ခွန်ချိုသာ - ပအိုဝ်းကြမ္မာဆိုး ယတြာနဲ့ ချိုးဖျက်လို့ရမလား
ခွန်ချိုသာ - ပအိုဝ်းကြမ္မာဆိုး ယတြာနဲ့ ချိုးဖျက်လို့ရမလား
(မိုးမခ) ဩဂုတ် ၁၃ ၊ ၂၀၂၄
ခုတော့ စစ်ရေးအရတင် မဟုတ်ဘဲ ယတြာရေးအရပါ PNO/PNA ပအိုဝ်းတွေက စစ်အုပ်စုရဲ့ ဥကို ပွတ်ပေးနေရပြီ။
ဘယ်လိုအခြေအနေမျိုးမှာမှ ကိုယ့်ဥကိုယ် မထိခိုက် အောင်နေထိုင်ခြင်းဆိုတဲ့ လဥမူ ကျင့်သုံးတယ်ဆိုတဲ့ ပအိုဝ်းတွေဟာ လမ်းကြောင်းချော်လာပြီး သူများလဥ မထိခိုက်အောင် လုပ်ပေးနေရတဲ့ဘက် ရောက်လာကြတယ်။ ဟော အခု အင်မတန်ယုတ်ကန်းပြီး တတိုင်းပြည်လုံးရဲ့ ရန်သူ၊ တကယ်တော့ ပအိုဝ်းတွေရဲ့ ရန်သူလည်း ဖြစ်နေတဲ့ စစ်တပ်ကို စစ်ရေးအရတင်မကဘဲ ယတြာရေးပါ ကူနေရရှာ။ တဖက်က ကြည့်ရင်တော့ဖြင့် ပအိုဝ်းတွေရဲ့ရှေ့ရေးပါ စိုးရိမ်လာရပြီဆိုတဲ့အခြေ ဆိုက်လာတာပေါ့။
ပအိုဝ်းတွေဟာ ဒီပြည်သူ့တော်လှန်ရေးမှာ စစ်နွံ ကျွံ နုတ်မရ ဆုတ်မရဖြစ်နေတဲ့အပြင် နိုင်ငံရေးနွံလည်း နစ်နေပြီကိုး။ နွံ ဆိုတဲ့အတိုင်း လှုပ်လေ မြုပ်လေ။ လူမျိုးလိုက် အသက်ဘဝရော၊ ဓနစည်းစိမ်ရော နောင် အရှည်သဖြင့် ရပ်တည်ရေးရော ခက်လာတာ သိသာထင်ရှားပါတယ်။ ယတြာချေတယ်ဆိုတာ ပျော့နဲ့မှု အားကိုးမဲ့မှု စိုးရိမ်မှုရဲ့လက္ခဏာ မဟုတ်လား။ ရေနစ်လို့ ကောက်ရိုးမျှင် ဆွဲရတဲ့ အခြေအနေမျိုးပေါ့။ တကယ်တော့ အသက်မကယ်နိုင်ပါဘူး။
ဆန်မှုန့်နဲ့ နဂါးရုပ်တုလုပ်ပူဇော်ရမတဲ့။ တရုတ်နဂါးတော့ ဟုတ်ဟန်မတူဘူး။ သူတို့ ကိုးကွယ်တဲ့နဂါးပဲ ဖြစ်မယ်။ ဒီရထားမှာ နဂါးချင်းလည်း လွဲလို့မရဘူးဆိုတာ သိထားရမယ်။
အင်္ဂါနေ့မှာတော့ သစ်သီးခြောက်မျိုးကို အခွံခွာခွဲခြမ်းပြီး ဖက်ရွက်ထဲ ထည့်ကာ လက်ဖက်၊ သောက်တော်ရေနဲ့ အနောက်တောင်အရပ်မှာ နဂါးမင်းကို ပူဇော်ရန်တဲ့။ ဒါက သက်သတ်လွတ်နဂါး၊ မီးလွတ်နဂါးမျိုး။ အဲဒါမျိုး နဂါးက တကယ်တော့ မရှိဘူးလေ။ တီကောင် ဆိုရင်တော့ ဟုတ်မှာပေါ့။ မြွေတောင် သတ်သတ်လွတ်မစားဘူး။ ဒါက အင်္ဂါနံ စစ်နဂါး ဆိုတော့ လူမျိုးတမျိုးလုံးရဲ့ အိုးအိမ်တိုက်တာ ကိုးကွယ်ရာ ကျောင်းကန်စေတီ အသက်ဘဝ အနာဂတ်နဲ့ပဲ ပူဇော်ရတာ။
ရောဂါ၊ စစ်ဘေး၊ အငတ်ဘေးမှ ကင်းဝေးရန် ကပ်ကြေးသုံးလက်ကို ရေစီးသန်တဲ့ မြစ်၊ ချောင်းမှာ သောကြာနေ့ကျရင် မျှောပါတဲ့။ ပအိုဝ်းဒေသက ကတ်ကြေးဆိုင်တွေ ထောတာပေါ့။ တအိမ်သုံးလက်၊ အိမ်တရာ သုံးရာ၊ အိမ်တထောင် သုံးထောင်၊ အိမ်တသောင်း သုံးသောင်း၊ အင်း အားကိုးလောက်တဲ့ PNO ရဲ့ ကပ်ကြီးသုံးပါး ကျော်လွှားရေး လမ်းညွှန်ချက်ကြီး။
သူတို့ကိုယ်တိုင်ပဲ ကိုယ့်လူမျိုး လူငယ်လေးတွေကို တပတ်လောက် စစ်သင်တန်းပေးပြီး ရှေ့တန်းပို့ စစ်ဘေးဖန်တီး၊ ပြီး သူတို့ စစ်သားတောင်းလို့ အလုပ်လုပ်မယ့်သူ မရှိတော့ ဝင်ငွေလျော့လာ၊ စစ်ကောင်စီအသုံးမကျလို့ ကုန်ဈေးနှုန်းတွေ မတရားတက်လာ ငွေတန်ဖိုး ကျဆင်းလာတဲ့ကြား စစ်သားပေးရုံတင်မရ လက်နက်ဝယ်ဖို့ တိုက်ခိုက်ဖို့ စရိတ်တွေ ထောက်ပံ့ဖို့တွေအတွက် အခွန်အတုတ်တွေသုံး လေးဆင့် မတရားကောက်ပြီး အငတ်ဘေးဆိုက်လာအောင် ဖန်တီး၊ ဆေးတွေ မသွင်းနိုင်၊ ဆေးရုံ ဆေးခန်းတွေ မဖွင့်နိုင်လို့ ရောဂါထူပြောလာအောင် ကပ်သုံးပါးလုံး ဖန်တီးပြီး အဲဒီကပ်သုံးပါး ကျော်လွှားဖို့ ကတ်ကြေးသုံးလက် ချောင်းထဲ မျှောခိုင်းသတဲ့၊ တကယ့်ဟာသ။ တနည်းအားဖြင့် နားလှည့်ပါးရိုက်လုပ်တာ၊ ဒါ ငါတို့ ဖန်တီးတာ မဟုတ်ဘူးပေါ့လေ။
ငုံးဥပြုတ် ၁၁ လုံး၊ သံပုရာသီး ၁၁လုံး၊ ကင်မွန်းသီး ၁၁ လုံးကို ဖလားထဲထည့်ပြီး ဘုရား၌ လှူရန် ရွာတိုင်း အိမ်တိုင်း ပူဇော်ရန်တဲ့။ ယတြာအတွဲအဖက်ကလည်း ဘုရားများ သွားဘုဉ်းပေးမိလို့ကတော့ ဇီဝကတောင် မကုနိုင်တဲ့ ရောဂါတွေ ပေါ်လာမလားမသိ။ သူတို့လုပ်ပုံနဲ့ ဘုရားလည်း ဝဋ်ကြွေးတော်မပြေသေးသောဘုရား ဖြစ်ရအုံးမှာ၊ သူတို့လည်း ၁၁ မီးငြိမ်းမှာ မဟုတ်။ PNO ကလည်း ငုံးဥရယ်၊ သံပုရာရယ်၊ ကင်မွန်းသီးရယ် တွဲချက်ပြီး ပအိုဝ်းလူမျိုးကို စားခိုင်းနေတာကို ကိုယ်စားပြုချင်တယ် ထင်ပါရဲ့။
နယ်ခြားနေရာ၊ ဂိတ်စောင့်နေရာများမှာ သမ္မုဒ္ဓေဂါထာ ၉ ခေါက်ရွတ်ပြီးဆန်တဆုပ် ကြဲရမတဲ့။ ဒါကတော့ ငှက်ကလေးတွေ ကြက်ကလေးတွေ အကျိုးဖြစ်ထွန်းတာပ။
ဒီလိုလုပ်တာတွေကနေ ပအိုဝ်းလူငယ်တွေ ဘယ်လောက် သေကျေပျက်စီးနေပလဲ၊ ပအိုဝ်းဒေသ ဘယ်လောက် ထိခိုက် ပျက်စီးနေသလဲ ဆိုတာ မှန်းကြည့်လို့ရ။ ဦးအောင်ခမ်းထီတို့က သူတို့အကျိုးစီးပွားအတွက် ကိုယ့်လူမျိုးကို ဘယ်လောက် အသုံးချတာ လက်လွန်သွားပြီဆိုတာလည်း မြင်ကြည့်လို့ရတာပေါ့။
PNO ဟာ ၉၁ ကစလို့ အစဥ်အဆက် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဖြစ်ပြီး အာဏာသိမ်းပြီးချိန်ကတည်းက တပြည်လုံးဆန္ဒနဲ့ဆန့်ကျင်ကာ စစ်ကောင်စီနဲ့တွဲဖက် လူမျိုးလိုက် ပါဝင် အသုံးတော်ခံနေတာတွေ၊ PNO အပြင် ဘုန်းကြီးတွေ ရပ်ရွာဩဇာရှိသူတွေကပါ တပ်သားသစ်တွေကို ဂျင်းထည့် အပင်းသွင်း စုဆောင်းပေး၊ စစ်ကောင်စီက လက်နက်တွေ တပ်ဆင်ပေးပြီး စစ်တပ်နဲ့ရွှေလက်တွဲကာ စစ်တိုက်နေခဲ့တာတွေ များလှပေါ့။
PNO/PNA ပြည်သူ့စစ်တွေကို တပ်နဲ့တွဲပြီး ကရင်နီကိုသွားတိုက်ခိုင်း၊ ကရင်နီက ပအိုဝ်းဘုန်းကြီးသတ်သယောင်၊ ပအိုဝ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ဖျက်ဆီးသယောင် လူမျိုးရေး၊ ဘာသာရေး အမုန်းစကား ဂျင်းထည့်ပြီး လူမျိုးစုလိုက် ရန်တိုက်။ ကရင်နီဘက် သွားမယ့် လက်နက်တွေကို ကြားဖြတ်သိမ်းယူ ဖမ်းဆီးပြီး တော်လှန်ရေးကို ဖျက်လိုဖျက်ဆီးလုပ်။ တပြည်နယ်တည်း အတူနေရတဲ့ ကိုးကန့်၊ တအာင်းတို့ကို ဆန့်ကျင်ရှုတ်ချပွဲတွေ စစ်အုပ်စု အလိုကျ တပ်သရမ်းတာမှန်သမျှထောက်ခံရေးတွေ အမျိုးသားဝတ်စုံတွေ ဝတ်ပြီး မဆင်မခြင် အမြော်အမြင်မရှိ အားကြိုးမာန်တက်လုပ်၊ အဲသလို ကိုယ့်လူမျိုးကို ရန်မီးဝိုင်းပြီး ပြာချပစ်မယ့်ဟာတွေအပြင် PNO က လစဥ် အခွန်ကောက်ယူမှုမျိုးစုံနဲ့ကိုယ့်လူမျိုးကို လည်ပင်းညှစ်နေတာတွေဟာ ဘယ်လို နိုင်ငံရေးအမြော်အမြင်နဲ့လုပ်နေမှန်းကို စဉ်းစားမရတော့တာပါ။
စစ်ကောင်စီအလွန် ပအိုဝ်းကိုယ်ပိုင်တပ်ကြီးပေါ် ၊ တောင်ကြီးက စစ်ဌာနချုပ်ကြီးပေါ် တက်ထိုင်ဖို့ဆိုရင်လည်း ဒီနည်းက နည်းမှန်လို့မဆိုနိုင်။ သင့်တော်တဲ့နည်းလို့တောင် မပြောသာ။ ခေါင်းဆောင်ပိုင်းရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးကို ဦးစားပေးချက် များသွားတာလို့သာ ပြောရမှာပါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar