လေခဏီ - ဓမ္မနောက်ပိတ်ခွေး
လေခဏီ - ဓမ္မနောက်ပိတ်ခွေး
(မိုးမခ) ဇွန် ၁၂ ၊ ၂၀၂၄
ပြည်သူကိုများ အရိပ်နေနေ အခက်ချိုးချိုးတဲ့။ သားရေပေါ်အိပ် သားရေနားစားတဲ့။
ပြောတော့သည်လည်း ခွေးစကား ဆိုသလို အင်းလေ ခွေးကျောင်းမှာ ခွေးအိပ် ခွေးစား တက်လာပြီး ခွေးဇရပ်က ခွေးငတ် ဆိုတော့လဲပေါ့လေ နံ့သာနံ့ဘယ်ထွက်ပါ့မလဲ။ ကြိုးကြာသံဘယ်ကြားရပါ့မလဲ။ အူသံဆူညံဘဲရှိမပေါ့။ တူတူတန်တန် လူဟန်လဲ ဘယ်ပေါက်မလဲလေ။ ခွေးကျင့်ခွေးကြံအမြဲကြံနေတော့ ခွေးဟန်ဘဲ ထွက်မပေါ့။
ခွေးဆိုလို့ သိပ်ဟန်ဟန်ပန်ပန်ခွေးတွေနဲ့ နှိုင်းယှဉ်တွေးမနေနဲ့အုံး။ ဒီခွေးက နောက်ဖေးလမ်းကြား ခွေးဝဲစားထက် ဆိုးတဲ့ခွေး။ ခွေးလေခွေးလွင့်မို့ အသင့်အတင့် ဘယ်ခွေးကမှ ခွေးဖက်မလုပ်တဲ့ ခွေးသူခိုး။ အဖေသွားဖြဲပြပြီး အမေ တက်ခွတဲ့ အောက်တန်းစားခွေးမျိုး။ အဲသလို မွေးကျေးဇူးကန်းပြီး ကျွေးလက်ကို သွေးထွက်အောင်ကိုက်တဲ့ ခွေးဆိုး။
အမေမှန်း အဖေမှန်းတောင် မသိတာ၊ ဘုရား တရားဆို ဝေးရောပေါ့။ အဲဒါကို အမြီးလေးနှန့်နှန့်ပြီး ဘုရားပေါ် တက်လာ၊ လူတွေ ကုသိုလ်ပြုခေါင်းလောင်းထိုး အမျှဝေတော့ သူ့ဘာသာ ကြေးညည်းသံကြားပြီး ရင်ထဲလှိုက်ဆူ မအူရ မနေနိုင်လို့ ဖင်ထိုင်အူတာကို တချို့တွေက သာဓုခေါ်သံပေးတာလို့ထင်၊ အဲသလို ဂျင်းမိအသိနဲ့ ဘုရားဆွမ်းတော်ကျ ချချကျွေးနေလို့ ဒီခွေးက ဘုရားလာတာလေ။ ဘုရားရိပ် တရားရိပ် ရောက်ပြီဆိုတော့လည်း ဆွမ်းတော်ကျအပြင် မုန့်လေး ဘာလေးပါ ကျွေးကြတော့ တဖြည်းဖြည်းနဲ့ ဘုရားခွေးလိုလိုဖြစ်လာ၊ ဘုရားအရိပ်မှာ ခွေးမွှေးခွေးတောင် ပြောင်လာ။ မသိရင် ဘုရားကိုပဲ ကာကွယ်စောင့်ရှောက်နေသလိုလို။ ဘုရားလိုဏ်ခေါင်း အောင်းပြီးမာန်သွေး ဟောင်လိုက်သေးတာလေ။ ဘုရားရှိခိုး ပုတီးစိပ်မယ့်သူလာတာတောင် ဖယ်မပေးချင်တော့ဘူး။
တခါတရံ ဘုရားအောက်က ကျောင်းထဲဆင်း ကိုယ်တော်တွေမြင် အမြီးလေးနှန့်ရင်း ဖမိုးလေးလျက်ရင်း ဂျင်းထည့်။ ပလစ်စတစ်ကောက် ဘူးခွံကောက်တွေနဲ့ နွမ်းနွမ်းပါးပါးတွေ ကျောင်းထဲဝင်လာရင် ဟောင်ဟောင်ပြလို့ ဟောင်ဖော်ရသားပဲဆို ထမင်းလေး တရားဝင်ကျွေးတော့ ကိုရင်တွေနဲ့တောင် ကစားဖက်ဖြစ်ရုံမက ဘုန်းကြီးအချစ်တော်တောင် ဖြစ်တာပ။
ဒီလိုနဲ့ ဆွမ်းခံလိုက်တဲ့အဆင့် ရောက်လာ။ ဆွမ်းခံလိုက်လာရင်း ခွေးကြီးမြင် အမြီးကုပ်၊ ခွေးလေးမြင် ဂီးဂဲလုပ်၊ ဓာတ်တိုင်မြင် သေးပန်း၊ ပန်းအိုးတွေ့ သေးပန်း၊ ချေးပုံမြင် ပြေးနမ်း၊ မြည်းစမ်းရာက သဲပုံစေတီမြင် ပြေးထွက် သဲပုံစေတီကို ခြေနဲ့ယက်ဖြဲပြီး သေးနဲ့ပန်းတော့မှပဲ ဒီခွေးဟာ ဓမ္မနောက်ပိတ်ခွေးပါလားလို့ သိရတာကိုး။
သုခမဟုတ်တဲ့ သုနခခွေးဆိုတော့လဲ သုခမပေး။ ပြာပုံဝတ်ရာကနေ တဆင့်တက်တော့ ခွေးကတက်၊ အဲဒီကနေ ကျောင်းကြီးပေါ် ၊ နောက် ဘုန်းကြီး ကျိန်းစက်တော်မူရာ သားရေနားထိရောက် ဆိုပါတော့။ ခွေးလေ၊ ဘယ်ကလောက် ဝအောင် ကျွေးထားထား သားရေနံ့ရတော့ လျှာယား သွားယား ပါးစပ်ယားနဲ့ သားရည်တမြားမြား စိမ့်စီးလာတာပေါ့။
မနက်လင်းတော့ သားရေနား ပန်းပွားလုပ်ထားသလို စုတ်တာမြင်တော့မှ ဒီးခွေးယုတ် ရိုက်ထုတ်ကွာဆိုတော့ ကိုရင် ဦးဇင်းတွေခမျာ တအီအီ ပေခံနေတဲ့ ခွေးကိုသနား ဆက်မရိုက်တော့ဘဲ ထမင်းခိုးကျွေးလားကျွေး ထန်းလျက်ချကျွေး ဆေးကုပေးလားပေးပေါ့လေ။
ရွှေပင်နားရင်သာ ရွှေကျေး ဖြစ်မယ်၊ ခွေးကတော့ မဟာမြတ်မုနိထဲ နေနေ ရွှေတိဂုံပေါ်တက်တက် ဘုရား တရား ဖက်မယ် ထင်မနေပါနဲ့။ တော်သလင်းရောက်ရင် အမေသော ညီမသောမသိ ဗျင်းအုံးမှာပါဘဲ။ အစာငမ်းရင်း အဖေမှန်းမသိ အကိုမှန်းမသိ မာန်ဖီသွားဖြဲ အသေအကြေ ကိုက်အုံးဆွဲအုံးမှာပါဘဲ။ ကျွေးထားဖူးတဲ့ လက်လည်း သွေးထွက်အောင်ကိုက်မှာပါပဲ။ အိမ်ရှင်လစ်ရင် မီးဖိုချောင်ထဲ ဝင်မွှေ ကြက်ဆွဲ ဘာဆွဲ လုပ်လေအုံးမှာပါဘဲ။ ခွေးမြီးကောက် ကျည်တောက်စွပ်တုန်းပဲ ဆိုတဲ့အတိုင်း ခွေးလေခွေးလွင့်ကတော့ ခွေးကျင့်ရပ်မှာ မဟုတ်သလို အင်း ခွေးစကားလို့ ဆိုတဲ့ နားကြားပြင်းကတ်လောက်အောင် အူတဲ့ ဆူတဲ့ အလုပ်လည်း လုပ်နေအုံးမှာပါဘဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar