ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၄ )
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၄ )
(မိုးမခ) ဩဂုတ် ၃၁ ၊ ၂၀၂၄
KIA လက်အောက် ဒေသခံမူးယစ်တိုက်ဖျPat Jasanက်ရေး အဖွဲ့များရဲ့ သတိပေးဆိုင်းဘုတ်တွေကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖျက်ဆီးနေတယ်။
အဲဒါနဲ့ပတ်သက်လို့ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်ကြားတာကတော့ သူတို့ရဲ့ အုပ်ချုပ်နယ်မြေ ဖြစ်နေပါတယ်တဲ့။ လုပ်သင့်လုပ်ထိုက်တာကို ကျနော်တို့ လုပ်မယ် ဆိုပြီးတော့မှ ကျနော်တို့ရဲ့ ဆိုင်းဘုတ်တွေကို သူတို့က ဖြုတ်လိုက်တယ်ဖြစ်တယ်လို့ ပြောတာ ကြားရပါတယ်။ ဒါကတော့ ဘယ်လောက်ထိ မှန်ကန်မှုရှိတဲ့ အုပ်ချုပ်မှု ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကိုတော့ ကျနော်လည်း ပြောလို့မရဘူး” လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။
ရှမ်းပြည်နိုင်ငံရေးကတော့ ရှုပ်ထွေးစပြုလာပြီ။ ဘုံရန်သူမပြိုမချင်းထိန်းထားပြီး ပြီးမှ အချင်းချင်း စားပွဲဝိုင်းမှာ ကျေလည်အောင်ရှင်းကြဖို့၊ ခွေးဝမ်းသာအောင် လေလည်မပြကြဖို့ပါဘဲ။ ခွေးက အနံ့ခံကောင်းတယ်။ အဲဒီအက်ကြောင်းကနေ ထိုးခွဲလာလိမ့်မယ်။
ရှမ်းနိုင်ငံရေးပြင်ဆင်ချက်တခုအနေနဲ့ 'ဝ'တွေ လှုပ်ရှားလာတာဟာလဲ သိသိသာသာဖြစ်လာတယ်။ ရှမ်းတပ်နှစ်ဖွဲ့နဲ့ ရှမ်းနိုင်ငံရေးပါတီတွေ နွေဦးကို ရွက်ဝါကြွေတဲ့ရာသီလောက်သဘောထားခဲ့ကြတာရဲ့နောက်ဆက်တွဲစာမျက်နှာများကတော့ ရှမ်းနယ်တွေ ကျုံ့လာတာပါဘဲ။ ပအိုဝ်းကလဲ အဲဒီအခင်းအကျင်းကို ပြင်ဆင်ရင်း၊ တပါတည်း ခေါင်းဆောင်ပိုင်းတွေရဲ့အကျိုးစီးပွားတွေကို ဖုံးဖိကာကွယ်ရင်း လူမျိုးကို ရင်းတာပါဘဲ။ သာမန်လူတွေကတော့ နယ်ရုပ်တွေပါဘဲ။ ထုံးစံအတိုင်း ဘာသာနဲ့ဘုန်းကြီးတွေကတော့ အသုံးချခံပေါ့လေ။ ငါဟဲ့ပအိုဝ်းဆိုပြီး ကွင်းထဲခုန်ကြလိုက်ပြီပေါ့လေ။ နွေဦးနဲ့အတူ ပလောင်နဲ့ကိုးကန့်ကတော့ လှသွားပြီ။ ခိုင်သွားပြီ။ အင်း ခု 'ဝ' လဲ လူးလွန့်လာပြီပေါ့လေ။
‘ဝ’ က မိုင်းတုံမြို့နယ်အတွင်းရှိ မုံးထော်-မုံးထ၊ ဟွေအော်၊ ဟိုပန်၊ ဟိုရွက်၊ မိုင်းကျွတ်နှင့် ခိုင်းလုံကျေးရွာ အုပ်စုတွေမှာ အသက် (၁၅) နှစ်အထက် ကျား/မ အားလုံးကို စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်။
“အခု စစ်သားကောက်တာ ပိုဆိုးလာပြီ။ စာရင်းထဲပါတဲ့ ဝ လူမျိုးတွေကို ကောက်နေတာ။ သူတို့နယ်မြေထဲ မဟုတ်ရင်တော့ တခြားလူမျိုးဆို မခေါ်သေးဘူး။ တခြားလူမျိုးနဲ့ အိမ်ထောင်ကျပြီး မွေးလာတဲ့ ဝ ကလေးတွေလည်း ယူတယ်။ အသက် (၁၅) နှစ်က စပြီး ယောကျ်ားလေး၊ မိန်းကလေး အကုန်သွားရမယ်ဆိုပြီး ပြောတာ”။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း တည်ရှိပြီး ထိုင်းနိုင်ငံနှင့် ထိစပ်နေတဲ့ ‘ဝ’တပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသ (၁၇၁) တွင် တပ်မဟာ (၅) ခု၊ တပ်ရင်း (၂၅) ခုနဲ့ ဖွဲ့စည်းထားပြီး ‘ဝ’လူဦးရေ တစ်သိန်းခန့် နေထိုင်ကြတယ်။
၁၀၂၇ စစ်ဆင်ရေး စလိုက်တဲ့အချိန်ကစပြီး ကိုးကန့်ဒေသကို စားနပ်ရိက္ခာမဝင်နိုင်အောင် ဝ - တရုတ် နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ကုန်ပစ္စည်း အဝင်၊ အထွက် တင်းကျပ်လိုက်တယ်။
ဝတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ မန်ခါးဂိတ်ကိုလဲ တရုတ်ဘက်က ပိတ်ထားလိုက်တယ်။ မပိတ်ခင်ကတော့ တရုတ်ဘက်က စာထုတ်တာတွေရှိတယ်။ အခု မုန်းအားနဲ့ ဆောဖားဂိတ်တွေကိုလည်း တင်းကျပ်ထားတယ်။ ပထမ တင်းကျပ်၊ ပြီးတော့ ပိတ်တယ်။
တရုတ်ရဲ့ ရည်ရွယ်ချက်က ကိုးကန့်ဒေသကို စားနပ် ရိက္ခာ ဖြတ်တောက်ချင်တာ။
"ကိုးကန့်ဒေသဘက်ကို စားနပ်ရိက္ခာတွေ တင်ပို့တာကို တားမြစ်ထားတယ်။ ကားပေါ် ပါလာတဲ့ ပစ္စည်းတွေ အကုန်စစ်ဆေးတာ" တဲ့။ ဘာ့ကြောင့် ဖြတ်တောက်ချင်တာလဲတော့ မသိ။ ကိုးကန့်ခေါင်းဆောင်တွေက ကိုယ့်အိမ်ထဲကို တနိုင်တပိုင် စိုက်ကြဖို့တောင် ပြောထားသေးတယ်။ ရှမ်းတရုတ်နိုင်ငံရေးပေါ့။
ခုတောင် ရွှေလီဘောမက တအာင်းကို ဖြဲနေပြီ။ တလောက ပလောင်ဗိုလ်က စစ်ပွဲကို ခုတိုက်လိုက် ခု ရပ်လိုက်လုပ်ရအောင်က လက်ဝှေ့ပွဲ မဟုတ်ဘူး၊ ဘာညာသာရကာဆိုပြီး ဟိုင်ဂင် ဖိုင်ကင်လိုက်တာကို ကျေနပ်ပုံမရ၊ သူ့နားက မူဆယ်ကို မတိုက်အောင် MNDAAကို ကြိုဟောက်ထားတဲ့သဘောလဲပါမယ်။ တကယ်တမ်း ခု TNLA တိုက်နေတာက တရုတ်နဲ့ ဘာမှမဆိုင်တဲ့နေရာ။ စကားမစပ် လွေးယေဦးတောင် လေသံပျော့သွားသလိုဘဲ၊ ဖိုက်တင်း ညီမလေး။
ကဲ တောင်ပေါ်ကနေ မြေပြန့်ဆင်းကြအုံးစို့။
ခရမ်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငွေကျပ်သိန်း ၇၀)ပေးမယ်ပြောပြီး စစ်ဥထမ်းခေါ်သွားတယ်။ ခေါ်ခံရသူရဲ့ မိသားစုဝင်တွေက (၁၀)သိန်းပဲရသေးလို့ ပူညံပူညံဖြစ်နေတယ်။
“ကောင်လေးတွေကိုတော့ ဩဂုတ်လ ၂၄ ရက်နေ့ကပဲ ခေါ်သွားပြီ စစ်တပ်ထဲကို။ (၁၀)သိန်းပဲရတယ်။ ကျန်တဲ့ ပိုက်ဆံတွေ မရသေးဘူး။ ပိုက်ဆံအပြည့်ရဖို့ နောက်ထပ် ၁၅ ရက်လောက်ထပ်စောင့်ရမယ်လို့ အုပ်ကြီးတွေကပြောတယ်”။ တကယ်က ကောက်ပြီးသားတွေ။
“ကောင်လေးတွေကို သိန်း(၇၀)ပေးမယ်ပြောပြီးတော့ အုပ်ကြီးတွေက (၁၀)သိန်းအရင်ဆုံးပေးထားတယ်။ ကောင်လေးတစ်ယောက်ဆိုရင် မိန်းမနဲ့ ကလေး ကျန်ခဲ့တယ်။ ကောင်မလေးက နေပြည်တော်မှာ နေတာ။ သူတို့ကို နေပြည်တော် ပြန်ပို့ပေးမယ်ပြောပြီး ခုထိလည်း မပို့ပေးသေးဘူး"
အလုပ်အကိုင်မရှိတဲ့ အခြေအနေကို ရောက်နေပြီး ငွေကြေးခက်ခဲလို့ ထမင်းတောင် နပ်မမှန်တော့လို့ စစ်ဥထမ်းဖို့ ရွေးချယ်ကြတာ။ ရပ်ကွက်ထဲက စီးပွားရေးမပြေလည်တဲ့အိမ်ကို အနည်းဆုံး (၅၀၀၀) ကနေ (၁၀,၀၀၀) ကောက်ယူပြီး စစ်ဥထမ်းဖို့ အသက်ပြည့်ထားတဲ့သူတွေရှိတဲ့ နေအိမ်တွေဆိုရင်တော့ တစ်အိမ်ကို (၂၀,၀၀၀)ကျပ်လောက် ကောက်တယ်။ မဲဒီမှာ မဲမနှိုက်ဘူး။ မပြေလည်သူတွေက ငွေယူပြီးလိုက်ကြတာ။
ဟင်္သာတ၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူနဲ့ ရေကြည်တို့မှာတော့ ပြည်သူ့လုံခြုံရေးအဖွဲ့အတွက်ဆိုပြီး စာရင်းကောက်သလို ခရီးသွားလာခွင့်ကိုပါ ကန့်သတ်ထားတယ်။
ဒါ့အပြင် မြို့နယ်အလိုက် နိုင်ငံရေးပါတီတစ်ခုကို လူ ငါးဆယ်ပေးဖို့ မြို့နယ်အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့လည်း လုံခြုံရေးအရ အမည်နဲ့ ပါတီအမည်မဖော်ပြလိုတဲ့ ဟင်္သာတမြို့နယ်ခံ ပါတီဝင်တစ်ဦးကပြောတယ်။ ရွေးကောက်ပွဲ ဘယ်နေမှန်းမသိဘဲ အူကြောင်ကြားနဲ့ ပါတီထဲ ဝင်မိတာ စစ်ဥထမ်းရင်း အသက်ပျောက်ရကိန်းဆိုက်လာတယ်။ ၆၅ မပြည့်သေးရင်တော့ ကိုကိုကြီးပါ သူ ရှောင်ကွင်းခဲ့တဲ့ စစ်ရေးနည်းကို မရှောင်သာတော့ဘဲ စစ်ထဲလိုက်ရတော့မယ်။
ရေကြည်မြို့နယ်ထဲက တချို့ရွာတွေ ရွာတွေ ဆိုလို့ရှိရင် မသန်စွမ်းတွေတောင် ထည့်လို့ မလိုက်နိုင်တဲ့အတွက် ပိုက်ဆံတောင်းတာတွေတောင် ရှိတယ်။
မန္တလေးမှာ အုပ်ချုပ်ရေးအဖွဲ့တွေက ညဘက်ကို အိမ်တိုင်ရာရောက် လာခေါ်တာလဲ ရှိသလို ညဘက်လမ်းမှာ တွေ့တဲ့ လူငယ်တွေကို ပေါ်တာဆွဲတဲ့သဘောနဲ့ ဖမ်းတာလဲ ရှိတယ်။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာကို နှစ်ဆယ်လောက် အခေါ်ခံရတယ်။ ပြည်ကြီးတံခွန်မှာဆို ၁၅ ဦးလောက် ပါသွားတယ်။
တံတားဦးမြို့ပေါ်က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ အမျိုးသား တစ်ရာကျော်ကို စစ်မှုထမ်းဖို့အတွက်ဆိုပြီး ဖမ်းဆီးသွားတယ်။
ကိုယ့်အိမ် ကိုယ့်ရပ်ထဲ နေလို့သာ ခံရတယ် ထင်မနေနဲ့။ နိုင်ငံခြားထွက်မယ့်သူလဲ မလွတ်ဖူး။
စင်ကာပူကို PV နဲ့ ထွက်ခွာတဲ့ အမျိုးသမီးငယ်တချို့ လေဆိပ်ပူးပေါင်းအဖွဲ့ကို တစ်ဦး ဒေါ်လာ ၄၀၀ ပေးရတယ်တဲ့။
"အထောက်အထား အစုံအလင်တော့ ပါရတယ်။ Show Money၊ အပြန် လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ ဗီဇာကလဲ အလည်အပတ် ဗီဇာဖြစ်ရမယ်။ လူငယ် အမျိုးသား ဆိုရင်တော့ သိန်း ၂၀ အထိ ပေးရတယ်။ အသက် ၄၀ အထက်နဲ့ အမျိုးသမီး PV ဆိုရင် ၅ သိန်းပဲ။ လေကြောင်းရဲက လုပ်သလို၊ SB ရဲတွေကလည်း လုပ်ပေးတယ်။ ကြိုတင်ချိတ်ဆက်ထားပြီး ထွက်မယ့်နေ့၊ လေယာဉ်၊ နာမည်အပြည့်အစုံ ကြိုပေးရတယ်။ VIP Service လို့ခေါ်တယ်။ လေဆိပ်က ပြန်မလွှတ်အောင် ဝန်ဆောင်မှုပေးတာ။ ကိုယ့်ဘက်ကတော့ သက်သေအထောက်အထား အကုန်ပါအောင်ယူသွားရတယ်"
"ဒီနေ့မနက် စလုံးထွက်ကြတဲ့ မိန်းကလေးတွေ တဦးကို အမေရိကန်ဒေါ်လာ ၄၀၀ ပေးရတယ်။ လေဆိပ်ကနေ ပြန်မလွှတ်အောင်။ အေးဂျင့်တွေကလည်း လုပ်စားကြတယ်။ အေးဂျင့်တွေက စလုံးအထိ လိုက်ပို့တယ်။ အေးဂျင့်အတွက် စလုံး အသွားအပြန် လေယာဉ်လက်မှတ်ခပါ အမျိုးသမီးလေးတွေက စုပေါင်းပေးရတာ။ လေဆိပ်ကနေ လှည့်မပြန်ရအောင် မရှိ၊ ရှိတာ အကုန်ရောင်းပြီး ထွက်ကြရတာ။ ဒီမနက် ၇ နာရီခွဲ ရန်ကုန်-စင်ကာပူ လေယာဉ်နဲ့ ထွက်သွားကြပြီ" လို့ ရန်ကုန်ခေတ်သစ်ကို ပြောတယ်။
ဝမ်းတွင်းမြို့နယ်၊ ဆူးပန်းအုပ်စု၊ ဆူးပန်းကျေးရွာက စစ်ဥထမ်း မဲပေါက်ထားတဲ့ လူငယ် ၂ ဦးကို ခွေးတပ်က လာခေါ်တာ လူငယ် ၂ ဦးကို မတွေ့လို့ အဖေနဲ့ အကိုကို ဖမ်းခေါ်သွားတယ်။
"စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့လူငယ် ၂ ဦးက ဆံရှည်နဲ့ ကုလား။ အဲဒါ စစ်တပ်က လာဖမ်းတော့ မရှိလို့ ခေါ်သွားတာက ဆံရှည်ရဲ့ အဖေ ဦးမောင်စိုးနဲ့ ကုလားရဲ့ ယောက္ခထီး ကိုတင်ကော့ကို ဖမ်းသွားတယ်။ ဝမ်းတွင်းမြို့နယ်မှာ တစ်ရွာကို နှစ်ယောက် ပေးခိုင်းတယ်။ မပေးရင် ရွာထဲအထိ ဝင်ဆွဲတယ်။ အခြားရွာတွေလဲ ပါတဲ့သူကပါ၊ ပြေးတဲ့သူက ပြေးတယ်။ သားမရှိရင် မိဘကို ခေါ်သွားတာ။ လစဉ် စစ်တပ်က ရွာထဲ တိတ်တဆိတ် ဝင်ပြီး လာခေါ်တဲ့ အချိန်က မနက် ၄ နာရီနဲ့ မနက် ၅ နာရီအကြားပဲ" လို့ ဒေသပြည်သူတစ်ဦးက ပြောပြတယ်။
ပြည်မြို့ ၊ နဝင်းနယ်မြေ၊ ရွှေလက်လှရပ်ကွက်မှာ လျှပ်စစ်မီးများဖြတ်တောက်ပြီး ခွေးတပ်က လူငယ်တွေကို ဝင် ဖမ်းတယ်။ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး Faw ကားတွေနဲ့ ခေါ်သွားတယ်။
ဖျာပုံမြို့၊ ဂွလေးကျေးရွာမှာလဲ ကျေးရွာအုပ်ချုပ်ရေးမှူးစံဝင်းက လူငယ်တွေကို ရပ်ကွက်ရုံး ခဏ လာဖို့ ဆင့်ခေါ်ပြီး ရောက်လာတဲ့ လူငယ်များကို ဖမ်းဆီးချုပ်နှောင်ကာ ဖျာပုံ ခလရ ၉၈ တပ်အတွင်းသို့ ပို့ဆောင်လိုက်တယ်။
မအူပင်မြို့ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းထွန်း (ကြံ့ဖွတ်ပါတီဝင်၊ ပန်းရံလုပ်သူ) က ရပ်ကွက်ထဲမှာ စစ်ဥထမ်း လူငယ်များကို စုဆောင်းတာ၊ ငွေကြေးကောက်ခံတာ လုပ်နေတယ်။
"စစ်ကောင်စီက သန်းထွန်းလို အုပ်ချုပ်ရေးမှူးတွေကြောင့် သက်ဆိုးရှည်နေတာ။ အခု ကျနော်တို့ ရပ်ကွက်တွေ ပြေးစရာမြေမရှိ မိသားစုအများအပြား ရွေးချယ်စရာလမ်းမရှိတော့လို့ နေ့စဥ်အမျှ အကြောက်တရားနဲ့ ရင်ဆိုင်နေရပါတယ်" လို့ အမှတ် ၇ ရပ်ကွက်ပြည်သူတစ်ဦးက ပြောတယ်။
အရေးထဲမှာ ထောင်တွင်းဈေးဆိုင် တည်နေတဲ့ ထောင်ပိုင်က ရှိသေးတယ်။
သာယာဝတီထောင် ထောင်ပိုင် ရဲရင့်နိုင်က ထောင်ထဲမှာကွမ်းယာဆိုင်ဖွင့်ပြီး အဆောင်တစ်ခန်း ကွမ်းထုပ် ၃၀ နှုန်းနဲ့ မယူမနေရရောင်းပြီး ကွမ်းယာထုပ်တွေ မကုန်ရင် အကျဉ်းသားတွေကို အပြစ်ပေးသေးသတဲ့၊ သက် ဆိုင်ရာအခန်းများအလိုက်ခွဲတမ်းနဲ့ မကုန်မချင်း ရောင်းတယ်။ ကွမ်းယာများ မကုန်ရင် အပြင်ကွမ်း(ဝန်ထမ်းများမှ သယ်လာသော ကွမ်းယာ) တွေကို စားရင် တိုက်ပိတ်တာ၊ ခြေချင်းခတ်တာတွေကလဲ လုပ်သေးသတဲ့။
"ရဲရင့်နိုင်က သူ့ရဲ့ ထောင်ပိုင်ရာထူးကို အသုံးချပြီး သာယာဝတီထောင်ရဲ့ ဈေးဘားနဲ့အစားအသောက်ရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်ပြီး စီးပွားရေးလုပ်နေတဲ့သူပါ။ ကွမ်းတစ်ထုပ်အယာ ၂၀ ပါကို မတန်တဆဈေး တစ်သောင်းလောက်ထိကို ထောင်ထဲမှာ ဈေး ပေါက်နေပါတယ်။ ဈေးသက်သာတဲ့ အပြင်က ကွမ်းကို ဝန်ထမ်းငယ်တွေ ရောင်းလို့ ဝယ်စားတဲ့သူဆိုရင် တရားမဝင်ပစ္စည်း တင်သွင်းယူဆောင်တယ်ဆိုပြီး အပြစ်ပေးပါတယ်။ အဓိကက သူ ရောင်းတဲ့ ကွမ်းကိုပဲ ဝယ်စားအောင်ပါ။ ခေတ်ပျက်ကြီးမှာ ထောင်အတွင်း ရာထူးအားကိုးပြီး မတရား စီးပွားရှာနေတာဖြစ်ပါတယ်"။
သာယာ၀တီထောင်ပိုင် ရဲရင့်နိုင်က ကွမ်းယာအပြင် ထောင်ဝင်စာပစ္စည်းများ ပို့ခြင်းကို ကန့်သတ်ထားပြီး ထောင်ပိုင် ရောင်းချတဲ့ ဟင်းများကိုလည်း မဝယ်မနေရသဘောမျိုးနဲ့ ရောင်းလေ့ရှိတယ်။ အစားအသောက် ကျပ်တည်းပြီး ရှားပါးတဲ့ သာယာဝတီထောင်မှာ အကျဥ်းသားများအနေနဲ့ အဲဒီဟင်းတွေကို ဈေးနှုန်းကြီးကြီးပေး ဝယ်ယူစားသောက်နေရတယ်တဲ့။
ကနေ့ အစားအစာ သာယာဝတီထောင်ပိုင့်ကွမ်းယာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
👉ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar