အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၈ )
ညက အိပ်မပျော်။
တရုတ်က TNLA ကို တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ ဖိအားပေးတဲ့ကြေညာချက်ကို ဖတ်လိုက်ရလို့ပါ။
အရေးအသားက ရင့်သီးလွန်းလှတယ်။ တော်လှန်ရေးကို သူတို့ ခွင့်ပြုချက်မရှိရင် မလုပ်ရ။ လုပ်လျှင် တရုတ် ဆုံးမတာကို ခံရမယ် ဆိုတဲ့သဘော။ ဖိနှိပ်သူ စစ်အာဏာရှင်နဲ့ မြန်မာပြည်သူတွေ ရဲ့ စစ်ပွဲမှာ စစ်အာဏာရှင်တွေဘက်က လိုက်တယ်လို့ ခံစားမိ။
စစ်အာဏာရှင်တွေ စစ်မျက်နှာအသီးသီးမှာ ခွက်ခွက်လှန် ရှုံးနေပြီ။ မကြာမီ ပြင်ဦးလွင်နဲ့ မန္တလေးလွတ်မြောက်တော့မယ်လို့ ခန့်မှန်းပြီး ပြည်သူတွေပျော်နေကြတယ်။ အားတက်နေကြတယ်။ အောင်ပွဲခံ တော်လှန်ရေးတပ်တွေကို ဘယ်လိုကြိုမလဲလို့ စိတ်ကူးပြီး ကိုယ့်အတွေးနဲ့ကိုယ်ပျော်နေကြတယ်။ မီတာခ နှစ်ဆတက်တာကို ဂရုမစိုက်အား။ ဓာတ်ဆီတန်းစီရင်း၊ အဓမ္မစစ်သားစစ်သားစုဆောင်းနေတဲ့ စစ်ကားတွေကို ရှောင်တိမ်းရင်း၊ တနိုင်ငံလုံးက အောင်ပွဲခံ တော်လှန်ရေးသတင်းတွေကို အားရပါးရ စားမြုံ့ပြန်နေကြ။
ခုတော့ တရုတ်က TNLA ကို တိုက်ပွဲရပ်ဖို့ ပြင်းပြင်းထန်ထန် ဖိအားပေးတဲ့ စာကိုဖတ်ပြီး ဒေါသထွက်ရတယ်။ စစ်ကောင်စီကို မကျေနပ်တဲ့စိတ်တွေက တရုတ်အပေါ်ပုံကျသွားတယ်။ တရုတ်ဆန့်ကျင်ရေးစိတ်တွေ တဖွားဖွားပေါ်လာတယ်။ တရုတ် ဆန့်ကျင်ဖို့ နည်းလမ်းတွေရှာကြံဖို့ ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးမိတယ်။ တရုတ်ကို ဘယ်လိုဆန့်ကျင်ကြမလဲ။ စဉ်းစားရင်း အိပ်မပျော်။
အတော်ကြာမှ ငါတို့ရဲ့ ပစ်မှတ်အဓိရန်သူ စစ်ကောင်စီဟာ ဝေဝါးသွားတာကို သတိပြုမိတယ်။ စစ်ကောင်စီက အဓိကရန်သူ၊ တော်လှန်ရေးရဲ့ ဘုံရန်သူ။ တရုတ်က စစ်ကောင်စီကို အထောက်အပံ့ပြုသူ။ သူက ဘာကြောင့် စစ်ကောင်စီကို အထောက်အပံ့ပြုရတာလဲ။ သူ့အကျိုးစီးပွားကို အကာအကွယ်ပြုနိုင်တယ်လို့ တရုတ်က ယုံကြည်နေလို့။ ဒီလိုဆို စစ်ရှုံးကောင်စီကို အားပြုယုံကြည်နေတာထက် အောင်ပွဲခံတော်လှန်ရေးတပ်တွေကို ပိုမိုယုံကြည်သင့်တာပေါ့။ ဒီအကြောင်းအရာကို ကျွန်တော်တို့ က တရုတ်ကို ရှင်းပြ၊ လုပ်ပြ ၊ သက်သေပြနိုင်မယ်ဆိုရင် တရုတ်ဟာ စစ်ကောင်စီကို အထောက်အပံ့ပြုတဲ့ လုပ်ရပ်တွေ လျှော့ကျသွား နိုင်မယ်။
ဒီလိုမဟုတ်ဘဲ တရုတ်ကိုပါ စစ်ကောင်စီလို အဓိကပစ်မှတ်ထားခဲ့ရင် ကျွန်တော်တို့ ရန်သူကို ပိုမိုအင်အားကြီးအောင် လုပ်မိသလို ဖြစ်သွားမယ်။ တရုတ်ရဲ့ ဖိအားကိုစိုးရိမ်ပြီး သူ ဖိအားပေးသလို စစ်ကောင်စီကို အနိုင်မတိုက်ခဲ့ရင်လဲ ကျွန်တော်တို့ တော်လှန်ရေးဟာ အောင်ပွဲနဲ့ ဝေးကွာသွားလိမ်မယ်။
တရုတ်ဟာ စစ်ကောင်စီ မရှုမလှ ရှုံးမှာကို ဘာကြောင့်များ စိုးရိမ်နေရတာလဲ။ အဲဒီအဖြေကို ရှင်းရှင်းလင်းလင်း သိရပြီး တရုတ် စိုးရိမ်သလို မဟုတ်ကြောင်း ခိုင်မာတဲ့ ကတိသက်သေတွေ တည်ဆောက်ပြသပြီး စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို ဖြုတ်ချဖို့ ကြိုးစားရင် မဖြစ်နိုင်ဘူးလား။
အဘိုးကြီးတစ်ယောက် ဉာဏ်မီသလောက် ဟိုတွေး ဒီတွေး။
တညလုံး အိပ်မပျော်။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar