Breaking News

စစ်ကိုင်းတိုင်း နယ်မြေထဲက ဒီပဲယင်းမြို့ PDF တပ်ဖွဲ့တွေ သိမ်းယူ၊ ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ မူဝါဒ

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၈ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၉၊ ၂၀၂၄

စစ်ကိုင်းတိုင်း နယ်မြေထဲက ဒီပဲယင်းမြို့ PDF တပ်ဖွဲ့တွေ သိမ်းယူ၊ ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ မူဝါဒ

ရှမ်းမြောက်ဒေသက မြို့သိမ်းတိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ဇူလိုင်နဲ့ သြဂုတ်လအတွင်း မြို့အချို့ကို မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေက ထပ်မံသိမ်းယူခဲ့ချိန်၊ ရခိုင်ပြည်နယ်မှာလည်း မြို့တွေ တမြို့ပြီး တမြို့ AA ထဲကျရောက်နေပြီး ဆက်လက်တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးခါစ ကတည်းက တူးမီးနဲ့ အခြားလက်လုပ် လက်နက်ငယ်တွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေဖွဲ့စည်းကာ စစ်ကောင်စီ တပ်တွေကို ပျောက်ကြားတိုက်ခိုက်လာခဲ့တဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်း ဒီပဲယင်းမြို့ကို ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ၃ ရက်ကျော် ၄ ရက်နီးနီး တိုက်ခိုက်ပြီး မြို့တမြို့လုံးကို သိမ်းယူနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ 

အခု သိမ်းယူတဲ့အဖွဲ့တွေထဲ လက်နက်ကိုင် ဘယ်နှဖွဲ့ ပူးပေါင်း ပါဝင်သလဲ၊ ဘယ်နှဖွဲ့က အမျိုးသားညီညွတ်ရေး လက်အောက်က တပ်ဖွဲ့ဖြစ်ပြီး ဘယ်နှဖွဲ့က ဒေသအလိုက် ဖွဲ့စည်းတဲ့ LPDF လို့ခေါ်တဲ့ တပ်ဖွဲ့ ဘယ်နှဖွဲ့ပါဝင် သလဲစတဲ့ အသေးစိတ် အချက်အလက်တွေ နဲ့ သီးခြားအတည်ပြုနိုင်တဲ့ သတင်းတွေတော့ မတွေ့ရသေးပါဘူး။  ဧရာဝတီ သတင်းဌာနရဲ့ သတင်းမှာတော့ “လက်ရှိ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အမှတ် ၁ စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းများ၊ ရွှေဘိုခရိုင်ပကဖ၊ ဒီပဲယင်း မြို့နယ် ပကဖ ဘုတလင်မြို့နယ် ပကဖတို့ ပူးပေါင်း ဆင်နွှဲနေခြင်း ဖြစ်သည်” လို့ဖေါ်ပြထားတာ တွေ့ရပြီး RFA သတင်းမှာတော့ ဒီပဲယင်း မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ LPDF အဖွဲ့လို့ ဆိုနိုင်တဲ့ ဗိုလ်ကျားကြီးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ကျားကြီးကို ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြထားတာ တွေ့ရပါတယ်။ 

ဒီပဲယင်း မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ စစ်အာဏာသိမ်းပြီး လအနည်းငည်အကြာ ၂၀၂၁ ခုနှစ်နှစ်လယ်မတိုင်ခင်ကတည်းက စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြုတ်ချဖို့ ကိုယ်ထူကိုယ်ထ လုပ်သေနတ်၊ လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းတို့လို လက်နက်တွေနဲ့ စတင်ပြီး ဒေသအလိုက် ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့တဲ့ စစ်ကိုင်းတိုင်းဟာ စုစည်းမှု အားနည်းချက်နဲ့ စစ်ရေးအရ အမိန့်တခုတည်းအောက်မှာ လှုပ်ရှားနိုင်မှုအားနည်းတာကြောင့် ကျေးရွာအလိုက်၊ မြို့နယ်အလိုက် သီးခြားစီ ရပ်တည်နေကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အများအပြား ထွက်ပေါ်လာတဲ့ ကျယ်ပြန့်တဲ့ ဒေသကြီးတခုလည်း ဖြစ်ပါတယ်။ NUG အနေနဲ့တော့ ယခင် NLD လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ NLD ပါတီ တာဝန်ခံတွေကို အခြေပြုပြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့တွေကို ဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။ သို့ပေမယ့် ကျေးရွာအလိုက် ဒါမှမဟုတ် မြို့နယ်အလိုက် သီးခြားလက်နက်ကိုင်အဖွဲ့တွေလည်း ခုချိန်ထိ ရှိနေကြဆဲ၊ လှုပ်ရှားနေကြဆဲပဲ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း အထက်ပိုင်းက ကောလင်းမြို့ကို NUG လက်အောက်က PDF တပ်ဖွဲ့တွေက ယခုနှစ် နှောင်းပိုင်း နိုဝင်ဘာလမှာ သိမ်းယူခဲ့သော်လည်း တလကျော်အကြာမှာ စစ်ကောင်စီလက်ထဲ ပြန်လည်ကျရောက်ခဲ့ရတဲ့ အနေအထား ဖြစ်ပါတယ်။ အဒီနောက် စစ်ကိုင်းတိုင်းအလယ်ပိုင်း မုံရွာမြို့နယ်၊ ခရိုင်နဲ့ ထိစပ် ဆက်စပ်နေတဲ့ ဒီပဲယင်း၊ ယင်းမာပင်၊ ကနီ၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ စတဲ့ မြို့တွေ သိမ်းယူတဲ့ တိုက်ပွဲတွေ ဆင်နွှဲတာ မတွေ့ခဲ့ရဘဲ ယခုအခါ ဒီပဲယင်းမြို့ သိမ်းတိုက်ပွဲကို ပြန်လည်တွေ့မြင်ရတာပါ။ 

စစ်ကိုင်းတိုင်း အထက်ပိုင်းက အချို့သောမြို့တွေမှာတော့ ကြံ့ခိုင်ရေး ပါတီထောက်ခံသူတွေနဲ့ ပြည်သူ့စစ် ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးထားပြီး ကျေးရွာတွေ နဲ့ မြို့တွေကို ကာကွယ်စေပါတယ်။ ကန့်ဘလူ၊ ကျွန်းလှ တို့လိုမြို့တွေမှာ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ ပူးတွဲလှုပ်ရှားကြပြီး PDF တွေ အနေနဲ့ အခြေစိုက်ဖို့ မလွယ်ကူတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။ 

ယခု သတင်းသုံးသပ်ချက် ရေးသားချိန်မှာပဲ ဒီပဲယင်းမြို့ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာ၊ လေကြောင်း ပစ်ကူနဲ့ ချဥ်းကပ်လာနေပြီး မြို့အစွန်က နေရာအချို့ကိုစစ်ကောင်စီ တပ်တွေက ပြန်လည်နေရာယူနေတယ့် အကြောင်းရေးသးထားပါတယ်။ စစ်ကောင်စီ အနေနဲ့ ရှမ်းမြောက်၊ ရခိုင်နဲ့ ကချင်ပြည်နယ်တို့လို ဒေသတွေမှာ စစ်မျက်နှာကို ကျယ်ကျယ်ပြန့်ပြန့်ဖွင့်တိုက်နေရာချိန်မှ စစ်ကိုင်း၊ မကွေးတို့လို ဒေသတွေမှာ စစ်ကူအင်အား များများစားစား မပို့နိုင်တဲ့ အနေအထားကို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက အခွင့်အလမ်းကောင်း တခုအဖြစ်နဲ့ စတင်တိုက်ခိုက်မှု ဖော်ဆောင်လာတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ 

တဖက်မှာလည်း စစ်ကိုင်းတိုင်းရဲ့ ပထဝီနယ်မြေ အနေအထားက မြေပြန့်လွင်ပြင် ဖြစ်ခြင်းက တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်တွေဆီ စစ်ကူလမ်းကြောင်း မလာနိုင်အောင် ဖြတ်တောက်ဖို့၊ PDF တပ်ဖွဲ့တွေ အနေနဲ့ သိမ်းယူထားတဲ့ မြို့ကို ဝိုင်းပတ်ထိန်းချုပ်နိုင်ဖို့ ပထဝီ အနေအထားအရ အခက်အခဲနဲ့ စိန်ခေါ်မှုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

ရှမ်းမြောက်ဒေသက မြို့တွေလို၊ တောတောင် ထူထပ်ပြီး၊ ဝင်လမ်း ထွက်လမ်း တခု သို့မဟုတ် ၂ ခုသာရှိတဲ့ မြို့တွေ အနေနဲ့တော့ မြို့ကို သိမ်းယူပြီးနောက် ထိန်းချုပ်ရ လွယ်ကူပေမယ့်လည်း မြေပြန့်ဒေသ၊ တောတောင် ထူထပ်ခြင်းမရှိတဲ့ လွင်ပြင်ဒေသတွေမှာ သမားရိုးကျ စစ်တိုက်ဖို့ လူ၊ လက်နက်အမျိုးမျိုး လိုအပ်မှာလည်း ဖြစ်ပါတယ်။ ဒီအနေအထားတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် စစ်ကောင်စီ အနေနဲ့ မြို့ကို ပြန်လည်သိမ်းယူဖို့ ထိုးစစ်ဆင်တာကို PDF, LPDF တပ်ဖွဲ့တွေ အနေနဲ့ ပြင်းပြင်းထန်ထန် ခုခံကာကွယ်ရမယ့် အနေအထားမျိုးလည်း ဖြစ်နေမယ်လို့ မှန်းဆရပါတယ်။ 

ဒီနေ့ အဖို့ အခြားအကြောင်းအရာတခုက သြဂုတ်လ ၅ ရက်နေ့က နိုင်ငံရဲ့ အာဏာအရှိဆုံး ဝန်ကြီးချုပ် နုတ်ထွက်လွှာတင်ပြီး နိုင်ငံပြင်ပကို တိမ်းရှောင်သွားခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ရိုဟင်ဂျာ အရေးကို ဂရုစိုက်ဆောင်ရွက်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်သူကို ပထမဆုံး မူဝါဒရေးရာမိန့်ခွန်းပြောချိန်မှာ ထည့်သွင်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

 နိုင်ငံရေး မုန်တိုင်းထန်နေတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ၇ နှစ်ကျော် ၈ နှစ်နီးပါး မြန်မာနိုင်ငံဘက်က တိမ်းရှောင်လာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားခဲ့တာ ဖြစ်သလို လတ်တလော တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်က မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေက ထပ်မံတိမ်းရှောင်လာတဲ့ သူတွေကို လက်ခံမယ့် ကိစ္စလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

ပြုတ်ကျသွားတဲ့ ဝန်ကြီးချုပ် ဟာဆီနာလက်ထက်မှာ ဒုက္ခသည်တွေ အနေနဲ့ ပညာသင်ကြားခွင့်၊ နေရာကျဥ်းကျဥ်းထဲ ကျပ်သိပ်ပြီး နှစ်ရှည်လများ နေထိုင်ရတဲ့ ဒုက္ခ၊ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဒုက္ခသည်တွေအပေါ် ပြန်ပေးဆွဲတာ၊ သတ်ဖြတ်တာ၊ အနိုင်ကျင့်တာတွေကို လုံလောက်စွာ အကာအကွယ် မပေးနိုင်ခဲ့ပေမယ့် ထွက်ပြေးတိမ်းရှောင်လာသူတွေကို လက်ခံထားပေးတဲ့ အခြေခံ သဘောထားတော့ရှိနေခဲ့တာ ဖြစ်ပြီး အခုအသစ် တာဝန်ယူတဲ့ ကြားဖြတ်အစိုးရ လက်ထက်မှာ ဒီမူဝါဒထက် ပိုမိုကောင်းမွန်တဲ့ မူဝါဒမျိုး ပေါ်ထွက်လာမလား သို့မဟုတ် ဆုတ်ယုတ်သွားနိုင်သလား ဆိုတာတော့ စောင့်ကြည့်ရဦးမယ့် အနေအထားလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှာ ပြင်းထန်တိုက်တိုက်ခိုက်မှုတွေကြားက အသက်ဘေးအတွက် ရှောင်တိမ်းသူတွေ လွယ်လွယ်ကူကူ ဖြတ်ကျော် ဝင်ရောက်မလာအောင် လုံခြုံရေးတွေ ယခင်ထက် ၅ ဆလောက် ပိုတိုးမြှင့်ချထားတယ် ဆိုတဲ့ သတင်းတွေ နယ်စပ်မှာနေထိုင်နေသူတွေထံက ကြားသိနေရတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar