Breaking News

မောင်မောင်မြင့် - " စစ်မွှေးကို ခါထုတ်ခြင်း "

" စစ်မွှေးကို ခါထုတ်ခြင်း "
မောင်မောင်မြင့် - ရေးသည်။
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၄

"ကြောက်မွှေးပါရင် ဇာဂနာနဲ့ နှုတ်" ဆိုတဲ့ စကားဟာ မြန်မာ့လွတ်လပ်ရေး ခေတ်ဦးကတည်းက တာစားခဲ့တဲ့ စကားဖြစ်တယ်။ ဒီစကားကို လက်ကိုင်ထားပြီး တိုက်ပွဲဝင်ရင်းနဲ့ ငါတို့တိုင်းပြည် လွတ်လပ်ရေးရခဲ့တယ်။

လွတ်လပ်ရေးရပြီး မကြာခင် မြန်မာပြည်ရဲ့ ပထမဆုံးစစ်အာဏာရှင် နေဝင်းခေတ် ရောက်တော့လည်း ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေဟာ ဒီစကားကိုပဲ နှလုံးသွင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတယ်။ အဲဒီလို ကြောက်ရွံ့စိတ်ကင်းမဲ့စွာ တော်လှန်ခဲ့ခြင်းကြောင့် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ လက်နက်မဲ့ ကျောင်းသား တရာကျော်လောက်ဟာ စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ သမိုင်းဝင် တကသ အဆောက်အဦးကြီးဟာလည်း စိစိညက်ညက် ကြေမွပျက်စီးသွားအောင် ဗုံးခွဲခံခဲ့ရတယ်။ ကျောင်းသားတွေရဲ့ ဦးခေါင်းတွေဟာ စစ်သားတွေရဲ့ နံပါတ်ဒုတ်နဲ့ ကျည်ဆံတွေကြောင့် သွေးချင်းချင်း နီသွားခဲ့ရပေမဲ့ စစ်အာဏာရှင်ကိုတော့ ဦးမညွှတ်ခဲ့ပါဘူး။ စစ်အာဏာရှင်စနစ်ကို အခွင့်ရတိုင်း ဆန့်ကျင်ဖြိုဖျက်ပစ်မယ်ဆိုတဲ့သူတို့ရဲ့ သံမဏိစိတ်ဓာတ်ဟာလည်း မာကျောမြဲ ခိုင်မာမြဲ ရှိနေဆဲပါ။ 

အဲဒီလိုခိုင်ကျည်မြဲမြံတဲ့ စိတ်ဓာတ်ကြောင့်ပဲ ၁၉၇၄-၇၅ ခုနှစ်များမှာ မှိုင်းရာပြည့်နဲ့ ဦးသန့်အရေး တော်ပုံတွေလို ကျောင်းသားများ ဦးဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တယ်။ ဒီနောက် အလုပ်သမားအရေးတော်ပုံတွေ ပေါ်ပေါက်ခဲ့တယ်။ ၁၉၈၈ ခုနှစ်အရောက်မှာတော့ တတိုင်းတပြည်လုံးက ပြည်သူတွေ ပါဝင်ဆင်နွှဲခဲ့တဲ့ ကမ္ဘာကျော် ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရတယ်။ အကျိုးဆက်အနေနဲ့ နေဝင်းဦးဆောင်တဲ့ စစ်တပိုင်း ဆိုရှယ်လစ်အစိုးရ ပြုတ်ကျသွားခဲ့ရတယ်။

နေဝင်းခေတ် အစပိုင်းမှာ စသုံးလုံးလို့ခေါ်တဲ့ အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ကိုသုံးပြီး လူထုကို ဖိနှိပ်ခဲ့တယ်။ ဒီနောက် ၁၉၇၂-၇၃ ခုနှစ် ရောက်လာတော့ မျက်မှန်တင်ဦးကို အမျိုးသားထောက် လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး တာဝန်ပေးပြီး၊ နိုင်ငံရေးအတိုက်အခံတွေကို ဆက်လက်ဖိနှိပ်ခဲ့တယ်။ နိုင်ငံရေးအရ ထင်ရှားတဲ့ ဒေါက်တာဘမော်၊ ဗိုလ်ရန်နိုင်၊ ဦးနု၊ ဦးဗဆွေတို့ရဲ့ မိသားစုတွေနဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေကိုလည်း နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးခဲ့တယ်။ မျက်မှန်တင်ဦးရဲ့ လက် အောက်မှာရှိတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့နဲ့ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ (ကကလှမ်း) တို့ဟာ ဖျာပုံဒေသမှာ ထော်ပိုင်စစ်ဆင်ရေးအားဖြင့် ကရင်တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် အောင်စိုးမိုးစစ်ဆင်ရေးအားဖြင့် ပဲခူးရိုးမ အခြေစိုက် ဗကပတပ်စခန်းတွေကို တိုက် ခိုက်ဖျက်ဆီးခဲ့တယ်။ ဒီတိုက်ပွဲတွေ အတွင်းမှာပဲ သခင်သန်းထွန်း၊ ဗိုလ်ဇေယျ၊ သခင်ဇင်၊ သခင်ချစ်စတဲ့ ဗကပ ခေါင်းဆောင်တွေ ကျဆုံးခဲ့တယ်။

နေဝင်းခေတ် နှောင်းပိုင်းမှာတော့ မျက်မှန်တင်ဦး ပြုတ်ကျသွားခဲ့ပြီး သူ့နေရာမှာ ခင်ညွန့်တက်လာတယ်။ အဲဒီကာလမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း အင်အားနည်းသွားပြီမို့ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ အဓိကတာဝန်ဟာ နိုင်ငံရေးမှာ တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားတွေကို စောင့်ကြည့်ထောက်လှမ်းပြီး ဖမ်းဆီးဖို့ ဖြစ်လာတယ်။ အထူးသဖြင့် မကြောက်တရားကို လက်ကိုင်ထားရင်း ဇူလိုင် ၇ ရက် လှုပ်ရှားမှုမှာကျဆုံးသွားခဲ့ကြတဲ့ကျောင်းသားတွေရဲ့သူရဲကောင်းစိတ်ဓာတ်မျိုး မျိုးဆက်သစ်ကျောင်းသားတွေမှာ ပေါ်မလာအောင် တားဆီးနှိမ်နင်းဖို့ပဲဖြစ်တယ်။ တနည်းဆိုရရင်တော့ ကျောင်းသားတွေနဲ့တိုင်းသူပြည်သားတွေကြားမှာ အကြောက်တရားထွန်း ကားပြီး၊ ကြောက်မွှေးတွေ ပေါက်လာအောင် နည်းအမျိုးမျိုးနဲ့ ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ ဒီနည်းဟာ နေဝင်းခေတ် နှောင်းပိုင်းမှာ အတော်အတန် ထိရောက်အောင်မြင်ခဲ့တယ်။

နေဝင်းခေတ်အလွန် စောမောင်နဲ့ သန်းရွှေတို့ခေတ် အရောက်မှာတော့ ခင်ညွန့်ရဲ့ သြဇာအာဏာ ပိုမိုကြီးမားကျယ်ပြန့်လာသလို၊ သူ့လက်အောက်က ထောက်လှမ်းရေးအဖွဲ့တွေရဲ့ နည်းဗျူဟာကလည်း ပိုပြီး ထက်မြက်သွက်လက်လာတယ်။ စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးကို ထာဝရစိုးမိုးထားချင်တယ်ဆိုရင် လူထုကြားမှာ အကြောက်တရား ဖြန့်ဖြူးပေးရုံနဲ့ မလုံလောက်တော့ဘဲ လူထုလူတန်းစား အလွှာအသီးသီးမှာ စစ်တပ်ကို အထင်ကြီး အားကိုးတဲ့စိတ်မျိုး ပေါ်လာအောင် လုပ်ထားမှ ဖြစ်မယ်လို့ ယူဆလာကြတယ်။ တနည်းဆိုရရင်တော့ လူထုရဲ့ စိတ်ခန္ဓာမှာ ကြောက်မွှေးတွေသာမက စစ်မွှေးတွေပါ ပေါက်လာအောင် ကြိုးပမ်းရမယ်ဆိုတဲ့ သဘောပါပဲ။

ဒီဗျူဟာ အောင်မြင်ဖို့အတွက်ဆိုရင် တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ စစ်တပ်က လက်ဦးမှုရယူပြီး ဦးဆောင်ထားနိုင်မှ ဖြစ်မယ်လို့ သဘောထားလာကြတယ်။ ဒါကြောင့် ရှစ်လေးလုံးလူထုလှုပ်ရှားမှုရဲ့ သော့ချက်စကားဖြစ်တဲ့ ဒီမိုကရေစီရေးဆိုတာကို သံယောင်လိုက်တဲ့အနေနဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မှာပြုလုပ်ပေးပြီး နိုင်ငံရေးအရ လက်ဦးမှုယူဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ ကိုယ်ခွဲပါတီဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီက ရွေး ကောက်ပွဲမှာ ခွက်ခွက်လန်အောင်ရှုံးသွားခဲ့လို့  အနိုင်ရ NLD ပါတီကို အာ ဏာလွှဲမပေးဝံ့တော့ပဲ နောက်ထပ် ၁၈ နှစ် အချိန်ဆွဲပြီး အခြေခံဥပဒေအသစ်ကို ရေးခဲ့တယ်။ အဲဒီ ၂၀၀၈ ခုနှစ်အခြေခံဥပဒေဆိုတာဟာ အများသိကြတဲ့အတိုင်း စစ်တပ်က အသာစီးယူထားတဲ့၊ စစ်ရောင်ဆိုးထားတဲ့ အခြေခံဥပဒေသာ ဖြစ်တယ်။

အဲဒီအခြေခံဥပဒေကိုအတည်မပြုခင် တနှစ်အလို ၂၀၀၇ ခုနှစ်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး ပေါ်လာခဲ့တယ်။ ဒီဖြစ်ရပ်ကြောင့် စစ်ခေါင်း ဆောင်တွေ တုန်လှုပ်သွားခဲ့ရတယ်။ ဒါကြောင့် လူထုကြားမှာသာမက သံဃာထုကြားထဲမှာပါ စစ်တပ်လိုလားသူတွေ ပေါ်ပေါက်လာအောင် "အမျိုး၊ ဘာသာ၊ သာသနာ" ဆိုတဲ့ ဆောင်ပုဒ်ကို သုံးပြီး၊ မဘသ ဆိုတဲ့ စစ်တပ်အလိုတော်ရိအဖွဲ့အစည်းကို တည်ထောင်ပေးခဲ့တယ်။ ဒါ့အပြင် အဲဒီအဖွဲ့ကိုသုံးပြီး မူဆလင်မုန်းတီးရေး ဝါဒဖြန့်ခြင်းအားဖြင့် သံဃာထုကိုရော လူထုကိုပါ စည်းရုံးပါတော့တယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး သိန်းစိန်အစိုးရ တက်လာချိန်မှာတော့ ဈေးကွက်စီးပွားရေးကို ဖွင့်ပေးလိုက်တယ်။ တချိန်တည်းမှာပဲ စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေကို တည်ထောင်ခြင်း၊ စစ် ဗိုလ်ချုပ်တွေနဲ့ စစ်တပ်လိုလားတဲ့ ခရိုနီသူဌေးတွေ ပူးပေါင်းလုပ်ကိုင်ကြတဲ့ ဖက်စပ်လုပ်ငန်းတွေ တည်ထောင်ခြင်း စတဲ့နည်းမျိုးတွေနဲ့ နိုင်ငံ့စီးပွားရေးကို စစ်ရောင်ဆိုးခဲ့ပြန်ပါတယ်။ 

အဲဒီလို နိုင်ငံရေး၊ ဘာသာရေးနဲ့စီးပွားရေးတွေမှာ လွှမ်းမိုးချယ်လှယ်ထားနိုင်ပြီလို့ စိတ်ကြီးဝင်သွားခဲ့တဲ့ စစ်တပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲကို စိတ်လုံခြုံမှုအပြည့်နဲ့ ပြုလုပ်ပေးခဲ့တယ်။ အဲဒီရွေး ကောက်ပွဲမှာ အပြတ် အသတ်အနိုင်ရသွားခဲ့တဲ့ NLD ပါတီကိုလည်း ဣန္ဒြေရရ အာဏာလွှဲပေးခဲ့တယ်။ အဲဒီနောက် ငါးနှစ်တာကာလ အတောအတွင်းမှာ မဘသနဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီတွေကို စစ်တပ်က အသုံးချပြီး NLD အပေါ် လူထုထောက်ခံမှုကျဆင်းလာအောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ စစ်တပ်အနေနဲ့ ဘယ်လိုပဲကြိုးစားသည် ဖြစ်စေ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD နဲ့ သူ့ရဲ့ မဟာမိတ်အဖွဲ့တွေက သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြန်ပါတယ်။ ဒီဖြစ်ရပ်နဲ့အတူ မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ရေး အိပ်မက်ကြီးလည်း ပြိုကွဲပျက်စီးသွားခဲ့ရတယ်။ 

ဒီနောက်တော့ ကျနော်တို့အားလုံး သိကြတဲ့အတိုင်းပဲ စစ်တပ်က အာဏာပြန်သိမ်းပါတယ်။ ဒီအခါမှာတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ အာဏာဖီဆန်တဲ့ လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့တယ်။ စစ်တပ်ကလည်း ခေတ်အဆက်ဆက်မှာ သူတို့ အောင်မြင်စွာ အသုံးချခဲ့တဲ့ အကြမ်းဖက်နည်းနဲ့ လူထုကို ဖြိုခွင်းဖိနှိပ်ပြန်ပါတယ်။ သို့သော်လည်း ဒီတကြိမ်မှာတော့ တိုင်းသူပြည်သားတွေဟာ တိုင်းရင်း သားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလိုက်ကြပြီး၊ စစ်တပ်ကို "ဒါးကို ဒါးချင်း၊ လှံကိုလှံချင်း" ရင်ဆိုင်တဲ့ အနေနဲ့ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲပါတော့တယ်။ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ လက်နက်ကိုင်တဲ့နည်းလမ်းတွေကို ဟန်ချက်ညီညီ သုံးပြီး ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကြောင့် အကြမ်းဖက်စစ်တပ်ဟာ အခုဆိုရင် သိသိသာသာ ယိုင်နဲ့လာခဲ့ပါပြီ။

ကိုလိုနီခေတ်က စပြီး ရွှေဝါရောင်တော်လှန်ရေးကာလအထိ လူထုနဲ့အတူ မားမားမတ်မတ် ပါဝင်လာခဲ့ကြတဲ့ သံဃာထုဟာ လေးနှစ်နီးပါး ရှိလာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးကာလတလျှောက်မှာ မလှုပ်မယှက်နဲ့ တုံဏှိဘာဝေ နေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူထုရဲ့ စိတ်ထဲမှာလည်း မချင့်မရဲ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ စစ်တပ်ရဲ့ ကျည်ဆံကြောင့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတာကို အကြောင်းပြုပြီး သံဃာထုဟာ ပြန်လည်နိုးကြားလာခဲ့ပါပြီ။ ဆရာတော်ကြီးရဲ့အန္တိမအဂ္ဂိဈာပနမှာ ရုပ်ကလပ်ကို စစ်ခေါင်းဆောင်တွေ တယောက်မှ မပါဘဲ သံဃာတော်များကသာ ထမ်းပိုးသယ်ဆောင်သွားခဲ့ကြတဲ့ မြင် ကွင်းဟာ သံဃာထုရဲ့ ကြားထဲမှာပါ စစ်တပ်ရဲ့ ပုံရိပ် ပျက်ယွင်းသွားပြီဆိုတဲ့ နိမိတ်ပုံပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးများဟာ စစ်တပ်ရဲ့အကြမ်း ဖက်မှုကို လူသိရှင်ကြားကန့်ကွက်ခဲ့ကြသလို၊ သံဃာထုကလည်း စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး ပစ်ပယ်နေကြပါပြီ။ ဒါဟာ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ မရှုမလှ ရှုံးနိမ့်နေပြီဖြစ်တဲ့ စစ်တပ်အဖို့ ဘာသာရေးမျက်နှာစာမှာပါ အရှိုက်ထိုးခံလိုက်ရတဲ့ သဘောပါပဲ။

စစ်မြေခွေးတွေ နုပျိုအားကောင်းခဲ့စဉ်က ကြောက်မွှေး၊ စစ်မွှေး ဆိုတာဟာ ဇာဂနာနဲ့ဆွဲနှုတ်ရလောက်အောင်ကို ခိုင်မြဲ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစစ်မြေခွေးကြီး အိုမင်းချိနဲ့လာပြီဖြစ်တဲ့ ဒီကနေ့ ဒီအခါမှာတော့ ကြောက်မွှေး၊ စစ်မွှေးဆိုတာကို ဖယ်ရှားရာမှာ ဇာဂနာတောင် မလိုတော့ဘဲ လုံချည်တွေ၊ သင်္ကန်းတွေကို ခါထုတ်လိုက်ရုံနဲ့ ဖယ်ရှားလို့ ရနေပါပြီ။ ဒါကိုက နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုကို ထင်ဟပ်ပြသနေခြင်းပဲ ဖြစ်ပါတယ်။

မောင်မောင်မြင့်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar