လင်းလက်နွေဦး - လွတ်မြောက်နယ်မြေ
လွတ်မြောက်နယ်မြေ
လင်းလက်နွေဦး
(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၄
မနေ့ကပဲ ယောက္ခမကြီး ဇာတိမြေ ပြန်သွားတယ်။ ‘ယောက္ခမကြီး’ ဆိုလို့ ‘ယောက္ခမငယ်’ များ ရှိလေမလား မထင်ပါနဲ့၊ သူတို့လင်မယားပဲ တရား ဝင်ရှိတာပါ။ မင်းအောင်လှိုင်လို ကိုယ့်ဘာသာကိုယ် ရာထူးဘွဲ့ထူးတွေ ပေးလို့ မရလေတော့၊ တခါတလေ သူ့လို ရူးကြည့်ချင်တယ်။ ဝတ်မှုန်ရွှေရည်ရဲ့ မိဘတွေကို ယောက္ခမရာထူး ပေးမယ်၊ နောက်တစ်ပတ်ရောက်တဲ့အခါ ဖွေးဖွေး မိဘတွေကို ယောက္ခမတော်မယ်၊ နောက်တစ်ပတ်မှာ ဘောမ မင်းသမီး အမေတစ်ယောက်ယောက်ကို ယောက္ခမတော်ချင်တာ ကျနော်ပါဗျ... ဟာ.. ဟ..။ ဒါပဲ။ သူ့လိုတော့ အာဏာမရူးပါဘူးနော်။ တစ်ယောက် နှစ်ယောက်လောက်ပဲ ဒုက္ခပေးမှာပါ။
သူတို့ဇာတိရွာမှာ အလှူရှိတယ်၊ သူ့တူမတစ်ယောက်က အလှူပေးသတဲ့။ ရွာမှာ အေးအေးချမ်းချမ်း၊ ရခတို့ စခတို့ဆိုတာ ပြတိုက်ထဲ သွားကြည့်ရတဲ့ နေရာမျိုး။ ယောက္ခမကြီးက သူတို့ရွာ မီးရှို့ခံရတုန်းက လွန်ခဲ့တဲ့ (၂)နှစ် လောက်က ကျနော်တို့ဆီ ပြေးလာခဲ့ကြတာ။ ခုတော့ ကိုကိုပီဒီအက်ဖ်တွေနဲ့ စည်စည်ကားကားဆိုတော့ အေးချမ်းသာယာ ပြည်မြန်မာတွေ ဖြစ်နေတာပေါ့။ ကျနော့်ဖြင့် အားကျလိုက်တာ။ ကျနော့်ယောက္ခမကြီးက တော့ တစ်လတစ်ခေါက်လောက်တောင် အကြောင်း သင့်တိုင်း ပြန်နေကျ။ ပြန်ရောက်လာတိုင်း သူတို့ရွာအကြောင်းကို ပြောနေကျ။ ပြောပြတိုင်း ကျနော်တို့ သွားရည်ယိုနေကျ။ တလောက အလှူမှာတော့ တရားပွဲ ရှိခဲ့တယ်။ အဲတုန်းကတော့ မြစ် ဆိပ်စစ်သင်္ဘောတွေ ကပ်လာလို့ ဓမ္မ ကထိကဆရာတော်တောင် အမြန်တရားသိမ်းလိုက်ရသတဲ့။ ဒါပေမယ့် စခတွေ ရွာထဲ မဝင်ရဲတာလား၊ မဝင်အားတာလား မသိပါဘူး၊ ရောက်မလာတော့ အေး ဆေး ဖြစ်သွားတယ်။
ခုချိန်လည်း မြစ်ရေတိုးချိန်ဆိုတော့၊ ရေက ရွာခြေဆိုက်နေပြီ၊ စက်လှေ မော်တော် ကမ်းကပ်ရလွယ်တဲ့အချိန်ကြီး။ သို့ပေမယ့် စစ်သံခွန်တွေ မော်တော်တွေ အထက်ဘက် ဆန်သွားတော့၊ ရွာမှာ အေးဆေးပါတဲ့လေ။ ကျနော်တို့ ဘားမားနိုင်ငံကြီးက အဲလိုကြီး။ ဟိုး အရင်ကတည်းက။ အောက်ပြည်အောက်ရပ် မုန်တိုင်းဝင်မှ အထက် အညာမှာ မိုးလာရွာတယ်။ မိုးပဲလေး မိုးစပါးလေး ကောင်းအောင် မိုးကောင်းသောက်လေးများ စိုက်ထားရင် မုန်တိုင်းလေး ဘာလေး ဝင်ပါစေလို့ ဆု တောင်းရမလိုဖြစ်နေတယ်။ ခုလည်း ကိုယ့်ရပ်ကိုယ့်ရွာ အလှူလေးအတန်းလေးရှိလို့ခဏတဖြုတ်လေး အေးချမ်းစေလိုရင် တခြားအရပ်တွေမှာ တိုက်ပွဲသနာ ဖြစ်ပါစေ ဆုတောင်းရမလိုပါပဲ။ ယောက္ခမကြီးတို့ဘက်မှာ အရင်တုန်းက ရွာတွေ မီးရှို့ခံရ၊ ရွာသူရွာသားတွေ ဟိုပြေး ဒီပြေးရတုန်းက ကျနော်တို့ဆီမှာ အေးလို့ ကွေးလို့၊ ခြတောင် တက်နိုင်တယ်။ ကိုယ့်ဆရာ ပီဒီအက်ဖ်တွေလည်း ဒိသာပါမောက္ခကြီးဆီမှာပဲ ရှိသေးတာကိုး။
ကဲ... ကိုယ့်ဆရာကြီးတွေ ရောက်လာပြီ၊ ပွဲတွေ ဘာတွေ မြိုင်ပြီ ဆိုတော့ ယောက္ခမကြီးတို့ဘက်မှာ ရေခဲတုံး ဖင်ခုထိုင်နေရသလိုပါပဲ။ ဖင်အညှောင့်ပေါက်ပြီပေါ့။ အဲသလိုတော့ မဟုတ်ဘူးတဲ့၊ ပြည်တော်ပြန် ယောက္ခမကြီးက ပြောတယ်။ သူတို့ရွာမှာ တပ်ရင်းနဲ့ကို ရှိတာတဲ့။ လက်နက်ရုံတောင် ရှိ ဆိုသေး။ လက်စလက်န ရှိတဲ့ ရွာသားတွေက ပညာတော်သင် ပြန်လာတဲ့အခါ၊ မိုင်းတွေတောင် မက၊ အရှည်တွေတောင် ထုတ်နိုင်သတဲ့လေ။ ကျနော်တောင် အံ့တွေဩသွားတယ်။ လက်လုပ်သေနတ်နေမှာပါဗျာ၊ ဆိုတော့ သူက ‘မင်း ဖေ့ဘုတ်က ပြတဲ့ ဟာမျိုးကြီးတွေ’တဲ့လေ။ ဗုဒ္ဓေါ... မဆီမဆိုင်၊ မင်းအောင်လှိုင်ကိုတောင် သနားသွားတယ်။ ရူးချင်စရာကြီး။ နဂို အရူး ပေါ် ထပ်ရူးမှာဆိုတော့ သွက်သွက်ခါအောင် ရူးမှာပါပဲ။
ကျနော်က သူတို့ရွာလေးကို အထင်အမြင်သေးတော့၊ ရင်းတွေ ဘာတွေနဲ့ ဆိုတော့ ရွာပေါက်စလေးမှာ ဆေးရုံဆေးခန်းများ ရှိလို့လားပေါ့။ အားပါးပါး...အထူးကုဆရာဝန်တစ်ယောက်၊ လက် ထောက်ဆရာဝန်တစ်ယောက် ရှိသတဲ့။ ရွာ့ခေါင်းရင်းမှာ ဈေးတန်းကလေးနဲ့ စည်စည်ကားကား။ ကျနော့်ခယ်မလေးတစ်ယောက် တောင် ဈေးဆိုင်ဖွင့်ထားသတဲ့။ သူတို့ အိုကြီး အိုမတွေဆိုပြီး ကျနော့်ဆီ ခေါ်ထားတာ၊ ခုတော့ ကျနော်တို့တောင် သူတို့ဆီ ပြောင်းနေရမလို ဖြစ်နေပါပြီ။ လေယာဉ် မဝဲတော့ဘူး၊ စစ်သင်္ဘောမကပ်တော့ဘူး၊ စစ်ကြောင်းမထိုးတော့ဘူး။ မနက် မနက်ဆို... ဈေးတန်းလေးနဲ့၊ အထူးကုဆရာဝန်ကြီးထိုင်တဲ့ စရိတ်မျှပေးဆေးခန်းနဲ့၊ စစ်သီချင်းတကြော်ကြော် စစ်ရေးလေ့ကျင့်နေတဲ့ ပီဒီအက်ဖ်ရဲဘော်တွေနဲ့၊ မိုဖားမို (ဂျူမုံဇာတ်ကားထဲက ပန်းပဲဆရာကြီး) ဦးဆောင်တဲ့လက်နက်စက်ရုံနဲ့။ ..ပုဂံပြည်မှာ မွေး...ပုဂံသွေးမို့...အလေးမမူ အသက်သွေးပင်လှူခဲ့ကြောင်း ..။
ဒါဆို တော်လှန်ပြည်သူတွေနေတဲ့နေရာတိုင်း ‘ပုဂံ’လို့ ခေါ်နိုင်တာပေါ့နော်။ (ဦး) မင်းကိုနိုင်က တော့ တော်လှန်ရေးသမားတွေ ခြေချရာမြေတိုင်း ‘အောင်မြေ’ပဲလို့ ပြောထားသလိုပေါ့။
ချင်းတွင်းအထက်ပိုင်းရောက်နေတဲ့ဆရာမတစ်ယောက်ကလည်း ဖုန်းလိုင်းရတဲ့အချိန်လေး အပြေး အလွှားဆက်သွယ်လာတယ်။ တနင်္လာနေ့တိုင်း ကိုယ်ဝန်ဆောင်စောင့်ရှောက်ရေးလုပ်ပေးနေတယ်ဆိုတော့ ကျနော်ဖြင့် သာဓုခေါ်လိုက်သေးတယ်။ လုပ်နိုင်လိုက်ကြတာ၊ ကျနော်ဖြင့် ရှက်နေရတာ ကြာပေါ့။ တူကလေးတစ်ယောက် ပီဒီအက်ဖ်ထဲ ဝင်သွားတုန်းကလည်း ကျနော့်မှာအားကျပြီး ရှက်ခဲ့ရ။ ‘ဦးကလည်း ဒီလောက်လုပ်နေတာပဲ၊ ရှက်စရာမရှိပါဘူး’လို့ အားပေးသွားတယ်။ အခု ဆရာမလေးကလည်း ပြောရှာတယ်၊ ‘ဆရာသာ ကျန်းမာရေးကောင်းရင် မရောက် ရောက်အောင်လာခေါ်ပါတယ်’တဲ့။ သူနဲ့က သုံးလေးနှစ်လောက် အလုပ်တွဲလုပ်ခဲ့တော့၊ ရင်းနှီးခင်မင်နေတာကိုး။ အော်... ဆရာမ ... ဆရာမ သူ့မှာ ခါးကျီးပေါင်း ရှိတာတောင် မေ့နေပြီ ထင်ပါရဲ့။
NUG က အလုပ်ခေါ်တော့ ဆရာတို့ဆီက အလုပ်လျှောက်ကြလားတဲ့။ လျှောက်ကြတယ်ဗျ၊ တချို့ ကျနော် ကျမတို့ အရင်သွားနှင့်မယ်၊ အဆင် ပြေ မပြေပြောမယ်နော်ဆိုပြီး လျှောက်နှင့်ကြတယ်။ လွတ်မြောက်နယ်မြေရောက်လို့အလုပ်တွေလုပ်ကြတော့ မှတ်တမ်းဓာတ်ပုံလေးတွေပြကြ၊အခက် အခဲလေးတွေ ရှိရင် တိုင်ပင်ကြနဲ့ အားကျစရာကြီး။ ကျနော်လည်း စိတ်ဓာတ်တွေ တက်ကြွလာတော့၊ ဆရာကြီးတွေနဲ့ ဖွင့်ဟတိုင်ပင်ကြည့်တယ်။ ဆေးပြတ်မှာပဲ စိုးရိမ်တာ။ အစားအသောက် ရွေးရတာပဲ စိုးရိမ်တာ။ ကျနော်က.... ထားပါတော့၊ ဆေးမအောင်တဲ့ ရဲဘော်တစ်ယောက်။
ကျမတို့ဆီ ခုတော့ သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ဆေးပြတ်တာတွေရှိနေပြီတဲ့။ စစ်ကောင်စီက ဆေးမှန်သမျှ ဆွဲချနေတာလေ။ နယ်စပ်နဲ့အလှမ်း ဝေးတာမို့ ပြည်မကိုပဲ အားကိုးနေရသတဲ့။ အခု ဝင်တာက ကုန်းလမ်းနဲ့။ တောလမ်းကနေလာရတော့၊ မောပန်းတာပေါ့။ အရင်က ရှပ်ပြေးစီးရင်ကို မော်တော်ပေါ် သုံးလေးည အိပ်ရတဲ့ခရီး။ ရေလမ်းပိတ်ထားတော့၊ ကုန်ပစ္စည်းတွေ အကုန် ရှားပါးနေသတဲ့။ ဓာတ်ဆီဈေးက ဘယ်လောက်၊ စားဆီဈေးက ဘယ်လို... ဖုန်းလိုင်းက ပြတ်တောင်း ပြတ်တောင်း။ ဒါပေမယ့် သူ့အသံက ရွှင်လန်းတက်ကြွနေတယ်၊ သိသာ တယ်။
ဟုတ်မှာပေါ့... စစ်ဘီလူးရန်က လွတ်ခဲ့တဲ့ သူတွေ ပျော်မှာပေါ့။
ကိုယ်တွေတောင် မိုးကုတ်မြို့သိမ်းပွဲတို့၊ မိုးမိတ်မြို့သိမ်းပွဲတို့၊ စဉ့်ကူးမြို့သိမ်းပွဲတို့မှာ ဒေသခံပြည်သူတွေ ပျော်ရွှင်နေကြတာတွေ မြင်ရပြီး အပျော်ကူးစက်ခဲ့ရတယ် မဟုတ်လား။ နားမျက်စိနဲ့ ခံစားရတာတောင် ပျော်စရာကောင်းလွန်းလို့။ သူတို့လို၊ ကျနော့်ယောက္ခမကြီးတို့လို၊ ဆရာမတို့လိုကိုယ် တိုင်ကြုံတွေ့ခံစားနေသူများအဖို့ ‘ဖရဏာပီတိ ဂွမ်း ဆီထိ’ပေါ့လေ။
လှိုင်းတွေက တလှိုင်း ပြီး တလှိုင်း။
သေချာတယ်၊ လွတ်မြောက်နယ်မြေတွေက တနယ်ပြီး တနယ်။ နေမင်းကြီး ထွက်လာတော့ အမှောင်ထု ဟာ ဆုတ် ဆုတ်သွားပြီး ထန်းတဖျားလောက်ရောက်တော့ အမှောင်ဆိုတာ တစိုးတစိ မရှိတော့သလိုမျိုး၊ လင်း လက်လာမယ်။ အမှောင်မှာ ချောင်မှာ ကြောက်ခဲ့ရသမျှတွေ ကင်းပြတ်လာမယ်။ ကျဉ်းထဲကြပ်ထဲက နိုင်ငံတော်ကို ကယ်တင်ဆွဲထုတ်နိုင်မှာ မလွဲပါပဲ။
လွတ်လွတ်လပ်လပ် ရယ်နိုင်ဖို့၊ ပျော်နိုင်ဖို့ဆိုတာ အာဏာသိမ်းမှုတွေ ထပ်မရှိဖို့ လိုတယ်။ အာဏာသိမ်းမှု တွေ ထပ်မဖြစ်အောင် အာဏာရှင်တွေ မရှိဖို့လိုတယ်။
မဟုတ်ဘူးလား။
လင်းလက်နွေဦး
၄.၈.၂၀၂၄ ညနေ ၄နာရီ ၀၇မိနစ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar