ကောင်းဇေလူ - မြန်မာနိုင်ငံရဲ့ အဖြေဟာ ရွေးကောက်ပွဲမဟုတ် - တရုတ်-အာဆီယံ တွန်းပို့နေတဲ့ ဟန်ပြ ရွေးကောက်ပွဲ အလိုမရှိ
ကောင်းဇေလူ - မြန်မာနိုင်ငံရဲ့ အဖြေဟာ ရွေးကောက်ပွဲမဟုတ် - တရုတ်-အာဆီယံ တွန်းပို့နေတဲ့ ဟန်ပြ ရွေးကောက်ပွဲ အလိုမရှိ
(မိုးမခ) ဩဂုတ် ၃၁ ၊ ၂၀၂၄
၂၀၂၁ ဖေဖော်၀ါရီ အကြမ်းဖက် အာဏာသိမ်းမှုအလွန် ၃ နှစ် ၇ လကျော်အတွင်း မြန်မာနိုင်ငံတဝန်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ စစ်ရေး စသဖြင့် ဘက်စုံ အကျပ်အတည်းတွေနဲ့ ပြည်သူလူထုဟာ အခက်အခဲမျိုးစုံကြားမှာ ချောင်ပိတ်မိနေတယ်။ စိတ်ပိုင်ဆိုင်ရာ မူမမှန်တော့တဲ့ စစ်ကောင်စီခေါင်းဆောင်က လက်နက်ကိုင် ပဋိပက္ခတွေဟာ မဲမသမာမှုကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတာကြောင့် ဖြစ်တယ်လို့ ပြောဆိုလိုက်ပုံဟာ အတော်ဟာသမြောက်တဲ့ ပြက်လုံးလို့ ဆိုရပေလိမ့်မယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက် ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက် ဖိနှိပ်ဖြိုခွင်းမှုတွေကြောင့် သည်းမခံနိုင်တော့တဲ့ Gen-Z လူငယ်မျိုးဆက်သစ်များက လက်နက်ကိုင်ခုခံ တော်လှန်ခဲ့ကြတာ ဖြစ်တယ်။ ဒါဟာ နွေဦးတော်လှန်ရေး ပေါ် ပေါက်လာရတဲ့ အဓိကအချက်ဖြစ်တယ်။ စစ်ခေါင်းဆောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲကို မဲလိမ်တယ်လို့ လုပ်ကြံပြောဆိုနေပေမယ့်၊ ပြည်တွင်း ပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေက တရားမျှတပြီး လွတ်လပ်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း အသိအမှတ်ပြုထားပြီး ဖြစ်တယ်။
တိုင်းပြည်ရဲ့ လုံခြုံရေး ထိခိုက်မှုဖြစ်စဉ်တွေက နိုင်ငံရေးကို အခြေခံပြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး မဲမသမာမှုကြောင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းဖြင့်ဖြေရှင်းရန် လုပ်ဆောင်လာခြင်းကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က မန္တလေးမြို့မှာ ရောက်ရှိနေစဉ် ပြောဆိုခဲ့တာ တွေ့ရတယ်။
"၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များက ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာတော့ စောင့်ကြည့် လေ့လာမှုများအရ ရွေးကောက်ပွဲဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်များကြောင့်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အားနည်းချက်များ ရှိခဲ့သည်ကို လေ့လာတွေ့ရှိပါသည်။ သို့သော်လည်း ရွေးကောက်ပွဲရလဒ်များသည် မဲဆန္ဒရှင်အများစု၏ သဘောထားနှင့်အညီ ရရှိလာသော ရွေးကောက်ပွဲရလဒ်များ ဖြစ်သည်ကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် တွေ့ရှိပါသည်။" လို့ ဖော်ပြခဲ့တယ်။ (ဗွီအိုအေသတင်း)
စစ်ကောင်စီခေါင်းဆောင်က ရွေးကောက်ပွဲ ကျင်းပဖို့ အကြိမ်ကြိမ် ပြောဆိုနေပေမယ့် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များနဲ့ ပါတီဝင်များကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်တာ တွေ့ရတယ်။ ဂျန်ဇီးလူငယ်တွေ အဓိကပါ၀င်တဲ့ PDFs အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေ EAOs ဦးဆောင်တဲ့ တိုက်ပွဲတွေကို ရပ်တန့်သွားအောင် လုပ်နိုင်တဲ့ အခြေအနေမျိုး စစ်ကောင်စီဘက်မှာ မရှိတာလည်း ထင်ရှားတယ်။ ထိန်းချုပ်နယ်မြေနဲ့ မြို့တွေကို တော်လှန်ရေးအင်အားစုတွေက ဆက်တိုက်ဆိုသလို သိမ်းယူနေတာ တွေ့ရတဲ့အတွက် စစ်ကောင်စီ စီစဉ်နေတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေနည်းတယ်။ ဖြစ်ခဲ့ရင်တောင် ရွေးကောက်ပွဲမှာ စစ်တပ်အလိုတော်ရိ နိုင်ငံရေးပါတီတွေ ဝင်ပြိုင်ကြမှာဖြစ်လို့ အတုအယောင် ရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် အစိုးရဟာ နိုင်ငံနဲ့ ပြည်သူကို ကိုယ်စားပြုနိုင်ဖွယ် မရှိဘူးလို့ နိုင်ငံရေးလေ့လာသူအများစုက သုံးသပ်ကြတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲလုပ်မှာဖြစ်လို့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်ထားကြဖို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ ဩဂုတ် ၂၄ ရက်က နေပြည်တော်မှာ တွေ့ဆုံတဲ့အချိန်မှာ ပြောဆိုခဲ့ကြောင်း သိရတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းဟာ ဩဂုတ် ၈ ရက်က နေပြည်တော်ကို ရောက်လာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကျင်းပရေးကိစ္စတွေ ဆွေးနွေးခဲ့ကြကြောင်း ဒီဗွီဘီသတင်းအရ သိရတယ်။ စစ်ခေါင်းဆောင်နဲ့ တရုတ်ကိုယ်စားလှယ်တို့ နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး၊ မြန်မာ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ခဲ့တယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေတွေအရ နယ်မြေ တည်ငြိမ်မှုမရှိတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ မလုပ်ဘဲ တည်ငြိမ်တဲ့နေရာတွေမှာသာ အပိုင်းလိုက် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုတယ်။ လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီ တွေက အဲဒီရွေးကောက်ပွဲကို ဝင်ပြိုင်မှာမဟုတ်တာကြောင့် နိုင်ငံရေး အရွေ့တခုကို ဖော်ဆောင်ချင်တဲ့ အာဏာသိမ်းစစ်တပ်အတွက် အောင်မြင်တဲ့ နိုင်ငံရေးထွက်ပေါက် မဖြစ်နိုင်ဘူးလို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိတယ်။
စစ်ကောင်စီကျင်းမယ့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစု တွေက ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုထားတယ်။ ဒီအပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးရပြီး အစိုးရဖွဲ့ခွင့်မရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောထားပြီး ဖြစ်တယ်။ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်သလို ပြည်သူတွေအဖို့ ဆင်းရဲဒုက္ခတွေ တာရှည်စေမှာဖြစ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကို နိုင်ငံတကာအနေနဲ့ ထောက်ခံ ပံ့ပိုးတာ မလုပ်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်မှာ ဩဂုတ် ၂၆ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အစည်းအဝေးမှာ တောင်းဆိုခဲ့တာ တွေ့ရတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပါတီ ၄၉ ခုကို မှတ်ပုံတင်ခွင့်ပြုထားပြီး အဲဒီပါတီတွေအားလုံးထဲမှာ တနိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉ ခုသာ ရှိပြီး ကျန်ပါတီအားလုံးက တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်သာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေ ဖြစ်တယ်။ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ တခုတည်းသာ အင်အား အကောင်းဆုံး ဖြစ်တယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနဲ့ မဲအများဆုံး အနိုင်ရရှိခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားပါတီတွေနဲ့ စစ်အာဏာသိမ်းမှုကို လက်သင့်မခံတဲ့ နိုင်ငံရေးပါတီတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းထားတဲ့ အတွက် ဒီအတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံရေးမျက်လှည့်ပွဲတခုမျှသာ ဖြစ်ကြောင်း ထင်ရှားတယ်။
စစ်ကောင်စီ ခေါင်းဆောင်က လာမယ့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းမှာ သန်းခေါင်စာရင်းကောက်ယူပြီး ရွေးကောက်ပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထပ်မံပြောဆိုထားပေမယ့် နိုင်ငံအနှံ့ လက်နက်ကိုင်တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေတယ်။ စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ မြို့တွေကို တော်လှန်ရေးအင်အားစုတွေက တခုပြီး တခု သိမ်းယူနေတာ တွေ့ရတယ်။
ဒီအတောအတွင်း ဩဂုတ် ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေနဲ့ ကျွမ်းကျင်ပညာရှင်များ အဆင့်မြင့်အဖွဲ့ ဆွေးနွေးပွဲမှာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနဲ့ နိုင်ငံတကာက တရားမျှတမှုဘက်က ရပ်တည်ပြီး မြန်မာနိုင်ငံအရေးကို အလေးထား ဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုခဲ့ကြောင်း DVB သတင်းအရ သိရတယ်။
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ (၅၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင် ၂၇ ရက်မှာ သဘောထားထုတ်ပြန်ခဲ့ရာမှာ အတုအယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လုံးဝငြင်းပယ်ဖို့ တိုက်တွန်းခဲ့တယ်။ အာဏာသိမ်းထားတာ ၃ နှစ်ကျော်ရှိလာပြီဖြစ်တဲ့ စစ်ကောင်စီက ၂၀၂၄ ခုနှစ်မှာ ပြည်လုံး ကျွတ် သန်းခေါင်စာရင်းကောက်ဖို့နဲ့ ၂၀၂၅ မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ဆောင် ရွက်နေတာတွေ့ရတယ်။
စစ်အုပ်စုက ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေး တရားဝင်စေဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ အခြေအနေတွေကိုပိုမိုရှုပ်ထွေးစေပြီး၊ ဒေသတွင်း တည်ငြိမ်မှုနဲ့ လုံခြုံမှုတွေကို ပိုမိုပျက်ပြားစေလိမ့်မယ်လို့ NUG က ထောက်ပြ ပြောဆိုခဲ့တယ်။ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ဖို့ NUG က တိုက်တွန်းထားတယ်။ အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိစေရေး သံတမန်ရေးအရ ဖိအားပေးမှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြောင်း သိရတယ်။
ဒီ့အပြင် အာဆီယံအဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားနဲ့ အရပ်ဘက်အဖွဲ့အစည်း မိတ်ဖက်တွေကို မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုရဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့၊ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးဖို့ ဂျက် လေယာဉ်လောင်စာဆီ အရေးယူ ပိတ်ဆို့မှု လုပ်ဖို့၊ စစ်ဘေးရှောင် ထွက်ပြေးခိုလှုံလာသူတွေကို လက်ခံ ကာကွယ်စောင့်ရှောက် ကူညီပေးဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ စတာတွေလည်း NUG က တောင်းဆိုထားကြောင်း ဒီဗွီဘီသတင်းအရ သိရတယ်။
တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဝမ်ယိက သြဂုတ်လ ၁၄ ရက်နေ့မှာ မြန်မာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့သလို စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပရေးကို ထောက်ခံကြောင်း၊ မြန်မာ့အရေးမှာ ပြည်ပအင်အားစုတွေ စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက ပြောဆိုခဲ့သည်ကို တရုတ် နိုင်ငံပိုင် ရှင်ဟွာ သတင်းက ဖော်ပြခဲ့တယ်။ တရုတ်နိုင်ငံရဲ့ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲ ထောက်ခံမှုဟာ မြန်မာပြည်သူလူထုကို ဆန့်ကျင်ပစ်ပယ်ရာရောက်နေတယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်ရဲ့ သွေးစွန်းနေတဲ့ လက်ကို ကိုင်ဆွဲနှုတ်ဆက်ခဲ့ခြင်းဟာ တရုတ်နိုင်ငံက စစ်တပ်ရဲ့ အကြမ်းဖက်မှု စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေမှုကို အားပေးထောက်ခံရာရောက်နေတယ်။ တရုတ်ဟာ စကားအရ မြန်မာ့ပြည်တွင်းရေးကို မစွက်ဖက်ပါလို့ပြောနေပေမယ့် လက်တွေ့မြေပြင်ပေါ် မှာတော့ လက်ရဲဇက်ရဲ ၀င်ရောက်စွက်ဖက်နေတာ ထင်ရှားနေတယ်။ မြန်မာနယ်စပ်မှာ လတ်တလော လုပ်နေတဲ့ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုဆိုတာကလည်း သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတခုဖြစ်တယ်လို့ သုံးသပ်မိတယ်။
မကြာသေးမီက တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ သံအမတ်အသစ် ခန့်အပ်တဲ့အချက် အပါအ၀င် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ခပ်သွက်သွက် လုပ်လာတာဟာ အနောက်နိုင်ငံတွေ အလုပ်ရှုပ်နေချိန်မှာ လက်ဦးမှုရယူတာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြောင်း မီဒီယာသတင်းတွေက ဆိုတယ်။ ကိုဗစ်အလွန်မှာ အာဆီယံနိုင်ငံတွေ အပါအဝင် ဥရောပနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး စီးပွားရေးပြန်လည်ထူထောင်ဖို့ တရုတ်က ကြိုးစားနေတဲ့ စီးပွားရေးရာ ထောက်ပံ့ရေးလမ်းကြောင်း Regional Comprehensive Economic Partnership (RCEP)၊ တရုတ်အစိုးရရဲ့ မူလကတည်းက ရှိနေခဲ့တဲ့ ပိုးလမ်းမ မဟာဗျူဟာစီမံကိန်း စတာတွေဟာ မြန်မာ့ပြည်တွင်းရေး မငြိမ်သက်မှုကြောင့် နှောင့်နှေးမှုတွေ ရှိနေခဲ့ရတယ်လို ဆိုတယ်။
မြန်မာပြည်တွင်း ပဋိပက္ခတွေ ရှိနေပေမဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူစီမံကိန်း အပါအဝင် သူတို့ရဲ့ စီမံကိန်းတွေကို တရုတ်အစိုးရက ပုံမှန်ဆက်လည်ပတ်ဖို့ ကြိုးစားခဲ့ပြီး စစ်ရေး အရှိန်မြင့်လာချိန်မှာတော့ မဖြစ်မနေ တိုက်ရိုက်ပါဝင်ပတ်သက်ဖို့ အကြောင်းဖြစ်လာတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူတဦးက သုံးသပ်ခဲ့ကြောင်း ဒီဗွီဘီသတင်းအရ သိရတယ်။ ဒေသတွင်း အဓိကပြိုင်ဘက် အိန္ဒိယနိုင်ငံမှာ ခန့်အပ်ထားတဲ့ သံအမတ် မစ္စမာကျားကို မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေခြင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ခြင်း၊ မန္တလေးမှာ တရုတ်ကောင်စစ်ဝန် အသစ်ခန့်အပ်ခြင်း၊ မြန်မာ့အရေး တရုတ်က သူတို့လိုလားချက်တွေကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း၊ အာဏာရှင်ဟောင်းတွေနဲ့ တွေ့ဆုံခဲ့ခြင်း၊ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံခြင်း၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြားမှာ ဆွေးနွေးပွဲတွေ ကြားခံစီစဉ်ပေးခြင်း အစရှိတဲ့ တရုတ်အစိုးရရဲ့ ခြေလှမ်းစိပ်စိပ် လှုပ်ရှားလာတာကို အချိန်တိုတိုအတွင်း တွေ့မြင်ရတဲ့အတွက် နွေဦးတော်လှန်ရေးအဖွဲ့တွေဘက်က သတိရှိရှိ ပြင်ဆင်ထားကြဖို့လိုပါလိမ့်မယ်။
ဒါပေမဲ့ ပြည်သူ ငြင်းပယ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်ကနေ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖြေရှင်းဖို့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းချက်ဟာ အောင်မြင်လာမှာ မဟုတ်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ထက် တရုတ်အကျိုးစီးပွား ကာကွယ်ပေးရေးကိုသာ ဦးစားပေးဆောင်ရွက်နေလို့ ဖြစ်တယ်လို့ နိုင်ငံရေးအသိုက်အဝန်းက သုံးသပ်ကြတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့တဲ့ သတင်းစကားတွေအပေါ် မြန်မာ့နိုင်ငံရေးအသိုက်အဝန်းက အခုလိုသုံးသပ်ကြပုံ ရပါတယ်။
တရုတ်နိုင်ငံဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်ထဲကနေ လုပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အပေါ် ထောက်ခံတယ်လို့ ပြောဆိုခဲ့သလို အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို အလျင်အမြန် လုပ်ပြီး တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ကနေ သွားဖို့ ဝမ်ယိက မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ စစ်ခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း သတင်းတွေက ဆိုတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့အတွက် စစ်ကောင်စီတဖက်တည်းကိုသာ လက်ခံရပ်တည်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်မှုဟာ သူတို့ ကျောထောက်နောက်ခံပေးနေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကိုသာ အပစ်အခတ်ရပ်အောင် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပေမဲ့ လက်ရှိ နွေဦးတော်လှန်ရေးအရှိန်ကို ရပ်တန့်အောင် လုပ်နိုင်ခြေ မရှိဘူးလို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်တယ်။
စစ်တပ်လက်ဝေခံ နိုင်ငံရေးပါတီတွေ၊ NCA အပစ်ရပ်လက်မှတ်ထိုးအဖွဲ့တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က ပြောဆိုနေတဲ့ ရည်ရွယ်ချက်က ၂၀၂၅ မှာ ရွေးကောက်ပွဲအတုတခု ဖန်တီးပြီး စစ်တပ်အတွက် ထွက်ပေါက် ရှာပေးလိုတဲ့ သဘောပါပဲ။
ဒီအတုအယောင် ရွေးကောက်ပွဲ ဖန်တီးရေးက တရုတ်အစိုးရရဲ့ စီမံချက် ပါပဲ။ အာဆီယံအဖွဲ့ထဲက တရုတ်နောက်လိုက်နိုင်ငံအချို့က အဲဒီစီမံချက်ကို ၀ိုင်း၀န်းပံ့ပိုးကြမှာ ဖြစ်တယ်။ မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အခိုင်အမာ ဆက်လက် အကောင်အထည်ဖော်မယ်လို့ လက်ရှိအချိန်အထိ ပြောနေကြတာကိုက တရုတ်ရဲ့ လမ်းညွှန်ချက်ပါပဲ။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတိုင်းမှာ မူ ငါးချက်ကိုပဲ ထပ်တလဲလဲ ပြောနေတာကို ထောက်ရင် အာဆီယံအဖွဲ့အတွင်း တရုတ်သြဇာ သက်ရောက်နေတာကြောင့်လို့ ဆိုနိုင်တယ်။
ဩဂုတ် ၁၆၊ ၂၀၂၄ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တရုတ်နိုင်ငံက ထောက်ခံပံ့ပိုးသွားမယ့်အကြောင်း၊ ဒေသတွင်း အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာ့အရေး အဖြေရှာနိုင်အောင် ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တယ်လို့ VOA သတင်းက ဖော်ပြခဲ့တာ တွေ့ရတယ်။
"မြန်မာနိုင်ငံ ပဋိပက္ခတွေ အဆုံးသတ်ဖို့၊ ပြည်သူတွေ လုံခြုံစေဖို့နဲ့၊ ပြည်ပ ဝင်ရောက်စွက်ဖက်မှုတွေကို ဆန့်ကျင်ဖို့ ဘုံတူညီတဲ့ တသံတည်းထွက်အောင် တရုတ်နိုင်ငံက အဖွဲ့အားလုံးနဲ့ လက်တွဲကြိုးပမ်းသွားဖို့ လိုလားပါတယ်။ မြန်မာ မပါဘဲ အာဆီယံ မိသားစုမဖြစ်နိုင်ပါဘူး"လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံအရေး အာဆီယံအဖွဲ့ကြီးက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အာဆီယံရဲ့ နည်းလမ်းနဲ့ အညီ အဖြေရှာနိုင်ရေး ကြိုး ပမ်းမှုတွေကို ထောက်ခံတဲ့အကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီး Wang Yi က ပြောဆိုပါတယ်။ မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အဖွဲ့အစည်း အားလုံးက အပြုသဘောဆောင် လုပ်ဆောင်ကြဖို့ မျှော်လင့်တဲ့အကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုတယ်။
တရုတ်ရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒအရ မြန်မာ အကြမ်းဖက်စစ်တပ်ကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဆက်ရှိနေစေလိုကြောင်း ထင်ရှားတယ်။ အာဏာရှင်စနစ် ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးရဲ့အရှိန်အဟုန်ကို ဆွဲချပြီး မြန်မာနိုင်ငံကို ၂၀၀၈ စစ်တပ်ဖွဲ့စည်းပုံအောက် ပြန်ပို့လိုတာဟာ တရုတ်ရဲ့ မြန်မာ့အရေးဆိုင်ရာ သဘောထား ဖြစ်တယ်။ အာဆီယံမှာ တရုတ်ရဲ့ သြဇာမကင်းတဲ့ အဖွဲ့ဝင်တွေ ပါ၀င်နေတဲ့အတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အခိုင်အမာ ဆက်လက် အကောင်အထည်ဖော်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ တရုတ် ဖြစ်ချင်တဲ့ ကြံစည်မှု ဖြစ်တယ်။ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာပြည်သူတွေကို လုံးဝကိုယ်စားပြုခွင့် မရှိဘူးဆိုတဲ့ အချက်ကို တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ အနေနဲ့ သိထားသင့်တယ်။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားအမှန်ကို သိအောင် ကြိုးစားသင့်တယ်။ ဂျန်ဇီးလူငယ်မျိုးဆက်သစ်တွေဦးဆောင်တဲ့ နွေဦးတော်လှန်ရေးသန္နိဋ္ဌာန်အရ မြန်မာ တိုင်းရင်းသားပြည်သူ လူထုဟာ တရုတ်နဲ့ စစ်ကောင်စီ ကြံစည်နေတဲ့ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲအစီအစဉ်ကို လုံး၀လက်ခံလိမ့်မည် မဟုတ်ပါ။
မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ BNI-Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့ပေါင်းဟာ ၇၀ ကျော် ရှိလာပါပြီ။ အဲဒီမြို့ တွေရဲ့ အုပ်ချုပ်ရေးအဆင့်ကိုကြည့်ရင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ မြို့အဆင့်နဲ့ မြို့နယ်ခွဲအဆင့်မြို့တွေလည်း ပါဝင်တာတွေ့ရပါတယ်။ လွတ်လပ်တဲ့ နိုင်ငံရေး၊ စစ်ရေးသုတေသနအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်းဌာနချုပ်တွေနဲ့ တပ်စခန်းပေါင်း ၂၅၀၀ ကျော်ကို ဆုံးရှုံးခဲ့ပြီး ဖြစ်ပါ တယ်။ ဒီအခြေအနေမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ကျင်း ပနိုင်တဲ့ နယ်မြေတွေကို အရင်ကျင်းပကာ ကျန်နယ်မြေတွေကိုတော့ လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ပြီး ဆက်လက်ကျင်းပမယ်လို့ ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ မြန်မာနိုင်ငံရဲ့ အဖြေဟာ ရွေးကောက်ပွဲ မဟုတ်သလို ပက တိအခြေအနေအရ တည်ငြိမ်မှုမရှိတဲ့ ကာလမျိုးမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုတယ်။
“ဒီနိုင်ငံရဲ့အဖြေက ရွေးကောက်ပွဲ မဟုတ်ဘူး။ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေလည်း လော လောဆယ်မှာမရှိဘူး။ ပကတိမြေပြင်အခြေအနေမှာ တည်ငြိမ်မှု၊ အေးချမ်းသာယာမှု၊ ငြိမ်ဝပ်ပိ ပြားမှုမရှိတဲ့ ကာလမျိုးမှာ ရွေးကောက်ပွဲတစ်ခုကို Free and Fair ဖြစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့်သူတို့အနေနဲ့ မိတ်ဘက်တွေနဲ့ ဆွေးနွေးတယ်။ မိတ်ဘက်ပါတီတွေ၊ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့အစည်းတချို့နဲ့ ဆွေးနွေးတယ်ဆိုတာ သူ့ဘက်က (စကစ) လုပ်ချင်တဲ့ဆန္ဒကို ပြ တာပဲဖြစ်တယ်။ လက်တွေ့မြေပြင်မှာ လုပ်လို့ရနိုင်မယ့် အခြေအနေတော့မရှိဘူး”လို့ ဦးဖေသန်းက (သံလွင်တိုင်းမ်)ကို ပြောကြောင်းသိရတယ်။
ဒါကြောင့် NUG နဲ့ EAOs တွေအကြား၊ NUG အတွင်း အထက်အောက်/ဗဟိုနဲ့ မြေပြင်အဖွဲ့တွေအကြား၊ NUCC အဖွဲ့၀င်အချင်းချင်းအကြား၊ PDFs အဖွဲ့တွေနဲ့ EAOs တွေအကြား၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန် အလှန်တာ၀န်ယူမှု တာ၀န်ခံမှုတွေ ခိုင်မာအောင် တည်ဆောက်ကြဖို့လိုပါတယ်။ လိုအပ်တဲ့ ဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုတွေကို အချိန်နဲ့တပြေးညီ လုပ်ကြဖို့လိုတယ်။ လက်ရှိအခင်းအကျင်းတွေအရ နွေဦးတော်လှန်ရေးအတွက် အချိန်ကို တန်ဖိုးရှိရှိ အသုံးချကြရမှာ ဖြစ်တယ်။ သွေးစည်းညီညွတ်မှုနဲ့ စစ်အနိုင်တိုက်ရေးကို အဓိက ဦးတည်ကြရမှာ ဖြစ်တယ်။
တရုတ်နဲ့ အာဆီယံအဖွဲ့ဟာ စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှု အမြောက်အမြား ကျူးလွန်နေတာကို မျက်ကွယ်ပြုနေတယ်။ မြန်မာပြည်သူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတာကို စာနာမှုမရှိတာတွေ့ရတယ်။ အခု အကြမ်းဖက် စစ်ကောင်စီရဲ့ ထွက်ပေါက်အဖြစ် ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို တရုတ်-အာဆီယံတို့က အားပေးနေတဲ့ ပကတိအခြေအနေကိုမြင်အောင်ကြည့်ပါ။ ထိုင်းနိုင်ငံအပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံတွေဟာ မြန်မာ့အရေးအတွက် မြန်မာပြည်သူတွေဘက်က ဘယ်တုန်းကမှ ထောက်ခံမှု မပြုခဲ့ပါ။ အာဏာရှင် စစ်အစိုးရတွေဘက်ကပဲ အမြဲထောက်ခံခဲ့တာ တွေ့ရတယ်။ အခုအချိန်အထိ သူတို့ဆီက လူသားချင်းစာနာမှု အကူအညီတောင် မရခဲ့ဖူးဘူး။ တရုတ်နဲ့ အာဆီယံအဖွဲ့တို့ရဲ့ မြန်မာ့အရေးအပေါ် ရပ်တည်ပုံတွေဟာ ကိုယ်ကျိုးစီးပွားကိုသာ ပဓmနထားခဲ့ကြတာ တွေ့ရတယ်။
မြန်မာလူထုဘက်က မရပ်ဘဲ စစ်အာဏာရှင်ဘက်ကပဲ အစဉ်တစိုက် ရပ်တည်ခဲ့ကြတာကို ကြည့်ရင် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိသွားမှာ မလိုလားကြောင်း တွေ့နိုင်တယ်။ ဒါကြောင့် မြန်မာ့အရေးဟာ အဓိကအားဖြင့် ကိုယ့်အားကိုယ် အားကိုးကြရမှာ ဖြစ်တယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးအင်အားစုများနဲ့တကွ တိုင်းရင်းသား EAOs အဖွဲ့အားလုံး သွေးစည်းညီညွတ်ကြဖို့အရေး အချိန်မဆွဲသင့်ဘူးလို့ နှိုးဆော်ပါရစေ။ လက်ရှိ ညီညွတ်မှုကြောင့် စစ်ရေးအရ အသာစီးရနေတဲ့ အခြေအနေမျိုး နောက်တခါ ထပ်ရဖို့မလွယ်ကူပါ။ အချိန်ဆွဲတာနဲ့အမျှ စစ်တပ်ဘက်က ပြင်ဆင်ချိန်ပိုရသွားနိုင်တယ်။ ဒီနှစ်အတွင်းမှာ တော်လှန်ရေးအောင်ပွဲ အရယူဖို့ ဗျူဟာခင်းပါ။ တရုတ်နဲ့ အာဆီယံရဲ့ နိုင်ငံရေးဖိအားပေးမှုတွေဟာ အချိန်ဆွဲတာဖြစ်တယ်။ စစ်တပ် အသက်ရှူခွင့်ရဖို့ အချိန်ဆွဲပေးတာ ဖြစ်တယ်။ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် PDFs အဖွဲ့တွေနဲ့ EAOs အဖွဲ့တွေ မူလ ရည်မှန်းချက်ကနေ သွေဖည်မသွားကြစေလိုပါ။ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အခွင့်သာခိုက်မှာ အပြီးအပြတ် ချေမှုန်းဖို့ ပျက်ကွက်ခဲ့ရင် လွတ်လပ်ရေး မျှော်မှန်းချက် ပြိုပျက်သွားနိုင်တယ်။ ဖက်ဆစ်စစ်အာဏာရှင်စနစ် မကျရှုံးသမျှ တိုင်းရင်းသားပြည်သူတွေ အားလုံးရဲ့ဘ၀တွေ မလွတ်မြောက်နိုင်ဘူးဆိုတဲ့ အချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားကြဖို့ နှိုးဆော်လိုက်ပါရစေ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
x