကျောင်းတွေမှာ၊ ရံဖန်ရံခါကတော့ ရန် ကင်းတောင်ခြေအနီးက ကျွန်တော့်ရဲဘော် အမွှာညီနောင်ရဲ့ခြံလေးထဲမှာ နေလေ့ ခိုလေ့ ရှိပါတယ်။ ဝရမ်းပြေးဆိုတော့ တနေရာတည်းမှာ ကျောက်ချနေလို့မဖြစ်လေတော့ မကြာခဏ လိုအပ်သလို အပြောင်းအလဲလုပ်ပြီး နေရလေ့ရှိပါတယ်။ အမွှာညီနောင်ရဲ့ ရန်ကင်းတောင်ခြေအနီးက ခြံလေးဟာ လယ်မြေကနေ ခြံအဖြစ် စတင်ပြောင်းလဲ တည်ခါစပဲ ရှိပါသေးတယ်။ အမွှာညီနောင်ဟာ အဲဒီခြံလေးထဲမှာ အိပ်လေ့မရှိပဲ၊ အဲဒီခြံလေးရဲ့သော့တစုံကို ကျွန်တော့်ကိုပဲ ပေးထားတဲ့အပြင်၊ ကြိုက်သလို တကိုယ် တော် နေထိုင်စားသောက်နိုင်ဖို့ ဆန်၊ ဆီ၊ ဆား၊ ငံပိ၊ ငါးခြောက်လေးတွေပါ ဝယ်ယူပေးပို့ထားလေ့ရှိပါတယ်။ အဲဒီတော့ အဲဒီခြံလေးထဲမှာ ကျွန် တော်တယောက်တည်းပဲ နေတဲ့အခါ၊ ကျွန်တော်ရှိရာဆီကို မကြာခဏဆိုသလို ရောက်လာလေ့ရှိသူကလဲ ကိုကျော်မြပဲ ဖြစ်ပါတယ်။ သူက စက်ဘီးတစီးနဲ့ခြေစကြာဖြန့်နေလေ့ရှိရာ၊ ကျွန်တော်နဲ့တွေ့ချင်တဲ့အခါ (ဒါမှမဟုတ်) ခရီးကြုံတဲ့အခါတွေမှာ ဝင်လာလေ့ရှိပါတယ်။ များသောအားဖြင့် ညနေ နေဝင်ရီတရောအချိန်မျိုးတွေမှာ ပေါက်ချလာလေ့ ရှိပါတယ်။ လာတဲ့အခါတိုင်းလိုလိုမှာလဲ အစိတ်သားလောက်ရှိမယ့် ဝက်သားထုပ်လေးနဲ့ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းလေးတွေပါပါလာလေ့ရှိရာ၊ ဟိုတုန်းက ကျွန်တော်တို့နေထိုင်ရာ အင်းစိန်-ဖေါ့ကန်အိမ်လေးဆီကို ရံဖန်ရံခါ ရောက်ရောက်လာတတ်တဲ့ သူ့ရဲ့ကျောင်းသားဘဝက ရုပ်ပုံလေးတွေကို ပြန်ပြန် အမှတ်ရချင်စရာပါပဲ။ ကွာတာက ဟိုတုန်းက ဝက်သားထုပ်လေးက တဆယ်သားထုပ်လောက်သာဖြစ်ပြီး၊ အခုက အစိတ်သားထုပ်လောက်ဖြစ်လာတာပါပဲ။
သူက ရောက်လာတာနဲ့ ဟိုတုန်းကအတိုင်း ဝက်သားလေးတွေကို တုံးတစ်ပြီး ခရမ်းချဉ်သီးများများနဲ့ဟင်းချက်ပါမယ်။ ထမင်းမချက်ရသေးရင် ထမင်းပါ သူ ချက်ပါလိမ့်မယ်။ ထမင်းက ကျွန် တော်ချက်ထားပြီးသားဖြစ်တတ်ရာ သူ ဖွဖွလေး ပြုံးသွားပါလိမ့်မယ်။ ကျွန်တော်က နောက်နေ့မနက်စောစော ထမင်းကြမ်းစားဖို့အထိပါ ပိုပိုမိုမို ချက်ထားလေ့ရှိလေတော့- နှစ်ယောက်စားရင်လဲ မလောက်မင ဖြစ်စရာမရှိပါ။ ထုံးစံအတိုင်း ထင်းမီးခိုးတွေနဲ့အပြိုင် သူ့ပါးစပ်ဖျားက ဆေးပေါ့လိပ်မီးခိုးတွေကလဲ တလူလူထနေလေ့ရှိပါတယ်။
ကျွန်တော်က “ ဟေ့လူ.. ခင်ဗျားအမျိုးသမီးက ခုလို ညပိုင်း အိမ်ပြန်မရောက်ရင်-စိတ်တွေဘာတွေ ပူမနေဘူးလား” လို့မေးရင် သူက အားရပါးရပြုံးလိုက်ပြီး “ ရိုးနေပါပြီဗျာ၊ ကျွန်တော်ကလဲ ဘယ်ကိုသွားမယ်လို့သာ ပြောမပြဖြစ်တာ၊ ကိစ္စရှိတယ်၊ ညမှာ နီးရာ ကြုံရာ အိပ်ဖြစ်လိမ့်မယ်ဆိုတာမျိုးလောက်တော့ အသိပေးခဲ့ပါတယ်။ သူက သဘောပေါက်နေ ရိုးနေပြီဗျ။ သူကိုယ်တိုင်လဲ ဖြတ်သန်းမှုက ရှိနေပြီးသားလေ” တဲ့။
တကယ်ကတော့ ကျွန်တော်ကလဲ နိုင်ငံရေးဝရမ်းပြေး၊ သူကလဲ နိုင်ငံ ရေး ဝရမ်းပြေးပါပဲ။ ကျွန်တော်က ပြည်သူ့တိုးတက်ရေးပါတီ အဖျက်သိမ်းခံရရင်း လိုက်လံဖမ်းဆီးနေမှုကြောင့် ပြေးနေရသူ။ သူက ယူဂျီ ၄၈၂၈ ပါတီကော်မတီရဲ့အရေးကြီးကော်မတီဝင်တယောက်အနေနဲ့ ရန်သူ့မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ရင်း ပြေးနေရသူ ။ မတူတာက မန္တလေးဒေသတဝိုက်မှာ ကျွန်တော်ဟာ တစိမ်း၊ ဧည့်သည် ။ သူက ကျွမ်းကျင်ပြီးသား နယ်ခံ၊ အိမ်ရှင်။
မန္တလေးတဝိုက်မှာ နေစဉ်တလျောက်လုံး သူက ကျွန်တော့်ကို အကူ အညီမျိုးစုံ ပေးခဲ့ပါတယ်။ ကျွန်တော့်လက်မှာ နာရီ မရှိတာကို သတိပြုမိပြီး၊ “ ဟေ့လူ .. အချိန်က အရေးကြီးတယ်။ တခါ တခါ အချိန်းအချက်ရှိရင် တိကျဖို့လိုတယ်လေ..” လို့ဆိုပြီး နာရီတလုံးဝယ်ပေးခဲ့ဖူးသလို၊ အင်္ကျီ၊ ပုဆိုး၊ ဦးထုပ်ကအစ ဝယ်ပေးခဲ့ဖူးပါတယ်။ သူက အကူအညီ လိုပြီဆိုရင်လဲ ကျွန်တော့်ကို မရမက ပွင့်ပွင့်လင်းလင်းပြောဆိုပြီး အကူအညီ တောင်းလေ့ ရှိပါတယ်။
အတိုချုပ်ပြီး ပြောရရင်-သူ မန္တလေးကနေ ရန်ကုန်ကိုပြောင်းရွှေ့တော့ဖို့ ပြင်ဆင်နေချိန်မှာ သူက အတင်းအကျပ်ကို နားပူနားဆာလုပ်ပြီး အကူ အညီတောင်းတဲ့အတွက်၊ ရန်ကုန်က ကျွန်တော်နဲ့ရင်းနှီးတဲ့ ကျွန်းပြန်ရဲဘော်တယောက်ကို မန္တလေး ဆင်းလာဖို့ လှမ်းမှာခဲ့ရပြီး၊ သူနဲ့ မိတ်ဆက်ပေးခဲ့ရသလို၊ တကသကျောင်းသူဟောင်း အစ်မကြီးတယောက်နဲ့လဲ မလွှဲမရှောင်သာ မိတ်ဆက်ပေးခဲ့ရဖူးပါတယ်။ အဲဒီမှာ“ ကိုယ့်လူ၊ ခင်ဗျားက မရမကပြောလွန်းလို့သာ ဒီအစ်မနဲ့မိတ်ဆက်ပေးရမှာ။ ဒီအစ်မနဲ့ပတ်သက်လို့ကတော့ သူ့မှာ ဘယ့်လောက်အခက်အခဲမျိုးစုံရှိနေသလဲဆိုတာ ခင်ဗျားလဲ အသိ၊ ဒီတော့ ဘယ်လိုအခက်အခဲမျိုးနဲ့ပဲ ကြုံရ ကြုံရ ဒီအစ်မကြီးကို မပေါ်စေရပါဘူးလို့ ခင်ဗျား ကတိအခိုင်အမာပြုရမယ်။ အဲဒါမှ ကျွန်တော့်ဘက်ကလဲ ပွင့်ပွင့်လင်းလင်းပြောပြီး ဆက်သွယ်ပေးနိုင်မယ်-” လို့ပြောဆိုခဲ့ရရာ သူက လေးလေးနက်နက် ကတိပြုခဲ့ပါတယ်။
( ၆ )
နောက်ပိုင်းမှာ ရန်ကုန်မှာ သူရော သူ့ဇနီးပါ အဖမ်းအဆီးခံလိုက်ရကြောင်း-၊နယ်စပ်တနေရာကနေကျွန်တော် စိတ်မကောင်းစွာ ကြားသိလိုက်ရပါတယ်။ လူတွေတချို့ ထပ်ပြီး အဖမ်းအဆီးခံကြရတာကိုလဲကြားနေရပေမဲ့၊ သူဟာ သူကတိပေးခဲ့တဲ့အတိုင်း ကျွန်တော် မိတ်ဆက်ပေးခဲ့တဲ့ အစ်မကြီးကိုတော့ သူ့ဆီက အစွန်းအစတောင်မထွက်ခဲ့ပဲ အပြည့်အဝထိန်းသိမ်းသွားခဲ့နိုင်တာ ကျွန် တော်ကတော့ ကျွန်တော့်လက်တွေ့အရ သိလိုက်ရပါတယ်။
ထပ်ပြီးကြားရတာက သူ့ဇနီး မရီမှာ ကိုယ်ဝန်ကြီးနဲ့အဖမ်းခံလိုက်ရတာဖြစ်ပြီး ထောင်ထဲမှာပဲ သားလေးမွေးတဲ့အကြောင်း၊ နောက်တော့ ကလေးကို မရီရဲ့အမျိုးတွေဘက်ကပဲ အပြင်ထုတ်ခေါ်ယူသွားပြီဖြစ်ကြောင်း ဆိုတာတွေပါ ကြားရပါတယ်။ နောက်တော့ သူ့သားကြီးနဲ့ပတ်သက်ပြီး ရေးဖွဲ့ထားတဲ့ သူ့ရဲ့လှပတဲ့ ကဗျာလေးတပုဒ်ကို နယ်စပ်က ကျွန်တော်တို့တတွေအထိ ရရှိ ဖတ်ရှုလိုက်ရပါတယ်။ အနှစ်ချုပ်ကတော့ သူ့ရဲ့သားကြီးကို ရဲဘော်တွေအားလုံးရဲ့လက်ထဲသို့ အပ်နှံလိုက်တဲ့အကြောင်း ခံစားချက်အပြည့်နဲ့ရေးဖွဲ့ထားတဲ့ ကဗျာဖြစ်ပါတယ်။
နောက်တော့ အားလုံး သိကြတဲ့အတိုင်း ကိုကျော်မြအပါအဝင် ကျွန်တော်တို့ရဲဘော်တွေ တယောက်ပြီးတယောက်၊ တသုတ်ပြီးတသုတ် ထောင်ကနေ လွတ်မြောက်လာကြတာ ကြားရပါတယ်။ နောက်တော့ ကိုကျော်မြ နဲ့မရီတို့ရဲ့သားကြီး ဆရာဝန်တောင် ဖြစ်နေပြီဆိုတာကအစ၊ ကိုကျော်မြလဲ စာလေးပေလေးပြန်ရေးနေပြီ..ဆိုတာပါ ကြားလာရတဲ့အတွက် ရင်ထဲမှာ လှိုက်ကနဲ ကြည်နူးပီတိ ဖြစ်လိုက်ရပါသေးတယ်။
သူ့ရဲ့ကလောင်နာမည်က ‘ လရောင်လင်း’ တဲ့။ ‘ လရောင်လင်း’ နဲ့ရေးတဲ့ သူ့လက်ရာလေးတွေကို မြနန္ဒာဂျာနယ်မှာ ပိတောက်ပွင့်သစ်မှာ ကြိုကြား ကြိုကြား တွေ့လိုက်ရမိရင်း ဝမ်းသာနေမိပါတယ်။
၂၀၁၄ နှစ်လယ်ထဲမှာတော့ ‘လရောင်လင်း’ ဆိုတဲ့နာမည်နဲ့ သူကိုယ် တိုင်လက်မှတ်ရေးထိုးထားတဲ့ စာအုပ်လေးတအုပ် ကျွန်တော့်လက်ထဲအထိ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါတယ်။ အပေါ်ဆုံးမှာကျွန်တော့်ရဲ့နာမည်ရင်းရော၊ ကလောင်နာမည် ‘ဝင်းတင့်ထွန်း’ ပါ ရေးထိုးထားပြီး၊ အဲဒီအောက်မှာမှ သူ့လက်မှတ်တိုလေးနဲ့အတူ ‘လရောင်လင်း’ ဆိုတာကို ရေးသားထားပါတယ်။ စာအုပ်က “ ရဲဘော်မောင်လေး (သို့မဟုတ်) ပြည်သူ့ဘက်က တော်လှန်ရေးသမား” ဆိုတဲ့ စာအုပ်လေးပါ။ ရန်သူ့စစ်ကြောရေးအတွင်းမှာ အသက်ကိုတောင် စွန့်လွှတ်ပြီး၊ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ပြသသွားခဲ့တဲ့ ရဲဘော်မောင်လေး (ခေါ်) ဦးမောင်ကို အကြောင်း အထိမ်းအမှတ်ပြု ထုတ်လိုက်တဲ့ စာအုပ်လေးပါ။ အဲဒီထဲမှာ လရောင်လင်း ရဲ့“ဦးလေးအေဝမ်း မသေပါ” ဆိုတဲ့ အမှတ်တရဂုဏ်ပြု လက်ရာလေးပါ ဖတ်လိုက်ရပါတယ်။
၄၈၂၈ ပါတီကော်မတီမှာ ဦးမောင်လေးက ‘အေဝမ်း’ ၊ သူက ‘အေ သရီး’ မဟုတ်လား။ ဒီဖက်မှာ ၂၀၁၅ ဇန်နဝါရီလဆန်းမှာ ရဲဘော်ထွန်းကွယ် လွန်တော့ မန္တလေးမှာ ကိုကျော်မြတယောက် မျက်ရည်လဲကျ ငိုလဲငိုတဲ့အကြောင်း ကြားရပါတယ်။
ကျွန်တော်တို့တတွေဟာ ရပ်တည်ချက်အရ စိတ်ဓာတ်အရတော့ ခိုင်မာတည်ကြည်နိုင်ကြပေမဲ့၊ ခံစားတတ်မှုအရ၊ နှလုံးသားအရတော့ မျက်ရည်ဖြိုင်ဖြိုင်ကျတတ်သူတွေ၊ မျက်ရည်မနိုင်သူတွေဖြစ်နေကြပြီမဟုတ်လား။ ကျွန်တော်လဲ အတူတူပါပဲ။
နောက်တော့ ကိုကျော်မြလဲ ကျန်းမာရေးက သိပ်မကောင်းဘူး၊ မရီ (မခင်မာ) လဲ ဝှီးချဲနဲ့သွားလာနေရတယ် ဆိုတဲ့သတင်းတွေ ဟိုက သည်က ကြားနေခဲ့ရပါတယ်။ ကိုကျော်မြခမြာ ဆိုင်ကယ်ပေါ်တောင် နောက်ကနေ လိုက်စီးဖို့ ဖြောင့်ဖြောင့်တန်းတန်း မတက်နိုင်ရှာတော့ဘူးဆိုတဲ့သတင်းကို ကြားရတဲ့အခါမှာတော့ တော်တော်ကို စိတ်မကောင်းကြီးစွာ ခံစားရပါတယ်။
တနှစ်ကတော့ မန္တလေးမှာ ကျွန်တော်တို့ရဲ့ရဲဘော်တဦးဖြစ်တဲ့ ကဗျာ ဆရာမကြီး ‘မစိမ်းပင်’ ကွယ်လွန်သွားရှာတဲ့သတင်း ကြားလိုက်ရသလို၊ အဲဒီဈာပနမှာ မစိမ်းပင် ရဲ့ရုပ်ကလာပ်ပေါ်မှာ တူတံဇဉ်အလံလွှမ်းပေးတဲ့အခါ၊ ကိုယ်တိုင်ကိုယ်ကျ တူတံဇဉ်အလံ လွှမ်းပေးနေတဲ့ ကိုကျော်မြကြီးရဲ့ ဓာတ်ပုံကိုပါ မြင်ခွင့်ရလိုက်ရင်း၊ ပင့်သက်ဖွဖွ ချခဲ့ရပါတယ်။
နောက်တော့ မနှစ်ပိုင်းကပဲ နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ကြီးတယောက်ဖြစ်တဲ့ ‘ကိုခင်ဆွေ’ ကြီးရဲ့ ဈာပနသတင်း..
အခုတော့ .. ရဲဘော်ကျော်မြ ရေ.. ခင်ဗျားကိုယ်တိုင်ရဲ့ဈာပနသတင်း ဖြစ်နေပါရော့လား။
ဧပြီ (၂၄)ရက်နေ့မှာ ရဲဘော်ကျော်မြ (ခေါ်) ကိုလှသောင်း ဆုံးပါးကွယ်လွန်သွားရှာပြီ ဆိုတဲ့သတင်းဟာ သက်ဆိုင်ရာကနေလဲ ကြားရသလို၊ ကျွန်တော့်ရဲ့ကွန်ပြူတာ အီးမေးလ်စာမျက်နှာပေါ်ကနေလဲ မြင်နေသိနေခဲ့ရပါတယ်။ ခင်ဗျားရဲ့နောက်ဆုံးအခြေအနေကို ဖေါ်ပြနေတဲ့ စိတ်ထိခိုက်စရာ ဓဦတ်ပုံလေး (၅) ပုံထဲမှာ နောက်ဆုံးဓာတ်ပုံလေးတခုကတော့ ...
တူတံဇဉ် အလံနီကြီးလွှမ်းခြုံထားတဲ့အောက်မှာ ခင်ဗျား.. ခင်ဗျားကိုယ်တိုင်ပါပဲလား။
လွှမ်းခြုံထားတဲ့ တူတံဇဉ်အလံနီကြီးအောက်မှာ ခင်ဗျားမျက်နှာဟာ ပကတိတည်ကြည်ငြိမ်သက်လို့ပါလား။
ကိုလှသောင်းရေ...ရဲဘော်ရေ...ရဲဘော်ကျော်မြရေ... ကျွန်တော်အလေးနီပြုလိုက်ပါတယ်။
ဝင်းတင့်ထွန်း
၂၈- ၄- ၂၀၁၉
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက် တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။
မိုးမခ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar