နေသွင်ညိဏ်း - အသက်ရှိလူနှင့် အသက်မဲ့နိုင်ငံ
အသက်ရှိလူနှင့် အသက်မဲ့နိုင်ငံ
နေသွင်ညိဏ်း
(မိုးမခ) ဩဂုတ် ၁၀၊ ၂၀၂၄
ဆရာပါရဂူ ဘာသာပြန်တဲ့ အရစ္စတိုတယ်နဲ့ ဆရာဇော်ဂျီ ဘာသာပြန်တဲ့ ပလေတို နိဒါန်း စာနှစ်အုပ်ဟာ ကျနော့် ဘဝမှာ ဒဿနဆိုင်ရာ အစောဆုံးမိတ်ဆက်ပေးတဲ့စာအုပ်တွေလို့ ပြောရမယ်။ ဒီထက်နည်းနည်းစောတာက ဆရာမင်းတင်မွန် (ပါရဂူ မင်းနန္ဒာ) စာအုပ်နှစ်အုပ် ဖြစ်မယ်ထင်ပါတယ်။ ဒေါက်တာမင်းတင်မွန်က မွန်ပြည်နယ်သား (ကမာဝက်လို့ထင်) ဖြစ်သလို ကျနော်တို့ အထက်တန်း ကျောင်းအုပ်ဆရာမကြီးရဲ့ ကျောင်းနေဖက်လို့ ထင်ပါတယ်။ ဒီလိုနဲ့ ၆ တန်းလောက်မှာ ဆရာမကြီးအစီအစဉ်နဲ့ ဆရာရဲ့ စာပေဟောပြောပွဲ ကျနော်တို့ကျောင်းမှာ ဖြစ်မြောက်ခဲ့ပါတယ်။ တကယ်က ဒဿနဆိုင်ရာဟောပြောပွဲလို့ ကျနော်မမှတ်မိပါဘူး။ တကယ်တမ်းလေးနက်တဲ့ ဘဝဒဿနအယူအဆတွေကိုတော့ ဆရာ့ရဲ့ စာအုပ်နှစ်အုပ်ကနေ ဖတ်ခဲ့ရပါတယ်။
နောက်ပိုင်း ဦးဆန်းလွင်၊ ဆရာတော် ဦးဇောတိက၊ ဦးအေးမောင်တို့ ကျနော်ဖတ်ခဲ့ပါတယ်။ ဆရာနန္ဒာသိန်းဇံကတော့ ကျနော်အများကြီးဖတ်ဖူးတဲ့အထဲ မပါခဲ့ပါဘူး။ ရေစက်ပဲ ပြောရပါမယ်။
ဆရာပါနဲ့ ဆရာဇော်ဂျီတို့ရဲ့ စာအုပ်တွေကိုဖတ်တဲ့အခါမှာတော့ စောစောကအဆင့်တွေ လွန်လာခဲ့ပါပြီ။ ကျနော်အမြင်အရ ဆရာဇော်ဂျီရဲ့ပလေတို နိဒါန်းဟာ ဆရာပါရဲ့အရစ္စတိုတယ်ထက် ဖတ်ရတာပိုခက်ပါတယ်။ ဆရာဇော်ဂျီရဲ့ကျမ်းဆန်ဆန်ရေးဟန်ကြောင့်လို့ ကျနော်ထင်ပါတယ်။ ဆရာပါရဂူရဲ့ရေးဟန်က ပိုပြီးလွတ်လပ်တယ်လို့ ကျနော် ခံစားရတယ်။
ပလေတိုနိဒါန်းက ဆော့ကရေးတီးရဲ့အတွေးအခေါ်ကို တပည့်ဖြစ်သူ ပလေတိုက မှတ်တမ်းထင်တဲ့သဘောဖြစ်ပြီး အရစ္စတိုတယ်ကတော့ ဆရာပါရဲ့ဘာသာပြန်ဖြစ်ပါတယ်။ ၂ အုပ်စလုံးဟာ ကျနော်အနေနဲ့ ဘယ်လိုမှ မူရင်းဖတ်လို့ ဘယ်လိုမှနားလည်နိုင်စရာလမ်းမမြင်တဲ့ တကယ့်လက်ရာတွေပါပဲ။ ဒီလိုနိဒါန်းပျိုးလိုက်ရတာ ကျနော်တွေးမိတာလေး တချက်ကလေးရှိလို့ပါပဲ။
မြန်မြန်ရောက်သွားအောင် ကနေဒီရဲ့ ကျမ်းကျိန်မိန့်ခွန်းထဲက မကြာခဏကိုးကားကြသွားတဲ့ စကားကိုပဲပြန်တွေးကြည့်ရအောင်။
‘ "ASK NOT WHAT YOUR COUNTRY CAN DO FOR YOU..." လို့ ကနေဒီ ပြောခဲ့တယ်။ နိုင်ငံက မင်းကိုဘာလုပ်ပေးနိုင်မလဲဆိုတာကို မေးမနေပါနဲ့’
ဒီစကားထဲမှာ လူနဲ့ နိုင်ငံ ဆိုတဲ့ သက်ရှိနဲ့သက်မဲ့ တို့ပါဝင်နေတာကို တွေးမိပါတယ်။
ကျနော်မှတ်မိတဲ့အရစ္စတိုတယ်ရဲ့ ဒဿနထဲမှာ နိုင်ငံရဲ့အရေးကြီးပုံကို အထပ်ထပ်အခါအခါ တွေ့ရပါတယ်။ ပလေတိုက သမ္မတနိုင်ငံကျမ်းကို ရေးပြီး အရစ္စတိုတယ်က ပေါလက်တစ်- နိုင်ငံရေးကျမ်းကို ရေးခဲ့ပါတယ်။ အရစ္စတိုတယ်ဟာ သူ့ဆရာရဲ့သမ္မတနိုင်ငံကျမ်းရဲ့ ဩဇာလွှမ်းမိုးခံရသလို၊ ဆရာနဲ့မတူတဲ့ (ဆန့်ကျင်ဖက်ဖြစ်တဲ့) ပိုပြီး သိပ္ပံနည်းကျတဲ့နိုင်ငံရေးအတွေးအခေါ်တွေကို စတင်ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ ဆိုလိုတာက ဒီနေ့အထိ အနောက်တိုင်းနိုင်ငံရေးသိပ္ပံဟာ ပလေတိုနည်းထက် အရစ္စတိုတယ်နည်းကနေ မြစ်ဖျားခံတယ်လို့ အဆိုရှိပါတယ်။
အရစ္စတိုတယ်က နိုင်ငံဟာ လူတဦးချင်းထက်၊ မိသားစုထက်အရေးကြီးတယ်။ လူဟာ နိုင်ငံနဲ့ကင်း၍ မဖြစ်နိုင်။ တိရစ္ဆာန်သို့မဟုတ် နတ်ဒေဝတာ ဖြစ်မှသာ နိုင်ငံမှကင်းနိုင်လိမ့်မယ်လို့ ဟောတယ်။ တဖက်မှာ နိုင်ငံကို ထူ ထောင်ခြင်းရဲ့ရည်ရွယ်ချက်က လူရဲ့တိုးတက်မှုအတွက် ဖြစ်တယ်။ လူဟာ နိုင်ငံမှကင်းလျှင် မတိုးတက်နိုင်လို့ ဟောပါတယ်။
ဒါကို သက်ရှိ၊ သက်မဲ့ဘက်က ချဉ်းကပ်တဲ့အခါမှာ သက်မဲ့ဖြစ်တဲ့နိုင်ငံကို သက်ရှိဖြစ်တဲ့ လူရဲ့တိုးတက်မှုအတွက် ထူထောင်ရတာဖြစ်တယ်လို့ နား လည်ရပါတယ်။ နောက်တနည်းပြောရရင် နိုင်ငံဟာ အရေးကြီးတာမှန်တယ်။ ဒါပေမယ့် လူရဲ့တိုးတက်မှုအတွက်သာ အရေးကြီးရတာလို့အဓိပ္ပာယ်ထွက်ပါတယ်။ ပြောင်းပြန် ပြန်ပြောရရင် လူရဲ့တိုးတက်မှုကို မပေးနိုင်ရင် နိုင်ငံရဲ့မူလရည်ရွယ်ချက်ပျက်ပြီး ဘာမှအဓိပ္ပာယ်မရှိလို့ ယူရပါမယ်။
အခုခေတ်စားနေတဲ့ ယူဗယ်ရဲ့အယူအဆနဲ့ပြောရရင် နိုင်ငံဆိုတာ ပုံပြင်တပုဒ် - ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေနားလည်တဲ့ စကားနဲ့ ပြောရရင် ‘ပညတ်’ တခုသာဖြစ်ပါတယ်။ ‘မာယာ’ လို့ယူလည်း ရပါတယ်။ ယူဗယ်ရဲ့အယူအဆအရလည်း နိုင်ငံ၊ အမျိုးသားရေး၊ ငွေကြေး၊ နိုင်ငံရေးစနစ် စတဲ့ လူတွေဖန်တီးထားတဲ့ ပုံပြင်တွေရဲ့ရည်ရွယ်ချက်ဟာ လူသားအကျိုးအတွက်၊ လူအများပူးပေါင်းဆောင်ရွက်ဖို့အတွက်လို့ ဆိုပါတယ်။
ကျနော်တို့တွေ ဒါကိုမျက်ခြေမပြတ်ဖို့တော့ လိုပါတယ်။ တခါတလေ ‘နိုင်ငံ’ ဆိုတဲ့ အသက်လည်းမရှိတဲ့ ပုံပြင်အတွက် လူ့အသက်တွေ၊ မိသားစုတွေ၊ ရခဲ့လှတဲ့လူ့ဘဝတွေ၊ နောက်ဆုံး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ လူ သားကို စတေးနေရတာဟာ ဘာအဓိပ္ပာယ်ရှိသလဲ။ အမျိုးသားရေးတို့၊ ငွေ ကြေးတို့ဆိုတာတွေ လူသားထက် ရှေ့တန်းရောက်နေတာမျိုးကိုလည်း ဒီသဘောပဲ ပြောရပါမယ်။
လူနဲ့နိုင်ငံမှာ လူက အရင်ပေါ်တာဖြစ်သလို၊ လူ့အကျိုးအတွက် နိုင်ငံကို ဖွဲ့ စည်း၊ စုစည်းရတယ်ဆိုတဲ့အဓိပ္ပာယ်ဟာ ပိုလည်းသဘာဝကျတယ်လို့ကျနော်ထင်တယ်။ ဒါနဲ့ ပြောင်းပြန် လူရဲ့အကျိုးကိုမဖြစ်စေဘူးဆိုရင် ဒီနိုင်ငံ ကို ဘာအတွက်ဆက်ပြီး ဖွဲ့စည်းထားရမလဲ။ ဘာလို့ဖက်တွယ်ထားရမလဲ။ဖျက်သိမ်းလိုက်တာက ပိုမကောင်းပေဘူးလား။ ခုနောက်ပိုင်း ကျနော် မကြာခဏတွေးနေမိတဲ့ အတွေးဆိုပါတော့။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar