ဒုတိယအကျော့ စစ်ဆင်ရေးနဲ့ စစ်ကောင်စီနဲ့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှု
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၆ မြင်ကွင်း
(မိုးမခ) ဇွန် ၂၇၊ ၂၀၂၄
ဒုတိယအကျော့ စစ်ဆင်ရေးနဲ့ စစ်ကောင်စီနဲ့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှု
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီ တို့အကြား ပြီးခဲ့တဲ့ နှစ်ဆန်းကတည်းက စစ်စခန်းတွေ၊ နယ်မြေသိမ်းတိုက်ပွဲတွေ နဲ့ မြို့အချို့ကို သိမ်းယူဖို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ နမ့်ဖတ်ကာ၊ ဝိုင်းမော်၊ မိုးမိတ်၊ ဖားကန့်၊ ဆွမ်ပရာဘွမ်၊ ကန်ပိုင်တည်၊ လွယ်ဂျယ်၊ မံစီ စတဲ့ ဒေသအနှံ့ အပြား တနေရာပြီး တနေရာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အများစုသော တိုက်ပွဲတွေမှာ KIA က အနိုင်ရခဲ့ပြီး စစ်စခန်းတွေ အများအပြား သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေက သီတင်းပတ်နဲ့ ကြာမြင့်သလို၊ လနဲ့ချီ ကြာမြင့်ပြီးနောက်မှာ အထက်ကလို စစ်စခန်း၊ နယ်စပ် ကုန်သွယ်ရေး စခန်းတခုတို့ကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သို့သော်လည်း TNLA က ဦးဆောင်ပြီး အချို့သော ဒေသခံ PDF အဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့ တပ်တွေနဲ့ စတင်တိုက်ခိုက်ပြီး ၂ ရက်တာအတွင်း မြို့ရဲ့ အစိတ်အပိုင်းအချို့နဲ့ စစ်စခန်းတွေကို သိမ်းယူနိုင်ခဲ့ပြီလို့ သတင်းတွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ TNLA လက်နက်ကိုင်အဖွဲ့ဟာ အင် အားအများအပြားကို သုံးပြီး ရုတ်တရက် အရှိန်အဟုန်နဲ့ တိုက်ခိုက်တဲ့ မဟာဗျူဟာနဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ သဘောမျိုးလည်း ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။
အခု ဒုတိယအကျော့ စစ်ဆင်ရေးက ဘယ်လို ရည်မှန်းချက်တွေ ထားရှိတာလဲ၊ ဘာတွေ ဖြစ်လာနိုင်သလဲ စတဲ့ မေးခွန်းတွေက လတ်တလော ထွက်ပေါ်လာနေပေမယ့် ဘယ်သူမှ အဖြေမရနိုင်သေးတဲ့ မေးခွန်းတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။ နယ်မြေ သိမ်းတိုက်ပွဲတွေ တိုက်ခိုက်တဲ့ ရည်ရွယ် ချက်ကတော့ အဲဒီနယ်မြေတွေကို အုပ်ချုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ဆိုတာ ရိုးရှင်းတဲ့ ရည်ရွယ်ချက်လို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်လက်နက်အင်အား၊ စစ်သည်အင်အား၊ အဆုံးအရှုံးခံပြီး နယ်မြေသိမ်းယူခြင်းဟာ စစ်ရေးအရ ထိန်းချုပ်လိုခြင်း၊ စစ်ရေးအရ အနိုင်ရပြီးနောက် အုပ်ချုပ်ရေးလို့ ယေဘုယျအားဖြင့် ခေါ်ဆိုတဲ့ အာဏာသုံးရပ်ကို ကျင့်သုံးပြီး လက်နက်ကိုင် တပ်ဖွဲ့အင်အားတိုးချဲ့ ဖို့ ဒါမှမဟုတ် ပိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်အောင် သိမ်းယူထားတဲ့ နယ်မြေက အခွန်အကောက်နဲ့ လူအင်အား၊ သယံဇာတ စတာတွေနဲ့ ထပ်မံတည်ဆောက်ကြတာ မျိုးဖြစ်ပါတယ်။
ဒါ့အပြင် အခြား ထင်ရှားတဲ့ လက္ခဏာကတော့ အမျိုးသားရေးဝါဒရဲ့ ရည်မှန်းချက် ကို ပိုမိုမြှင့်တင်ပြီး အမျိုးသားရေးဝါဒအပေါ် အခြေခံတဲ့ အုပ်ချုပ်တဲ့ စနစ်မျိုး ဖော်ဆောင်ကြဖို့ ရည်မှန်းထားကြတာလို့ ယူဆရပါတယ်။ လူမျိုးအပေါ်မှာ အခြေပြုထားတဲ့ အုပ်ချုပ်ရေးစနစ်မျိုးကို ၁၀၂၇ စစ်ဆင် ရေးမှာသိမ်းယူခဲ့တဲ့ ဒေသအချို့မှာ ဖော်ဆောင်နေတာ တွေ့နေရတာလည်း ဖြစ်ပါတယ်။ ကိုးကန့်ဒေသမှာ မူရင်း ဒေသခံလူမျိုးနဲ့ ရှမ်းမြောက်က လူမျိုးစုတွေ အပြင် ပြည်မဘက်က ဗမာလူမျိုးတွေ ပြန်လည်ဝင်လာမှာကို ကန့်သတ်မှုတွေ ရှိနေတဲ့အကြောင်း သတင်းတွေထဲ ပါရှိတာဖြစ်လို့ အမျိုးသားရေးဝါဒအပေါ် အခြေခံထားတဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေး စနစ်မျိုးနဲ့ လုပ်ဆောင်နေကြတယ်လို့ ကောက်ချက်ချမယ် ဆိုချနိုင်ပါတယ်။
အခု ၂၀၂၄ ခုနှစ် ဇွန်လ နှောင်းပိုင်း စတင်တဲ့ ဒုတိယအကျော့ စစ်ဆင်ရေးတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ နယ်မြေသိမ်းယူနိုင်ရေး ရည်မှန်းချက်က စစ်အာဏာရှင် စနစ်ကို ပြယုဂ်ဖြစ်တဲ့ စစ်ကောင်စီ တပ်တွေကို ဘုံရန်သူအဖြစ်နဲ့ တိုက်ခိုက် အနိုင်ယူရေး၊ ဖယ်ရှားရေးဆိုတဲ့ ရည်မှန်းချက်ကို လွှမ်းမိုးကောင်း လွှမ်းမိုးသွားနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်က နယ်မြေတွေလက်လွှတ်ဆုံးရှုံးနေရတာ ထင်ရှားလာပြီး စစ်အာဏာရှင်စနစ် ဖယ် ရှားရေး၊ ဘုံရန်သူကို တိုက်ခိုက်ရေး ဆိုတဲ့ ရည်မှန်းချက်နဲ့ တပြိုင်နက်တည်းမှာပဲ မိမိတို့ လူမျိုးတွေရဲ့ လက်နက်ကိုင် အဖွဲ့အနေနဲ့ နယ်မြေသိမ်းယူရရှိရေးကလည်း နောက်ကျန်ခဲ့လို့မရဘူးဆိုတဲ့ နားလည်မှုမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ပိုမြင်တွေ့လာနေရတာဖြစ်ပါတယ်။ ပထမအကျော့ စစ်ဆင်ရေးကာလ အတွင်းမှာ လက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ မိမိတို့ အရင်ဆုံး သိမ်းယူနိုင်တဲ့ နယ်မြေက မိမိတို့ လက်ထဲမှာရှိပြီး မိမိတို့ အုပ်ချုပ်ခွင့်ရှိတယ်ဆိုတဲ့ နားလည်မှု၊ ကျင့်သုံးမှုတွေ ရှိနေခဲ့တာကြောင့် အခုဒုတိယအကျော့မှာ နယ်မြေသိမ်းယူနိုင်ရေးက စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဖယ်ရှားရေးထက် ပိုမိုအရေးပါလာတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဒီနေ့အတွက် နောက်အကြောင်းအရာတခုကတော့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒင်နီယယ်ခရစ်တင်ဘရင့် က စစ်ကောင်စီဘက်က ရေတပ်ဗိုလ်မှူးချုပ်တဦးနဲ့ ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် အမေရိကန် အစိုးရရဲ့ တာဝန်ရှိသူတဦးက မြန်မာစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုလုပ်တာလားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေနဲ့အတူ အမျိုးသားညီညွတ်ရေး အစိုးရဘက်က စိုးရိမ်မှုတွေ ထွက်ပေါ်လာတဲ့အကြောင်း ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ကြီးကြီးမားမား ယူထားသူလို့ ဆိုနိုင်တဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီဘက်က ရေတပ်ဗိုလ်မှူးချုပ်နဲ့ တွေ့ဆုံခြင်းက မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေအဖို့ အမေရိကန် အစိုးရအနေနဲ့ မူဝါဒ ပြောင်းလဲသွားတာလား ဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာသလို၊ စစ်ကောင်စီနဲ့ တွေ့ဆုံခြင်း သို့မဟုတ် ဆွေးနွေးခြင်းကို စစ်ကောင်စီကို အတိုင်းအတာတခုထိ အသိအမှတ်ပြုတဲ့ သဘောသက်ရောက်စေတယ်လို့ မှတ်ယူထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရဘက်က စိုးရိမ်တာလည်း ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနဘက်ကတော့ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒ ပြောင်းလဲခြင်း မရှိဘဲ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေပြန်လွှတ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်ပြုဖို့၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ ရှင်းရှင်းလင်းလင်း အသိပေးခဲ့တယ်ဆိုတဲ့ သဘောမျိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးမှာ ရည်မှန်းချက်၊ ဦးတည်ချက် မပြောင်းလဲသော် လည်း လုပ်ပုံကိုင်ပုံတွေ ပြောင်းလဲ စမ်းသပ်ကျင့်သုံးတာလား ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar