ရဲဘော်တေး - ကပ်မင်းဆက်အလွန် အောင်မြင်တိုင်းပြည်
ရဲဘော်တေး - ကပ်မင်းဆက်အလွန် အောင်မြင်တိုင်းပြည်
(မိုးမခ) စက်တင်ဘာ ၁၄ ၊ ၂၀၂၄
လေဘေး၊ ရေဘေး၊ ခွေးသူခိုးဘေး၊ မီးဘေးနဲ့မင်းဘေး။ ဘေးငါးမျိုး ပေါင်းနှက်တော့ တိုင်းပြည်ကြီး ပြုတ်ပျက်ထွက်မတတ်။
လေတပ် ဗုံးကြဲ၊ ရေကြီး၊ ခွေးစစ်ကြောင်းထိုး ခိုးဆိုးလုယက် မီးတိုက် မုဒိမ်းကျင့် သတ်ဖြတ်။ ဒီဘေးတွေအားလုံးက မင်းဘေး၊ မင်းကြောင်လှိုင်ဘေး၊ စစ်အုပ်ချုပ်ရေးက မြစ်ဖျားခံတာ။ ဒါ့ကြောင့် မင်းယုတ်မာ မင်းစုတ်ချာက ထိပ်ဆုံးဘေး။ ပရိတ်နိဒါန်းမှာ ရဟန်းပညာရှင်တွေက ဘေးအမျိုးမျိုအကြောင်း ပြောတော့ ရာဇတောဝါ ဆိုတဲ့ မင်းဟောင်လှိုင်က ထိပ်ဆုံး။ ကျန်တဲ့ သူခိုး ဂျပိုး လူသတ်သမား မုဒိမ်းသမား လူ့မသမာများဘေးတွေ၊ မီးဘေး ရေဘေးတွေဆိုတာ သူ့နောက်ဆက်ဆိုးကျိုးအနေနဲ့ ထားတာ။ မင်းမစွံရင် ဆူးစူးတဲ့ ဘေးထိသင့်တယ်လို့ ပြောတာ။ စည်ပင် စောက်သုံးမကျမှုထိလေ။
၈၈ မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက သစ်တောတွေချည်း လှိမ့်ခုတ်တာများ နှစ်မိနစ် တစီးနှုန်းနဲ့ နှစ်တော်တော်ကြာ ထွက်ခဲ့သတဲ့။ ယန္တရားကြီးတွေနဲ့ ကျောက်စိမ်းနဲ့ တခြားသယံဇာတတွေထုတ်၊ မြစ်ချောင်းမှန်သမျှ ရွှေထုတ်၊ ဘာပညာရှင် ဘာသုတေသနမှမပါဘဲ တံတားတွေလုပ်၊ မြစ်ကော ချောင်းကောကြီးတွေဖြစ်၊ မြို့ ရွာတိုင်းက ရေထွက်ပေါက်ချောင်းမြောင်း သေစီးကြောင်းပါမချန် အကွက်ရိုက်ရောင်း၊ တောင်တိုင်းကတုံး တောတိုင်းပြုန်း အဆုံးသတ်တော့ ဒီတိုင်းပြည်ရေမနစ် ဘယ်တိုင်းပြည် နစ်မလဲ။ ဘယ်ခရိုနီနဲ့ ဘယ်စစ်ဗိုလ်ချုပ်မှ သစ်ထုတ်မလွတ်၊ အကုန်သယံဇာတစား ဘီလူးတွေချည်း။ စီမံခန့်ခွဲမှုနဲ့ မတော်လောဘကလဲ တောင်ပေါ်မြို့တောင် ရေနစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ ကောင်စားတွေချည်း။ ဒီခွေးဝင်စား နွားဝင်စားတွေ မင်းလုပ် အုပ်ချုပ် ဆည်တွေ မဆင်မခြင် အမြော်အမြင်မဲ့လုပ်ထားမှတော့ တိုင်းပြည်ရေချုပ်ကျပြီပေါ့။
