နိုင်ငံတကာသာဂိ - Greedflation ၊ ဘိုင်ဒင်နဲ့ မုသားခေတ် အတိုအစများ
နိုင်ငံတကာသာဂိ - Greedflation ၊ ဘိုင်ဒင်နဲ့ မုသားခေတ် အတိုအစများ
(မိုးမခ) ဇွန် ၁၂၊ ၂၀၂၄အမေရိကန်စီးပွားရေးက ဘာဖြစ်မယ် ညာဖြစ်မယ် ပြောကြတယ်။ အခု Federal Reserve က အစိုးရဘဏ်တိုးက မြှင့်ထားတာကနေ ဆင်းမပေးသေးဘူး။ သည်အတိုင် ထားဦးမယ် ပြောနေတယ်။ မတင်မကျ။ အခုက ကုန်ပစ္စည်းတွေ စျေးကြီးတာ - inflation က တန့်နေတယ်။ အလုပ်လက်မဲ့ကလည်း တန့်နေတယ်။ တဦးချင်းဝင်ငွေကလည်း တန့်နေတယ်။ စျေးတွေ ကြီးနေတာကို ကုန်သည်စီးပွားသမားတွေ၏ လောဘကြောင့် စျေးကြီးနေရတာလို့ သတင်းတွေက ရေးတယ်။ သမ္မတကြီး ဘိုင်ဒင်က စွပ်စွဲတယ်။ Greedflation ဆိုတဲ့ အသုံးကို သုံးပါတယ်။
ဇွန် ၁၁ မှာ သမ္မတသား ဘိုင်ဒင်ကို မူးယစ်ဆေးစွဲနေတုန်း အစိုးရကို လိမ်ပြီး လက်နက်ဝယ်ယူလို့ အတိတ်ကအမှုကို ပြန်တူးဖော်ပြီး အမေရိကန်အစိုးရက တရားစွဲတယ်။ ထရန့်ကို စွဲသလိုမျိုး ဂျူရီတွေနဲ့ အဆုံးအဖြတ်ခံတယ်။ အပြစ်ရှိကြောင်းဆုံးဖြတ်လို့ သူ့ကို ဘယ်လို အပြစ်ပေးမလဲ တရားသူကြီးက ဆုံးဖြတ်မယ်။ သမ္မတကြီး ဘိုင်ဒင်ကတော့ တရားရုံး၏ အဆုံးအဖြတ်ကို အတည်ယူတယ်။ သမ္မတအာဏာသုံးပြီး လွတ်ငြိမ်းချမ်းသာပေးမှာ မဟုတ်ဘူးလို့ ကြေညာတယ်။ သမ္မတဟောင်း ထရန့်နဲ့ တခြားစီပဲ။ ထရန့်ကတော့ သူ့သမ္မတလက်ထက်မှာ တရားရေးဌာနက အပြစ်ရှိကြောင်း စီရင်ခံရတဲ့ သူ့ လူတွေကို လွတ်ငြိမ်းချမ်းသာပေးခဲ့တယ်။ အခု သူ့ကို လာဘ်ထိုးမှုနဲ့ တရားစီရင်တော့လည်း မတရားစီရင်ခံရတာလို့ ပြင်းပြင်းထန်ထန်ငြင်းပြီး လက်စားချေမယ်လို့ တုန့်ပြန်ခဲ့တယ်။
အမေရိကန်မှာသာမက ဥရောပအပါအဝင် အနောက်ဒီမိုကရေစီနိုင်ငံတွေဟာ လက်ယာအစွန်းရောက်များ၊ ဘီလျံနာလူချမ်းသာကြီးများ နဲ့ ဖောက်ပြန်တဲ့ နိုင်ငံရေးသမားများ၏ ချယ်လှယ်မှုတွေ တိုက်ခိုက်မှုတွေ ခံစားနေရတယ်။ အနောက်တိုင်းဒီမိုကရေစီဟာ ကိုယ့်ကွင်းထဲမှာကိုယ် ခြိမ်းခြောက်ခံနေရတယ်။ ကိုယ့်ဂိုးကိုယ်သွင်းပြီး အရှုံးပြနေတယ်လို့ သုံးသပ်ကြပါတယ်။ တီဗီလူရွှင်တော် ဂျွန်စတူးဝပ်၏ ဝေဖန်ချက်အရဆိုရင် နိုင်ငံ၏ မဏ္ဍိုင်ကြီးတခုဖြစ်တဲ့ လွတ်လပ်သောသတင်းမီဒီယာတွေက အမှန်ကို မပြောရဲတာ၊ ဘက်လိုက်တာ၊ မုသားတွေကို သတင်းလုပ် ထုတ်လွှင်တာတွေကြောင့် လူ့ဘောင်ကြီး ပျက်ယွင်းရတယ်လို့ ထောက်ပြပါတယ်။ သတင်းတွေမှာ အမှန်တရားကို မရှာနိုင်တော့ နောက်ဆုံး ပြသနာမှန်သမျှဟာ ဆူးစူးတာ ပေါက်ဆိန်ပေါက် ဖြေရှင်းရသကဲ့သို့ အကုန်လုံး တရားရုံးတော် ရောက်ကုန်တယ်။ တရားရုံးတော်တွေကိုလည်း လူတွေက မယုံ၊ ရွေးကောက်ပွဲလည်း လူတွေက မယုံ၊ သတင်းစာတွေကိုလည်း လူတွေက မယုံရင် ဘာဖြစ်ကုန်မလဲလို့ သူက မေးခွန်း ထုတ်ပါတယ်။
အခုက လိုရာဆွဲပြီး လူတွေကို ဖမ်းစားနိုင်တဲ့ ဆိုရှယ်မီဒီယာအပြင် အေအိုင်လို့ခေါ်တဲ့ ဉာဏ်ရည်အတုနဲ့ လုပ်ကြံဖန်တီးမှုတွေ လုပ်လာနိုင်ကြတော့ - အမှန်နဲ့ အမှားကို လူတွေက သိချင် ခွဲခြားချင်ကြတာထက် ဘယ်အရာက မိမိသဘောထားနဲ့ ပိုကိုက်ညီသလဲ ဆိုတာကိုပဲ ရွေးချယ်ကြတော့တယ်။ မိမိနဲ့ အကြိုက်ချင်းတူရင် မှန်တယ်လို့ ဆုံးဖြတ်တဲ့ခေတ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ။ မင်းအောင်လှိုင်နဲ့ ဒေါ်နယ်ထရန့် နဲ့ ပူတင်တို့ ပြောတာကို ကြိုက်လို့ သူတို့ပြောတာပဲ မှန်တယ်လို့ ဆိုတဲ့ ကမ္ဘာအခြမ်းမှာ သွားနေကြရင် ကမ္ဘာ့ကြီးက ပိုစောင်းသွားလေမလား တွေးနေမယ်တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar