အောင်ဝေး - ပိတောက်ခူးပွဲတော်
အောင်ဝေး - ပိတောက်ခူးပွဲတော်
(မိုးမခ) စက်တင်ဘာ ၂၉ ၊ ၂၀၂၄
လူငယ်တစ်ယောက်က
လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါ
သင်ဇာဝင့်ကျော်ကို သတိရတယ်တဲ့။
ငါ သဘောကျတယ်
ငါ လက်ခံတယ် နန်းမွေစံ။
ငါတို့ဟာ
လောကရဲ့ဒဏ်ကို
ခံနေရတာပါ။
ငါတို့ဟာ
အာဏာရှင် ကြီးစိုးတဲ့ တိုင်းပြည်မှာ
စစ်လောကရဲ့ ဒဏ်ကို
ခံနေကြရတာပါ။
စစ်တပ်ဟာ
လောဘကြီးတယ်
အာဏာရူးတယ်
ဒီအရူးတွေ လက်ထဲမှာ
ငါတို့ မနေနိုင်ပါဘူး။
သေလည်း
မသေနိုင်ကြပါဘူး။
ငါတို့ဟာ
အသက်ရှင်နေတာကို
ဂုဏ်ယူပျော်ရွှင်နိုင်တဲ့ ဘဝမျိုး
ရောက်ချင်ကြတယ်။
ဘယ်မြစ်မှ
ပင်လယ်ကို ရောက်အောင် မသွားဘူးလို့
မငြင်းဆိုကြပါဘူး။
နန်းမွေစံလည်း
အိမ်ပြန်ချင်တာပဲ။
သင်ဇာဝင့်ကျော်လည်း
အိမ်ပြန်ချင်တာပဲ။
တောထဲက လူတွေလည်း
အိမ်ပြန်ချင်ကြမှာပဲ မဟုတ်လား။
အိမ်ပြန်မယ့်လမ်းမှာ
လမ်းမှားအောင်
မိစ္ဆာက လှည့်ဖြားနေတယ်။
အသက်ငင်နေတဲ့ ဖက်ဆစ်လက်က
နိုင်ငံရေးဆွေးနွေးပွဲ
ကမ်းလှမ်းနေတယ်။
သိပ်နောက်ကျသွားပြီ
ဆောရီးပဲ မောင်လှိုင်။
နန်းမွေစံ
တရုတ်သံရုံးရှေ့မှာ
ဆန္ဒပြတယ်။
သင်ဇာဝင့်ကျော်
၅၄ ခြံရှေ့မှာ ပရိတ်ရွတ်တယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူထုကို
စစ်တပ်က
သေနတ်နဲ့ပစ်တော့
ငါတို့ တောထဲ ဝင်ခဲ့ကြရတယ်။
တိုက်ပွဲပုံသဏ္ဌာန်ဆိုတာ
ရန်သူက ပြဋ္ဌာန်းတာပဲ မွေစံ။
နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့
မရတော့တဲ့အခါ
စစ်ရေးနည်းနဲ့ ဖြေရှင်းရစမြဲ
စစ်ဟာ
နိုင်ငံရေးရဲ့အဆက်
ဖြစ်တယ် သင်ဇာ။
စစ်ဟာ
နိုင်ငံရေးက စရင်
ငြိမ်းချမ်းရေးမှာ
ဆုံးရမယ် မဟုတ်လား။
စစ်တပ် မရှိမှ ငြိမ်းချမ်းမယ်
စစ်တပ်မရှိမှ
တိုင်းပြည် အသက်ချမ်းသာမယ်။
ဒီမြေပေါ်မှာ
စစ်တပ် အရိပ်အယောင်
မြူတစ်မှုန်စာ ရှိနေရင်တောင်
ငါတို့
"ဒေါ်အောင်ဆန်းစုကြည်"ကို
မြင်ရမှာ မဟုတ်ဘူး။
ဖက်ဆစ်စစ်တပ်၊ အမြစ်ဖြတ်
ငါတို့
အလကား အော်နေတာ မဟုတ်ဘူး။
စစ်တပ် မရှိမှ
ငါတို့ လွတ်လပ်
အနာဂတ်ကို ထုဆစ်နိုင်မယ်။
စစ်တန်းလျားတွေ မီးရှို့ပစ်ကြ
စစ်တန်းလျားတွေ မရှိမှ
ငါတို့အချစ် ခမ်းနားမယ်။
စစ်ကိုသာ နိုင်အောင်တိုက်ပါ
စစ်ကိုသာ အရင် နိုင်အောင်တိုက်ပါ။
မတွေဝေနဲ့
မယိမ်းယိုင်နဲ့
သွေးမကွဲနဲ့။
ဒီစကားတွေ
ငါ
ပြောပေါင်းလည်း များလှပါပြီ မွေစံ။
ဒီစကားတွေ ပြောရင်းလည်း
ငါ
မောလှပါပြီ သင်ဇာ။
ဘယ်မြစ်မှ
ပင်လယ်ဆီ မသွားဘူးလို့
မငြင်းဆန်ကြပါဘူး။
ပင်လယ်မှာ
ပိတောက်ပန်းတွေ ပွင့်နေပါပြီ။
လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါ
သင်ဇာဝင့်ကျော်ကိုသတိရတယ်ဆိုတဲ့
လူငယ်လေးရေ–
ပင်လယ်မှာ
ပိတောက်ပန်းတွေ ပွင့်နေပြီ
ငါတို့
ပိတောက်ခူး ထွက်ကြပါစို့။ ။
အောင်ဝေး
(၉၊ ၂၈၊ ၂၀၂၄)