တိုင်းပြည်ကောင်းဖို့ မင်းကောင်း လိုတယ်။ မင်းကောင်းဖို့ ဆိုတာကလဲ ပညာတတ်အုံးမှ။ ပညာတတ်ဖို့ကလဲ ပညာရေးအတွက် ဘတ်ဂျက်က သူတို့အိမ်က မွေးတဲ့ ခွေးစာဖိုးလောက်တောင်မသုံး။ သူတို့သားသမီး ဖင်ယားဖို့လောက်ကို မရှိ။ ကျန်းမာရေးအတွက် ထည့်မစဉ်းစားတဲ့ အလကားငတုံးတွေ။ ကျန်းမာရေးကိစ္စကလဲ ပညာမတတ်တော့ ဘယ်စဉ်းစားတတ်မလဲ။ အာရောဂျံ ပရမံ လာဘံ ဆိုတာတော့ ကိုယ် ကိုးကွယ်တဲ့ဘုရားက ဟောထားလို့ တသက်လုံး ကြားဖူးနေတာဘဲ။ ပညာမတတ်တော့ အတိမ်အနက် မသိ၊ ပါးစပ်က ရွတ်ကောင်းလို့ ရွတ်ဆိုကောင်းလို့ ဆိုနေတာပဲ ရှိ။ ရေခံမြေခံလေးရှိလို့ ပညာတတ်အုံးတော့ သေချာစိတ်တိုင်းကျ ရွေးခွင့်ရမှ။ ခု မအလလုပ်မယ် ဆိုတဲ့ တရုတ်ဆီက ငွေတောင်းဖို့ အကြောင်းပြတဲ့ ရွေးကောက်ပွဲမျိုးကတော့ ရပ်ကွက်အုက်ကြီးတောင် ဟန်ကျပန်ကျရမယ် မဟုတ်။ ဘယ်သူသေသေ ငတေမာ မင်းယုတ်မာ၊ ဘာဖြစ်မယ်မမြင်နိုင်တဲ့ မင်းစုတ်ချာ၊ ကိုယ့်ပြည်သူကို အနိုင်အထက် ညှဉ်းဆဲသတ်ဖြတ် မကျင့်အပ်တာမှန်သမျှနဲ့ အကျင့်တန်တဲ့ မင်းတာတေလံ၊ အကျင့်ဆိုးတဲ့ မင်းသူခိုးတွေချည်း ဆက်ဆက်တက်နေတော့ ခု ရေလွှမ်းဘေး လေတပ်ဗုံးကြဲဘေး စစ်ကြောင်းထိုး သတ်ဖြတ် မီးတိုက်ဘေး ခိုးဆိုးလုယက် အနိုင်အထက်ပြုခံရဘေး၊ ရွံစရာကောင်းတဲ့သူတွေ တလုံးချိုင့်တွေကို အရေးတယူလုပ်နေရတဲ့ အုက်ကြီးဘေးတွေ အကုန်ပြုံဆိုက်တော့တာပေါ့။
ဒီကပ် မင်းဆက်မရှင်းနိုင်ရင် ကပ်ထပ်တိုးဖို့ပဲ ရှိတယ်။ ကပ်သက်ရှည်ဖို့ဘဲရှိတယ်။ သားစဉ်မြေးဆက် မကျွတ်တမ်း ဆက်ခံနေရမယ်။ ကျရှုံးတိုင်းပြည် ဖြစ်မယ် ပြောပြီး ဘောမ မနေနဲ့။ လခွမ်းတိုင်းပြည်ဖြစ်နေတာ ကြာပြီ။ ဘီလူးသွားကို လဖြဲတွေချည်း အုပ်ချုပ်လာတာ။ တဗိုလ်ချင်းရဲ့စည်းစိမ် တခရိုချင်းရဲ့ ပိုင်ဆိုင်မှုနဲ့တင် ပြည်ပြန်တည်လို့ရတယ်။ လူယုတ်မာတွေခေတ်ပြီးရင် သူရဲကောင်းတွေခေတ် လာမယ်။ လူညံ့တွေခေတ် ပြီးရင် အာဇာနည်တွေခေတ် လာမယ်။
အာဇာနည် ဆိုတာ အကျိုးအကြောင်းသိ အကြောက်အရွံ့မရှိတဲ့သူတွေကို ခေါ်တာ။ ကြောက်ခေတ်ကို မှောက်ပစ်သူတွေ။ အဲဒီ ကြောက်ခေတ်ကို မှောက်ပစ်တဲ့ အာဇာနည်တွေနဲ့တည်တဲ့ ပြည်က အောင်မြင်တိုင်းပြည်ပဲ ဖြစ်ရမှာပေါ့။ ဘာကျဆုံးတိုင်းပြည် ဖြစ်ရမလဲ။ ကျဆုံးတိုင်းပြည် ဆိုတဲ့စကားက ကလေးတုန်းက ခြောက်ခံရတဲ့ ကောင်ကောင်ကြီးရှိတယ် ဆိုတဲ့စကားထက် မပိုတော့ပါဘူး။ ခြောက်တယ် ဆိုတာကလဲ အမှောင်ကြီးစိုးတဲ့နေရာပဲ ရတာမျိုး မဟုတ်လား။ လျှပ်စစ် မရှိခင်ခေတ်တုန်းကပေါ့လေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar