ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျောက်ခေတ်ပို့ ကြောက်ခေတ်ရောက်
ကျောက်ခေတ်ပို့ ကြောက်ခေတ်ရောက်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း
(မိုးမခ) ဇူလိုင် ၂ ၊ ၂၀၂၄
အောင်ဇေယျကြီး ပေါင်တွေကွဘီလဲ ဆိုရော ပေါင်တွေကွစစ်ကြောင်းချုပ်မှူးကြီး သရေကြိုးကိုးကွင်းက အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီအစည်းအဝေးမှာ တက်ရောက်အမှာစကားပြောကြားဆိုကဘဲ။
မသိရင် မြန်မာ့အားကစားက လကမ္ဘာထိ ရောက်နေသလိုလို၊ ကမ္ဘာ့ဖလားအိမ်ရှင်ဘဲ လုပ်ရမှာလိုလို၊ အိုလံပစ်ပွဲလက်ခံကျင်းပရမှာလိုလို၊ တကယ်က ရိုးရာခြင်းလုံးတောင် ထိုင်းထုတ် ပလတ် စတစ်ခြင်းကို ခတ်နေရတဲ့အဖြစ်။ ကျေးလက် ရပ်ကွက်ဘောလုံးပွဲတောင် မကျင်းပနိုင်တဲ့စနစ်၊ စစ်အာဏာရှင်ရူးစနစ်။ အဲသလို အတည်ပေါက် သောက်ရှက်မရှိ သူ့ကောင်တွေကို မိုတီဗေးရှင်းပေးတာပေါ့လေ၊ အေးဆေးပါ၊ မြင်လား အားကစားပွဲတွေတောင် ကျင်းပမလို့ဆိုပြီး ဟန်ကိုယ့်တာပေါ့။ အဲသတင်းလဲတွေ့ရော တပ်ထဲမတော့ ဆဲသံ ဆူသံ တညံညံ။
သရေကြိုးနှစ်ကောင်ကတော့ တကယ့်ငစားတွေ၊ တကောင်က အားကစား လျှောက်ပွားသလို တကောင်ကတော့ ရွေးကောက်ပွဲနဲ့သန်းခေါင်စာရင်းကို ဖင်ပြန်ခေါင်းပြန် လှည့်ပြောနေတာဘဲ။ သန်းခေါင်စာရင်းကို မွန်ပြည်နယ်က စမယ်ဆိုပြီး မွန်ပြည်သစ်ရဲ့ ဟောင်းနွမ်းပုံကိုတောင် မီးမောင်းထိုးပြသွားသေးရဲ့။ မွန်ပြည်နယ်ကို ဘယ်ကဝင်ဝင် ဘယ်ကထွက်ထွက် မွန်တွေကတော့ ငါတို့လက်ထဲမှာလို့ ပြောတာပါဘဲ။ တခြားဘယ်ပြည်နယ်မှ လက်ဝင်ခေါင်းလျှို မလုပ်ရဲဘူးလေ။ ကျန်တဲ့တိုင်းတွေလဲ တပိုင်းနဲ့ တစိတ်နဲ့ တကွက်နဲ့ တဖြတ်နဲ့ကို တလ နှစ်ရက်လောက်ပဲ အုပ်ချုပ်လို့ရတာမဟုတ်လား။
အဲသလို ပေါချာချာတွေ ပြောကာနေတဲ့ကြား ဒီရက်ပိုင်း ကံကြမ္မာစက်ဝိုင်း မုန်တိုင်းအလှည့်သင့်တာကတော့ ရွှေနဲ့ ငွေ ဆိုတဲ့ ဗုဒ္ဓဟူးနဲ့ တနင်္လာကြားက အင်္ဂါသား ဆန် ဆီ လုပ်ငန်းရှင်တွေပေါ့။ ဒီလူတွေကို ပြဿနာရှာဖမ်းဆီး ခြိမ်းခြောက်လုပ်နေတာကတော့ ဆန် ဆီလို အဓိကစားသောက် ကုန်တွေကိုထိန်းချုပ်ကြိုးကိုင် ခြယ်လှယ် ငါတို့ရောင်းပေးမှ အိမ်ထောင်စုစာရင်းပြ မှတ်ပုံတင်နဲ့တကွ ဝယ်ရမယ်ဆိုတဲ့ သမကျောက်ခေတ်နေဝင်းရဲ့ စစ်အာဏာရှင်ခေတ်ဦး ပြန်သွားဖို့ကြံတာကိုး။ ရွှေ ဒေါ်လာသမား ကုမ္ပဏီများကို ထုထား ထောင်းထားလို့ ဆေးနဲ့ တခြားလူသုံးကုန်တွေ မျိုးတုံးကပ်ဆိုက်အကြပ်ရိုက်အောင် စီမံပြီး ကြာသပတေးနံ ဘဏ်သူဌေးတွေလည်း ပလေးရင်း စား သောက်ကုန်ဘက်လှည့်တာပေါ့။ အရူးချေးပန်းဆိုတာ သိတယ်ဟုတ်။
လက်ဘနွန်ကို ကျောက်ခေတ် ပြန်ရောက်အောင် ပို့လိုက်မယ်လို့ အစ္စရေး ပြောတော့ သရေကြိုးအုပ်စုက ပျင်းသနားပေါ့။ ကိုယ့်နိုင်ငံကို တကယ်ကျောက်ခေတ် ပြန်ပို့ထားတဲ့ ကောင်တွေလေ။ ပြည်သူကို ကျောက်ခေတ်ပို့ရင်း ပို့ရင်း သူတို့ပါတောင် ကြောက်ခေတ် ပြန်ရောက်လို့။ ပြည်သူက ယပင့်ကျောက်ခေတ်ရောက်၊ သရေကြိုးတို့က ရရစ်ကြောက်ခေတ်ရောက်။ မကြောက်လို့ ရမလား ပြည်သူမှာလဲ သေနတ်တွေနဲ့၊ တပ်တွေနဲ့။
ခုတော့ စစ်သားတွေခမျာ ဖောကားတစီး တိုက်မှ လူမပါရင် သေးပေါက်တောင် မထွက်ရဲသလို ဖြစ်လာ။ လက်ဖက်ရည်ဆိုင်ထိုင်လည်း ဗျင်း၊ ဘီယာဆိုင်ထိုင်လည်း ရှင်း၊ ကွမ်းဝယ်ဈေးဝယ်လည်း သင်းသတ်၊ KTV မှာလည်း စာရင်းဖြတ်ခံရ၊ တပ်ထဲ ငြိမ်နေလည်း ဒရုန်းနဲ့ အုံးခံရ၊ စစ် ကြောင်းထိုးလည်း ထွက်ကထဲက တဗိုင်းဗိုင်း လဲအောင် မိုင်းဆွဲလို့ ထိပ်ကြီးကွဲပြန်ဝင် တိုပြတ်ဖက်ရှင်တွေချည်းဖြစ်၊ ခုဆို ဒရုန်းတန်ခိုးနဲ့ သရေကြိုးတရှဥ်းတောင် မသာဖြစ်ဖို့ လက်နှစ်လုံးအလို၊ စစ်တိုင်းတွေပါ ဆစ်ပိုင်းခံနေရတဲ့ အခြေဆိုတော့ မကြောက်လို့ရမလားလေ။ ပြည်သူမှာလည်း ဗြောက်တွေနဲ့။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar