Breaking News

ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၆) မနာတတ် အမှတ်မရှိတဲ့သူတွေ နည်းစေဖို့

ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၆) မနာတတ် အမှတ်မရှိတဲ့သူတွေ နည်းစေဖို့ 

(မိုးမခ) ဇွန် ၁၂ ၊ ၂၀၂၄

မြန်မာပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ် အခြေခိုင်ခဲ့ခြင်း အကြောင်းရင်းတွေထဲ အရေးပါတဲ့အချက်တစ်ခုက အမှတ်မရှိခြင်းနဲ့ မနာတတ်ခြင်း ဆိုတဲ့ စိတ်ဓာတ်အခြေခံရှိသူ များပြားခြင်းက အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ကိုမထိမချင်း နာရကောင်းမှန်းမသိသူတွေနဲ့ ခဏပဲ နာတတ်ကြသူများ အရေအတွက်များနေခြင်း၊ တကိုယ်စာအခွင့်အလမ်းကို မျှော်ကိုးသူများခြင်းနဲ့ အသိမဲ့ ဉာဏ်မဲ့ဖြစ်နေသူ များခြင်းတို့ ဖြစ်ပါတယ်။

ဒီလိုပြောလိုက်တဲ့အခါ လူအများက ဆတ်ဆတ်ခါ နာချင် နာကြမှာပါ။ ပြီးခဲ့တဲ့ကာလတွေကို ပြန်ကြည့် ပြန်သုံးသပ်ရင် ဟုတ်မဟုတ် တွေ့ရမှာပါ။ အထူးသဖြင့် အာဏာရှင်ခေတ်အဆက်ဆက် တော်လှန်ရေးထဲ အာဏာရှင်ဆန့်ကျင်ရေးထဲ မပါတဲ့သူတွေ၊ အာဏာရှင်နှိပ်စက်မှုကြောင့် နစ်နာသူများ အကျိုးစီးပွားပျက်စီးရသူများနဲ့ပတ်သက်လို့ ကိုယ်နဲ့မဆိုင်သလို နေခဲ့သူများကို အမည်နာမနဲ့ အရေအတွက် ချရေးလိုက်မယ်ဆိုရင် ရာခိုင်နှုန်း တော်တော်များတာကို တွေ့ရပါလိမ့်မယ်။ တိုင်းပြည်အပြောင်းအလဲအတွက် မဲပေးဖို့တာဝန်ကိုတောင် မယူခဲ့ကြသူတွေ၊ အဲဒီလိုနေခဲ့တာကို မှန်ကန်တယ်လို့ ယူဆသူများရှိကြောင်းလည်း ပြည်သူအများ သိခဲ့ကြပြီးဖြစ်ပါတယ်။ တကယ်တော့ ခေတ်အဆက်ဆက် နိုင်ငံရေးထဲ၊ တော်လှန်ရေးထဲ ပါဝင်ခဲ့ကြသူအများစုက သူတို့မိသားစုဝင်တွေ အာဏာရှင် နှိပ်စက်ခံခဲ့ရလို့ မဟုတ်ကြပါဘူး။ ဒါကိုတော့ အထက်ကပြောခဲ့တဲ့ တာဝန်မဲ့သူများက နားလည်နိုင်မယ် မထင်ပါဘူး။ 

အာဏာရှင် ကျင်းပတဲ့သင်္ကြန်မှာ စိတ်လိုလက်ရ ပျော်ပါးနေခဲ့ကြသူများဟာ အထက်ကပြောခဲ့တဲ့လူစားမျိုးတွေ ဖြစ်ပါတယ်။ အာဏာရှင်က အပျော်အပါးနဲ့ မြှူဆွယ်လိုက်တာနဲ့ အာဏာရှင်အလိုကျ သွားရောက်ပျော်ပါးနေကြတာကို စိတ်မကောင်းစရာတွေ့လိုက်ရပါတယ်။ တကယ်လို့သာ အဲဒီလို ပျော်ပါးနေကြသူတွေက စစ်အုပ်စု ဗုံးကြဲတာ ခံလိုက်ရတဲ့ဒေသက ပြည်သူတွေ ဖြစ်ခဲ့မယ်ဆိုရင် ဒီလို ပျော်ပါးနိုင်ကြမလား။ ကိုယ့်အိုးအိမ်ကို စစ်တပ်က မီးရှို့တာ ခံခဲ့ရရင်၊ အမိုးအကာမရှိတဲ့ တောထဲ တောင်ထဲမှာ ထိတ်လန့်စွာနေရသူများ ဖြစ်ခဲ့ရင် ဘယ်လိုနေမလဲ။ ကိုယ်ချင်းစာစိတ်နဲ့ နှလုံးသား ရှိစေချင်ပါတယ်။

ကိုယ်ချင်းစာစိတ်ဆိုတာ အသိဉာဏ်ရှိရုံနဲ့ ထားနိုင်တဲ့ ခံစားမှုပါ။ ဒါပေမဲ့ ပါးစပ်က ပြောဖို့လွယ်သလောက် စိတ်ထဲက နှစ်နှစ်ကာကာဖြစ်ဖို့တော့ ခက်ပါတယ်။ တပါးသူများက ဘဝတွေ အသက်တွေရင်းပြီး အနာဂတ်တိုင်းပြည် ကောင်းစားဖို့ ကြိုးစားနေချိန်မှာ ကိုယ်က ထဲထဲဝင်ဝင် မပါနိုင် မပံ့ပိုးနိုင်ရင်တောင် အာဏာရှင်အလိုကျ မဖြစ်ဖို့ ပျော်ချင်ပါးချင်တာကို လျှော့သင့်ပါတယ်။ အထူးသဖြင့် တပါးသူတွေ စိတ်နှလုံး မချမ်းမမြေ့ဖြစ်နေချိန်မှာ ကိုယ်က ပျော်ပါးနေရတာ ရှက်စရာပါ။

သင်္ကြန်နဲ့ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခုကို တွေးကြည့်ပါ။ မနှစ်က သင်္ကြန်မတိုင်ခင်တစ်ရက် ဧပြီလ ၁၁ ရက်နေ့ မနက်ခင်းမှာ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်က ပဇီကြီးရွာကို စစ်ကောင်စီက ဗုံးကြဲတာ စစ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၃၈ ဦး အပါအဝင် ၁၇၄ ဦး သေဆုံးခဲ့ရပါတယ်။ ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရတဲ့ ပြည်သူတွေက သင်္ကြန်ကာလကို ဘယ်လို ဖြတ်သန်းကြမလဲ၊ ဘယ်လို ပျော်ရွှင်နိုင်ကြမလဲဆိုတာ ပျော်ပါးနေကြသူတွေ တွေးတောဆင်ခြင်သင့်ပါတယ်။ 

ဒီလို ကိုယ်ချင်းစာစိတ် အားနည်းသူတွေရှိပေမယ့် တော်လှန်ရေးထဲ ပါဝင်လာကြသူတွေထဲမှာတော့ ကိုယ်ချင်းစာစိတ် ခွန်အားကြီးတဲ့သူ အများအပြား ရှိနေပါတယ်။ အဲဒီသူတွေက သူများအပူကို ကိုယ့်အပူ၊ သူများသောကကို ကိုယ့်သောကအဖြစ် ခံစားပြီး အနာဂတ်မှာ တိုင်းပြည်လွတ်လပ်ဖို့၊ ပြည်သူတွေ ကောင်းစားဖို့ သူတို့ရဲ့ ဘဝတွေ အသက်တွေကို ရင်းနှီးပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ အဲဒီလို စိတ်ထားဖြူစင်တဲ့သူ၊ ဂုဏ်ပြုသင့်သူများစွာထဲက လူငယ်လေးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ သူ့နာမည်က ကိုတိုးကျော်ပါ။

ကိုတိုးကျော်က ပြည်သူ့တော်လှန်ရေး ဧရာဝတီ တပ်ရင်း (၃) က ရဲဘော်လေးပါ။ ပဲခူးတိုင်း ဖြူးမြို့နယ်က တံခွန်တိုင်ရွာမှာ အကြမ်းဖက်စစ်တပ်က ဂိတ်ဖွင့်ပြီး ပြည်သူကိုအနိုင်ကျင့်နေတာ သိနေကြားနေရတာကို သူတော်တော် မခံမရပ်နိုင်ဖြစ်ရပါတယ်။ အဲဒီဂိတ်မှာ စစ်သားအယောက် ၃၀ လောက်က စခန်းချပြီး ခရီးသွားပြည်သူတွေဆီကနေ ငွေကြေး မတရားကောက်ခံနေတဲ့အပြင် အနိုင်ကျင့်ရိုက်နှက်နေပါတယ်။ ဒါကို ကိုတိုးကျော်က လုံးဝ သည်းမခံနိုင်တော့ဘဲ အဲဒီဂိတ်ကို တစ်ယောက်တည်းသွားပြီး ပစ်ခတ်ပါတော့တယ်။ သူ့ရဲ့ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်သား ၆ ယောက် သေပြီး အများအပြားဒဏ်ရာရကုန်ပါတယ်။ အများနဲ့တစ်ယောက်မို့ ကိုတိုးကျော်လည်း အသက်ပေးလိုက်ရသလို ကျဆုံးသွားတဲ့ ကိုတိုးကျော်ရဲ့ ခန္ဓာကိုယ်တောင် ပြန်မရပါဘူး။ 

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကိုတိုးကျော် ကျဆုံးတဲ့နေ့ရက်က ပြီးခဲ့တဲ့နှစ် ပဇီကြီးရွာကို ဗုံးကြဲခံလိုက်ရတဲ့ ၁ နှစ်တိတိ ဧပြီလ ၁၁ ရက်ဖြစ်ပါတယ်။ တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင်သလို အာဏာရှင်ကျင်းပတဲ့သင်္ကြန်ပွဲမှာ ပျော်ဖို့ကြိုးစားနေသူတွေက ပဇီကြီးလို ဖြစ်ရပ်တွေအတွက် ခံစားမှု မဲ့ကြသလို၊ ကိုတိုးကျော်လို တော်လှန်ရဲဘော်တွေကိုလည်း ငဲ့ရကောင်းမှန်း မသိကြပါဘူး။ တကယ်တော့ တော်လှန်ရေးကာလအတွင်း ကိုတိုးကျော်လို ကျဆုံးခဲ့ရတဲ့ ရဲဘော်အများအပြားဟာ ကိုယ်ကျိုးမကြည့်ဘဲ အာဏာရှင်ကို တော်လှန်ပြီး လွတ်လပ်တဲ့တိုင်းပြည်ပေါ်ပေါက်ဖို့ တိုက်ပွဲဝင်နေကြသူတွေပါ။ သူတို့က သူများအပူကို ကိုယ့်အပူလို၊ သူများဒုက္ခကို ကိုယ့်ဒုက္ခလို သဘောထားသူတွေဖြစ်ကြောင်း အသက်နဲ့ရင်းပြီး သက်သေပြသွားကြတာပါ။

အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ဆိုရင် ​ပြည်သူတစ်ဦးချင်းက အာဏာရှင်သက်ဆိုးရှည်မယ့်အရာမှန်သမျှ အားပေးကူညီတာ၊ ထောက်ပံ့တာမျိုး မဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ အာဏာရှင်အဆက်ဆက်က လူထုအပေါ် ဆိုးယုတ်ခဲ့သမျှတွေကို မေ့လွယ်ပျောက်လွယ်သဘောမထားဘဲ နာစရာကို နာရကောင်းမှန်း၊ တေးမှတ်စရာကို တေးရမှန်း မှတ်ရမှန်း သဘောထားပြတ်နေဖို့လိုပါတယ်။ အနာဂတ်တိုင်းပြည်မှာ ဒီလို အသိအမြင် အတွေးအခေါ်ပြတ်သားတဲ့ ပြည်သူတွေရှိနေမှသာ တိုင်းပြည်ဟာ ဘယ်လိုအာဏာရှင်မျိုးမှ အနိုင်ကျင့်ချယ်လှယ်တာ မခံရတဲ့တိုင်းပြည် ဖြစ်မှာပါ။ 

တော်လှန်ရေးခရီးပေါက်လာတာနဲ့အမျှ အာဏာရှင်တွေရဲ့ သွေးထိုးသပ်လျှိုမှုတွေနဲ့ အဖျက်အမှောင့်မျိုးစုံအပြင် မက်လုံးပေးမြှူဆွယ်မှုတွေနဲ့ အကြောက်တရားကြီးစိုးအောင်လုပ်မယ့်အနေအထားတွေကိုလည်း ရင်ဆိုင်ကြရဦးမှာပါ။ ဒါတွေကိုကျော်ဖြတ်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ခံအား ကောင်းဖို့လိုပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ နှိပ်စက်သတ်ဖြတ်မှုကြောင့် အသက်နဲ့ခန္ဓာ ပျက်စီးခဲ့ရသူများရဲ့ ဆုံးရှုံးခဲ့ရမှုတွေ အချည်းနှီးမဖြစ်ဖို့ အရာရာကို သတိနဲ့အသိယှဥ်ပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။


👉ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ

၂၄၊ ၄၊ ၂၀၂၄




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar