Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၂ )

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း (၂)

(မိုးမခ) ဩဂုတ် ၁၀ ၊ ၂၀၂၄


ခင်ဗျားတို့ မခွီနဲ့နော်။

နေပူတော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ယာယီသမ္မတ ဆိုသူ ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးမှာ ဘောမတို့အခေါ် ခေါင်းရှောင်ကြီးက တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအား တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း အူနေတုန်း မီးပျက်သွားလို့ ဖုန်းမီးနဲ့ အစည်းအဝေး ဆက်လက်ကျင်းပခဲ့ရပါသတဲ့။

ဘယ်လောက် ကြောက်လိုက်မလဲမသိဘူးနော်။ အဲဒါကြောင့် ဖုန်းမီးတန်းထိုးခိုင်းတာတဲ့။ အင်း လျှပ်စစ်သမားတော့ ရေခဲနေလောက်ပြီ။ 

ဒုတိုင်းမှူးကို မိုးကုတ်တိုက်ပွဲဆီ တပ်မပါ ချပ်မပါ ဇရပ်ကသူတောင်းစား မောင်းချသလို လွှတ်လိုက်တာတဲ့ မန်း တိုင်းမှူးအသစ်ကလေးက။ ကြည့်ရတာ ရှင်းပစ်ချင်ပုံရပါတယ်။ အသစ်ပြောင်းလာရင် အဟောင်းတွေ မထားချင်တာ တပ်ကင်ဆာ။ ကိုယ့်လူ အစားထိုးချင်တာ‌လေ။ ဟိုကောင် နန်းတွင်းပြန်ပြေးလာမှုနဲ့ စစ်ကြောရေးရောက်၊ အသက်ပျောက်မှာနဲ့စာရင် ပြေးပြီပေါ့။ ဒါပေလို့ သေတွင်းထဲ ပြေးဆင်းရက်ဖြစ်သွားတာ။ အမှန်က ဒေါက်တာစိုးသူရဇော်ဆီ ပြေးရမှာ။ သူ့တိုင်းမှူးဆီ ပြန်ပြေးတာ သူ့အမှား။ အခန့်မသင့်ရင်တော့ တိုင်းမှူးအသစ်ပါ ကြောင်ပျောက်သွားနိုင်။

ရှမ်းမြောက်က တရုတ်တွေ အမြန်ထွက်ဖို့ တရုတ်ပြောပြီဆိုတော့ မူဆယ်မှာ တိုင်းမှူးဖမ်းပွဲ လုပ်ကြတော့မယ့် အထာ။ ဟိုငယုတ်ကလည်း လက်နက်ကြီးကုန်ထုပြီး မြို့ဖျက်မှာ။ ဗုံးလည်း အသကုန်ကြဲမှာဆိုတာ ဟိုင်ဂင်မတက်ကတည်းက တရုတ် သိပြီးသား။ ခု လောက်ကိုင်နဲ့ ကွတ်ခိုင်ကို ကြဲနေပြီလေ။ ဒီတခါတော့ တရုတ်က သူ့ဘက်ကျည်ကျရင် ဖုတ်မယ့်သဘောရှိ။ မအလလေး ခွေးရိုက်တုတ်စာမိတော့မယ်။ 

သရေကြိုးသန်းမကြီးက သူ့ကို လူမျိုးပေါင်းစုံ ဝိုင်းလုပ်နေကြလို့ဆိုပြီး လူထုကြီးကို ငိုယိုတိုင်တန်းသတဲ့ကွယ်။ သူ ဓားပြတိုက်တာကို ရပ်ကွက်က ဝိုင်းဖမ်းတော့ အဲဒီရပ်ကွက်လူထုကိုပဲ သူတို့က တားတား ဓားပြတိုက်တာကို အားမပေးဘဲ ဝိုင်းဖမ်းကြတယ်လို့ ဓားပြက ပြောနေတာနဲ့ချွတ်စွပ်။ သူကတော့ သနားကြပါပေါ့လေ၊ လူထုက ဟားရတာပ။ 

သူဖျင်ကျယ်သလောက် AA က အမြင်မကျယ်ကြောင်း၊ ကိုးကန့်ဆိုရင် သူ့ကို ဂျပိုးသူခိုးလို မခိုးမခန့်လုပ်ကြောင်း၊ တအာင်းပလောင်ကလဲ အဇမ်းပြောင် တရကြမ်းလှောင်ကြောင်း၊ ခုဆို ပီဒီအက်ကပါ မထီတရီနဲ့ ပြီတီတီ နှက်နေကြောင်း၊ တရုတ်ကြီးကလဲ ကုပ်စီးလုပ်ကာ အဟုတ်တီးနေကြောင်း၊ အာ့ကြောင့် သွားကျိုးလို့ လားရှိုးကို မဝါးနိုင်တော့ကြောင်း၊ အာ့ကြောင့် ကာစုတ်ဆိုပြီး ဘောပွတ် ဘောငုံ ဘောသ ဘောမတွေကပါ ဘောမရှူ ပျူမလေး ခွေးမခန့်ဖြစ်လာကြောင်း၊ အာ့ကြောင့် ပြည်သူက စောင့်ကန် အဲအဲ ထောက်ခံပြီး တွန်းလှန် အဲလေဟုတ်ပေါင် ဝန်းရံပေးစေလိုကြောင်း မသာမိတ်ကပ်လိမ်းထားတဲ့မျက်နှာ သွက္ချာပါဒမီးဖုတ်ရုပ် အပုတ်ဆင် ဖုတ်ဝင်ပြာနုပ်နုတ်မှာ အသံချဉ်စုတ်စုတ်နဲ့ ဒူးတုပ်တောင်းပန် အသနားခံရှာတာ။ 

တပ်မတော်မှာ အပေါဆုံးက စစ်ဗိုလ်ဘဲလို့ ဆိုခဲ့ရပေမယ့် ခု တာချီလိပ်မှာ ခန့်စရာဗျူဟာမှူးတောင် မရှိသေးဆိုဘဲ။ လပိုင်းနဲ့ သူဌေးဖြစ်နိုင်တဲ့ နေရာကောင်းဆိုတော့ ရာထူးခန့်ထားရေးကောင်က လေလံပစ်နေတာလဲ ဖြစ်နိုင်သတဲ့။ 

မအလက ဟိုင်ဂင်အစည်းအဝေးမတက်ဘဲ တရုတ်ကို ရီးတီးယားတားပြောပြီး ဖင်ပလီတဲ့ ခင်ရီက ရုရှားကို ကူပါကယ်ပါလုပ်ချိန် ညီနောင်သုံးဖော်က နဂါးကိုယ်တော်ကြီးကို တိုင်တည်ပြီး စစ်မဖြစ်တဲ့နေရာ အရပ်သားအိမ်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဈေးတွေကို ဗုံးကြဲနေတဲ့ကိစ္စ တားပေးဖို့မေတ္တာရပ်ခံစာထွက်လာတယ်။ နဂါးမျက်စောင်း အကြောင်းသုံးပါးမရွေးဆိုတော့ ခွေးပြေး ဝက်ပြေးပြေးချိန်တောင်ရပါ့မလားမသိ။ ခုတောင် ကချင်ဘက် သွားကြဲတဲ့ လေယာဉ်ကို သေချင်လို့လားဆိုပြီး ဆော်လွှတ်လိုက်တာကိုး။ 

ဒီကနေ့ရဲ့ ညစာကတော့ တာချီလိပ်မြွေရေစိမ်ဖြစ်ပါတယ်၊ သုံးဆောင်ကြည့်ပါခင်ဗျား။ 

လိင်စွမ်းဆောင်ရည် ပိုကောင်းမည်ထင်၍ မြွေစိမ်အရက် ဝယ်သောက်ခဲ့သော်လည်း အရက်ကုန်မှ မြွေအရုပ်ကို စိမ်ထားကြောင်း သိလိုက်ရသည့် အမျိုးသား 

အမျိုးသားတစ်ဦးက လိင်စွမ်းဆောင်ရည် မြှင့်တင်ပေးမည်ဟု ယူဆပြီး တရုတ်နိုင်ငံက ဝယ်လာသည့် မြွေစိမ်အရက်ကို သောက်ခဲ့သော်လည်း အရက်ထဲတွင် စိမ်ထားသော မြွေမှာ မြွေအစစ်မဟုတ်ဘဲ ကစားစရာ ပလတ်စတစ် မြွေအရုပ် ဖြစ်နေကြောင်းသာ တွေ့ခဲ့ရသည်ဟု ထိုင်းသတင်းဝက်ဘ်ဆိုက် The Thaiger က ဖော်ပြသည်။ 

ထိုမြွေစိမ်အရက်တုက ကျောက်ကပ်ပျက်စီးမှု ဖြစ်စေနိုင်ကြောင်းနှင့် အဆိုပါ အမျိုးသား၏ လိင်စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးလိမ့်မည်မဟုတ်ဟု ဆရာဝန်များက သတိပေးသည်။

မြွေစိမ်အရက်တု သောက်မိခဲ့သည့် အသက် (၅၀) နှစ်အရွယ် ထိုအမျိုးသားမှာ ဆီးနှင့်ကျောက်ကပ် အထူးကု ဒေါက်တာ Huang Wei Lun နှင့် ပြသ၍ ကုသမှုခံယူခဲ့ရသည်။ 

ကုသမှုအတွင်း ထိုအမျိုးသားက ၎င်း၏ ကျန်းမာရေးကို မြှင့်တင်ပေးမည်ဟု ထင်မြင်ယူဆပြီး မြွေစိမ်အရက်ကို တရုတ်နိုင်ငံကနေ ဝယ်ယူခဲ့ကြောင်း သိရှိလာရသည်။

သို့သော် အရက်တစ်ပုလင်းလုံးကုန်အောင် သောက်ပြီးနောက် အရက်ပုလင်းထဲတွင် စိမ်ထားသော မြွေမှာ ကစားစရာ ပလတ်စတစ် မြွေအရုပ်ဖြစ်နေရာ ထိုအမျိုးသားမှာ တုန်လှုပ်သွားခဲ့ရသည်။ 

၎င်းအား ကုသပေးသည့် ဆရာဝန်၏ ရှင်းပြမှုအရ ထိုအမျိုးသားမှာ နှစ်များအကြာ အဆိပ်အတောက်မိခဲ့နိုင်ပြီး ပန်းသေပန်းညှိုး ဖြစ်စေရုံမကဘဲ ကျောက်ကပ်ပျက်စီးစေနိုင်ကြောင်း သိရသည်။

မြွေစိမ်အရက်သောက်သည့် အမျိုးသားမှာ အသက် (၂၀) နှစ်အရွယ်ကတည်းက ၎င်း၏ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ငွေပမာဏများစွာ သုံးခဲ့သည်ဟု ဆိုသည်။ 

ထိုအမျိုးသားက မြွေစိမ်အရက်ကဲ့သို့ ရိုးရာဆေးဖက်ဝင်အရာများမှာ ၎င်း၏ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည်ဟု ယူဆခဲ့သော်လည်း  အဆိုပါ ရိုးရာဆေးဘက်ဝင်အရာအချို့တွင် အဆိပ်များ ပါဝင်နေနိုင်ရာ ကျောက်ကပ်ပျက်စီးခြင်းနှင့် ၎င်း၏ လိင်စွမ်းဆောင်ရည်ကို ပိုမိုကျဆင်းစေကြောင်း သိသွားသည်။

Crd Tachileik News Agency 

ကိုင်း မအလနဲ့ စစ်အုပ်စုအဖို့တော့ တရုတ် ဆိုတာ အရုပ်မြွေစိမ်အရက်လိုပါပဲလေ။ ဒီလောက်နှစ်ပေါင်းများစွာ တရုတ်ကြီးရဲ့ အရုပ်မြွေစိမ်အရက် သောက်လာလိုက်တာ  မရေမတွက်နိုင်သောတိုင်းပြည့်ဘဏ္ဍာတွေ ကုန်ဆုံးပြီး တပြည်လုံး ရောဂါတွေ ဗရပွရတာပဲ အဖတ်တင်တာမဟုတ်လား။ တပ်မတော်အတွက်ရော တိုင်းပြည်အတွက်ရော ဘာစွမ်းရည်မှ မြင့်မလာပါဘူး။ ခု တပ်မတော်ရတဲ့ရောဂါက ကုလို့တောင်မရတဲ့ ရောဂါတွေလေ။ တိုင်းပြည်အတွက်လည်း ကုရခက်တဲ့ ဆေးမတွေ့သေးတဲ့ ရောဂါတွေ တပုံတပင်ကြီးပေါ့။ 

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁ )





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar