Breaking News

ရဲဘော်တေး - တိုင်းမှူးတို့ ကိုင်းကူးချိန်

ရဲဘော်တေး - တိုင်းမှူးတို့ ကိုင်းကူးချိန်

(မိုးမခ) ဩဂုတ် ၉ ၊ ၂၀၂၄

ကြင်စိုးဘယ်ကောင့်အဖေ ခေါ်ရမှန်းမသိဖြစ်နေချိန် စစ်ကောင်စီတပ်ရင်း၊ တိုင်းဌာနချုပ်များ ပြည်သူနဲ့ ပူးပေါင်းဖို့ ဒီဘက်ကာဝန် ပြောတော့ ယာယီသမ္မတလုပ်တဲ့ ဟိုဘက်ကာချုပ်ကောင် ဖင်နဲ့တိုင်နဲ့စောင့်နေပါတဲ့။ 

ကာဝန်က တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်ဖြစ်၊ တပ်မ၊ စကခ၊ ဒကစ လိုက်ဖြစ်ဖြစ်၊ စစ်တိုင်းဌာနချုပ်လိုက်ဖြစ်ဖြစ် NUG နဲ့ တော်လှန်ရေးအဖွဲ့အစည်းများဆီ အမြန်ဆုံးဆက်သွယ်ပြီး ကိုင်းကူးဖို့တဲ့။ တယောက်ချင်းပြောတဲ့အဆင့် မဟုတ်တော့ဘူးနော်။ နှာနုကို တဖြတ်တည်း ဆွဲပလိုက်တာ။ တိုင်းမှူးအထက်တွေတော့ သူ့ဒေါသနဲ့သူ ထားခဲ့တော့ဆိုတဲ့သဘော။ 

“အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ ရောက်ရှိလာခဲ့ပြီ။ ပြည်ထောင်စု ပြိုကွဲမှာစိုးတယ်ဆိုတဲ့ခြောက်လုံးနဲ့ တိုင်းရင်းသားပြည်သူအပေါ်  ကုပ်ခွစီးပြီး အခွင့်ထူးခံနေတဲ့ လုပ်စားအတွေး အခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်။ ပြည်ထောင်စုမပြိုကွဲအောင် တကယ် တမ်း တာဝန်ယူစောင့်ရှောက်နေတဲ့သူဟာ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေပဲ ဖြစ်တယ်” လို့ ကာဝန်က ပိုရှင်း‌အောင် ဖွင့်ဆိုတယ်။ မအလကောင် ဟန်မပျက်နေနေတယ်ထင်ရင်တော့ မှားပြီ။ ပြူးပြာတာကနေ လူးခါစပြုနေပြီ။ ရူးတာနှမ်းတာကတော့ မွေးရာပါမို့ထားတော့။

စစ်ဘီလူးမိသားစုအတွက် အသက်အသေခံ၊ မသေပြန်သေး ဂိုးတူဂျေး၊ ဂျေးထဲရောက်ရင် ကြိုးစင်တင်နေမှန်းသိရက်နဲ့ မိုက်တွင်းကို ဆက်တူးမနေနဲ့ပေါ့လေ။ ထွက်ခဲ့တော့။ သားကြီးတို့အတွက် ဒီဘက်က အေးဆေးဘဲ ထွက်ခဲ့တော့။ အချိန်ရှိခိုက် ဖုံးဆက်လိုက်၊ လိုင်းရတုန်း ဗိုင်းငင်၊ ပြည်သူ့ရင်ခွင်မယ် ခိုဝင်တွယ်ကြတော့ငါးကောင်တို့။ 

စစ်ကတော့ ရှုံးမှာ။ ဘောမတသိုက်ကလဲ လမ်းပေါ်တက်မြှောက်ပေးရုံသက်သက်၊ ဒါတောင် မြှောက်ပေးခရမှ မြှောက်တာ၊ ထောက်ပို့ဘို့ဝေး၊ စစ်ထဲဝင်မလားဆို ပြေးပြီ။ ခုလဲ လမ်းပေါ်တက် ဆန္ဒသာပြတယ်၊ စစ်သင်တန်းတက်ဖို့အရေး ဒို့အရေးလို့ ယောင်လို့တောင်မကျွေးကြော် အော်ဖို့ထား ကွမ်းဝါးမပျက် နေ့တွက်လာထား ကြိုပို့ကား စက်နှိုးထားတွေချည်း။ သူတို့ထားလိုက်ပါအုံး၊ မအလကိုယ်တိုင်တောင် စစ်တိုင်းကျချိန် ဆင်ဖမ်းခိုင်းလိုက် ခြင်ဖမ်းခိုင်းလိုက်နဲ့ ဟီလာတိုက်နေတာမဟုတ်လား။ သူ့သားသမီးတွေလဲ အေးဆေး၊ ဇယားမပျက်။ မြေးတွေလဲ အစားမပျက် ကစားမပျက်။ မင်းတို့သားမယားတွေသာ ဘုရားရှေ့ကမခွါရဲ မသာလဲ မဖြစ်ပါစေနဲ့၊ အပါ ပြန်လာပါ။ အတိုလဲ မဖြစ်ပါစေနဲ့၊ အကို ပြန်လာပါဆိုပြီး ရှိသမျှဘုရားစာရွတ်နေရရှာ။

“ကျနော်တို့က စနစ်ကို တိုက်နေတာပဲ ဖြစ်တယ်၊ လူကို တိုက်နေတာမဟုတ်ဘူး။ ခင်ဗျားတို့ အသက်တွေ ဘဝတွေ မဆုံးရှုံးစေလိုသလို ကျနော်တို့ တော်လှန်ရေးရဲဘော်တွေ ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလည်း အကျိုးမဲ့ မဆုံးရှုံးစေလိုဘူး။ စစ်မြေပြင်ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျနော်တို့ မဖမ်းလိုဘူး။ခင်ဗျားတို့ အသက်သာမက ဘဝ၊ ဂုဏ်သိက္ခာကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြု လေးစားလိုတယ်” တဲ့။ ကာဝန့်နှုတ်ထွက်နဲ့ မအလဟောင်သံ နှိုင်းယှဉ်ကြည့်ဖို့မဟုတ်ဘူးနော်၊ နှိုင်းဘို့ကိုမလိုတာ။ မအလက ဗိုလ်ချုပ်တွေအပေါ်တောင် ဘယ်လိုသဘောထားလဲကြည့်။ စစ် ဘာ့ကြောင့်ရှုံးတာ မမေးဘဲ မင်းတို့ ထွက်ပြေးရသလားဆိုပြီး သေဒဏ်တောင်ပေးတာ။ အဲဒီ စစ်ရှုံးတဲ့အဆင့်ထားအုံး၊ စစ် ဘာ့ကြောင့်တိုက်ရသလဲဆိုတာဘဲ မေးကြည့်၊ မမေးရဲ တွေးကြည့်။ သူသမတရူး ရူးလို့ တိုက်နေရတာလေ။ ဘယ်သူတွေကို တိုက်နေရတာလဲ ထပ်စဉ်းစား၊ ကိုယ့်စားဝတ်နေရေး တာဝန်ယူထားတဲ့မိဖပြည်သူ။ သူတို့ကို စောင့်ရှောက်ဖို့ ကိုယ့်ကို လက်နက်တပ်ဆင်ပေးထားတဲ့ပြည်သူ။ ကိုယ့်သခင်။ ကျွေးသဖခင် ကျေးဇူးရှင်။ မင်းတို့အဖေအမေကလွဲလို့ မင်းတို့ကို လိုလေသေးမရှိစေတာ ပြည်သူဘဲရှိ။ ဗိုလ်ချုပ်တွေဖြောင်လို့ လူရောင်မထွက်တာကသပ်သပ်။ ဘယ်မှာ တိုက်နေရတာလဲဆို ကိုယ့်ရွာထဲအရပ်ထဲ ကိုယ့်မြို့ထဲ။ ကိုယ့်ကျောင်းကိုယ့်ကန်ထဲ။ ကိုယ်ကိုးကွယ်ရာ စေတီသာထဲ။ တရုတ်လဲမဟုတ်၊ အိန္ဒိယလဲမဟုတ်။ ထိုင်းလဲမဟုတ်၊ ဘင်္ဂလားဒေ့ရှ်လဲမဟုတ်။ ဘယ်ပြည်ပရန်မှမဟုတ်။ ကျွေးတဲ့လက်ပြန်ကိုက်နေရတာ။ 

"ဒီကနေ့ ပြည်သူ့တော်လှန်ရေးက ခေတ်သစ်စနစ်သစ် ပြောင်းလဲရေးကို ဦးတည်တယ်၊ တိုင်းသစ်ပြည်သစ် ထူထောင်ရေးကို ဦးတည်တယ်။ ပြည်သူကို လေးစားပြီး ခေတ်စနစ် ပြောင်းလဲရေးကို လက်ခံတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူက လက်ကမ်းကြိုဆိုနေလိမ့်မယ်။ ခင်ဗျားတို့ ကိုယ်တိုင် သမိုင်းသစ်ရေးသူတွေထဲ အပါအဝင် ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့ အမြင်မှန်ရရင် ခင်ဗျားတို့အတွက် အနာဂတ်ရှိတယ်ဆိုတာ အသိပေးလိုပါတယ်" တဲ့။ 

ကဲ သမိုင်းသစ် ရေးရဲလား၊ လာ ရေး။ ခု ရေးနေချိန်ဘဲ။ သမိုင်းဟောင်းနဲ့ ဘဝပြောင်းမခံနဲ့။ သရေကြိုးနဲ့ အသရေအညှိုးမခံနဲ့။ ကိုယ့်မျိုးဆက် ဘယ်ခေတ်မှ ခေါင်းမဖော်ရဲအောင် မလုပ်နဲ့။ လူတောမတိုးအောင် မလုပ်နဲ့။ ခေတ်သစ်ဂဠုန်စော ဆက်မလုပ်နဲ့။ နွေဦးတော်လှန်ရေးအကြောင်း ပြောတိုင်း ခေါင်းငုံ့ထားရတဲ့သူတွေ မဖြစ်စေနဲ့။ ကိုယ်ရော ကိုယ့်သားသမီးရော အနာဂတ်အပျောက်မခံနဲ့။ 

အမှန်သိဖို့ပဲ။ ဉာဏ်ရှိဘို့ပဲ။ 

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar