ကိုအောင်မှိုင်း - နျူရင်ဘတ် Nuremberg မှ အိုင်စီစီ ICC သို့
ကိုအောင်မှိုင်း - နျူရင်ဘတ် Nuremberg မှ အိုင်စီစီ ICC သို့
(မိုးမခ) စက်တင်ဘာ ၂၅ ၊ ၂၀၂၄
နျူရင်ဘတ်တရားရုံး Nuremberg Trials ဆိုတာ ဒုတိယကမ္ဘာစစ်အပြီး နာဇီဂျာမနီဖက်ဆစ်တွေရဲ့ စစ်ရာဇဝတ်မှုများအတွက် ကမ္ဘာ့ပထမဆုံး အပြည်ပြည်ဆိုင်ရာ တရားရုံး ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်က ၁၉၄၉ ခုနှစ်အထိ ဂျာမနီနိုင်ငံ Nuremberg မြို့မှာ ကျင်းပခဲ့ပြီး ၊ နာဇီအစိုးရရဲ့ စစ်အတွင်းကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှု (war crimes) ၊ လူမျိုးသတ်ဖြတ်မှု (genocide) ၊ လူ့အခွင့်အရေးချိုးဖောက်မှု (crimes against humanity) စတဲ့ အပြစ်များအတွက် အဲဒီတရားရုံးမှာ အမှုဖွင့် တရားစွဲဆိုခဲ့ကြပါတယ်။
နျူရင်ဘတ်တရားရုံးရဲ့ အဓိကဆောင်ရွက်ချက်များ
အဓိကရည်ရွယ်ချက်။ ။နာဇီစစ်အရာရှိများ၊ လူသတ်စခန်းများကို စီမံသူများ၊ လက်နက် စက်ရုံပိုင်ရှင်များကို စစ်ရာဇဝတ်မှုများအတွက် တရားစွဲဆိုရန် ဖြစ်ပါတယ်။
ဆောင်ရွက်သည့်အဖွဲ့အစည်းများ။ ။ စစ်တရားရုံး (Military Tribunal) အဖြစ် သတ်မှတ်ပြီး စစ်အနိုင်ရရှိခဲ့တဲ့ အမေရိကန်၊ ဗြိတိသျှ၊ ပြင်သစ်နှင့် ဆိုဗီယက်တို့က ဦးစီးစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
အဓိက တရားစွဲဆိုခံရသူများ။ ။ တရားစွဲဆိုခံရသူ ၂၄ ဦးအနက် နာဇီစစ်အစိုးရကို ဦးဆောင်သော ဟာမန်းဂိုရင် (Hermann Göring) ၊ ရူဒေါဖ်ဟက်စ် (Rudolf Hess) ၊ ဟန်စ်ဖရန်ခ် (Hans Frank) တို့ ပါဝင်ကြပါတယ်။ ဂျိူးဇက်ဂိုဘဲလ် (Joseph Goebbels) နဲ့ ဟစ်တလာ တို့ကတော့ တရားစွဲဆိုခြင်းမခံရမီမှာ မိမိကိုယ်ကိုယ် သတ်သေခဲ့ကြတာ ဖြစ်ပါတယ်။
အမှုဆုံးဖြတ်ရလဒ်များ။ ။ တရားစွဲဆိုခံရသူ ၂၄ ဦး အနက် ၁၉ ဦး အပြစ်အတွက် တရားစွဲဆိုခံရကာ၊ ၁၂ ဦး ကို တရားဝင် သေဒဏ်ချမှတ်ခဲ့ပါတယ်။
ဟာမန်းဂိုရင်းက သေဒဏ်မပေးလိုက်ခင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ တချို့ကိုတော့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး၊ အခြား ၃ ဦးကတော့ အပြစ်မရှိဟု ဆုံးဖြတ်ခံခဲ့ပါတယ်။
အကျိုးရလဒ်များ။ ။ နျူရင်ဘတ်တရားရုံး ဆုံးဖြတ်ချက်များက အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှု တရားစီရင်ရေးအတွက် အခြေခံအုတ်မြစ်များ ဖြစ်လာပြီး၊ ဂျီနိုဆိုဒ်နဲ့ ဆိုင်တဲ့ ရာဇဝတ်မှုများကို နိုင်ငံတကာမှ တရားစွဲဆိုနိုင်ကြောင်း ပြသခဲ့တဲ့ ရှေ့ပြေးအမှုပဲ ဖြစ်ပါတယ်။
နောက်ဆက်တွဲအကျိုးဆက်များ။ ။ နျူရင်ဘတ်တရားရုံး ဆုံးဖြတ်ချက်တွေဟာ အပြည်ပြည်ဆိုင်ရာ တရားရေးစနစ်မှာ စစ်ရာဇဝတ်မှုတွေ၊ လူသားဖြစ်တည်မှုအပေါ် ကျူးလွန်မှုတွေအတွက် ပြစ်ဒဏ်ခံရမယ် ဆိုတဲ့ ခိုင်မာတဲ့ သတိပေးစကားကို အတိအလင်း ထုတ်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နျူရင်ဘတ်တရားရုံးက တရားမျှတမှုကို သင်ခန်းစာတစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး၊ ဒါဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC ( International Criminal Court ) ဖြစ်ပေါ် လာမှုအတွက် နိဒါန်းကြီး ဖြစ်လာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး လူသားဖြစ်တည်မှုအပေါ် ကျူးလွန်သူတွေကို ဘာကြောင့် ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ခဲ့ကြရပါသလဲ။ သေချာတာက လူ့အဖွဲ့အစည်း အတွင်း လူသားဖြစ်တည်မှုကို ရက်ရက်စက်စက် ပက်ပက်စက်စက် သတ်ဖြတ် နှိပ်စက် ညှဉ်းဆဲ စော်ကားမှုတွေ ထင်ထင်ပေါ်ပေါ် လုပ်ခဲ့ကြတာကြောင့်လို့ ပြောရမှာ ဖြစ်ပါတယ်။
လူသားဖြစ်တည်မှုကို ငြင်းပယ်တာဟာ လူသားတယောက်အနေနဲ့ လူ့ယဥ်ကျေးမှုအရ ဘယ်လောက် ရှက်စရာကောင်းတဲ့ ပြစ်မှုကြီး ဖြစ်သလဲဆိုတာကို ဥပဒေအရပါ သင်ခန်းစာပေးခဲ့တာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) အတွင်းက နာဇီပါတီ ( Nazi Party ) ဟာ ဂျူးလူမျိုး ၆ သန်းကို စနစ်တကျ သတ်ဖြတ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။
ဂျာမဏီဖက်ဆစ်အာဏာရှင် အဒေါ့ဟစ်တလာ ( Adolf Hitler ) နဲ့ သူ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ Holocaust ( ဝါ ) Shoah ( ဟီဘရူးဘာသာအရ "သနားကြင်နာမှုမရှိသော လုံးဝချေမှုန်းခြင်း" ) လို့ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို ဂျူးလူမျိုးတွေအပေါ် ကျူးလွန်ခဲ့ကြပါတယ်။
ဒီအတွက် Final Solution (နောက်ဆုံးအဖြေ ) ဆိုတဲ့ စီမံကိန်းကို ရေးဆွဲပြီး နာဇီအုပ်ချုပ်ရေးက ဂျူးလူမျိုးအားလုံးကို လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။
အကျဉ်းထောင်၊ လူသတ်စခန်းတွေမှာ ဂက်စ်ဓာတ်ငွေ့စက်တွေကို သုံးပြီး သတ်ဖြတ်ခဲ့ကြတာပါ။ Holocaust ရဲ့ အဓိကပင်မ လူသတ်စခန်းများဖြစ်တဲ့ Auschwitz-Birkenau, Treblinka, Sobibor, နှင့် Majdanek စတဲ့ စခန်းတွေမှာ အဓိကအဖြစ် သတ်ဖြတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလူသတ်စခန်းတွေထဲမှာ ဝေါ့ဇဝစ် အကျဥ်းထောင် (Auschwitz Concentration Camp) ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီအုပ်ချုပ်ရေးက ဖွဲ့စည်းခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးနဲ့ လူအများဆုံး လူသတ်စခန်းတစ်ခုအဖြစ် ထင်ရှားပါတယ်။
ဒီအကျဥ်းထောင်ကို ၁၉၄၀ ပြည့်နှစ် ဇွန်လမှာ ပိုလန်နိုင်ငံရှိ ဗွောက်စ်ဇဝစ် (Oświęcim) မြို့မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ခိုင်မာတဲ့ သက်သေအထောက်အထားများအရ လူဦးရေ ၁ ဒသမ ၁ သန်းမှ ၁ ဒသမ ၅ သန်းအထိကို စနစ်တကျ သတ်ဖြတ်ခဲ့ကြတယ်လို့ ယုံကြည်ထားကြတာ ဖြစ်ပါတယ်။
ဂျူးလူမျိုးများ၊ပိုလန်လူမျိုးများ၊ ဂျစ်စီများ၊ ရုရှားစစ်အကျဉ်းသားများနဲ့ နာဇီတွေကို ဆန့်ကျင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြား ပါဝင်ကြပါတယ်။
ဝေါ့ဇဝစ် အကျဥ်းထောင်ကို သုံးပိုင်း ခွဲခြားထားပါတယ်။
1. Auschwitz I - အကျဉ်းထောင်၏ရဲ့ ပထမဆုံးအပိုင်းဖြစ်ပြီး စစ်အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထားရှိခဲ့တဲ့ အဆောက်အဦတွေ ဖြစ်ပါတယ်။
2. Auschwitz II-Birkenau - အဓိက လူသတ်စခန်းဖြစ်ပြီး ဂျူးလူမျိုးတွေနဲ့ အခြားအဖမ်းခံရသူတွေကို ဓာတ်ငွေ့စက်တွေနဲ့ သတ်ဖြတ်ရာ အဆောက်အဦတွေ ဖြစ်ပါတယ်။
3. Auschwitz III-Monowitz - အလုပ်သမားစခန်း ဖြစ်ပြီး အကျဉ်းသားတွေကို စက်မှုလုပ်ငန်းတွေမှာ အကြမ်းဖက် အလုပ်ခိုင်းစေခဲ့တဲ့ အဆောက်အဦတွေ ဖြစ်ပါတယ်။
ယခုအခါ ဝေါ့ဇဝစ် အကျဥ်းထောင်ကို သမိုင်းဆိုင်ရာအမှတ်တရ ပြတိုက်အဖြစ် ကမ္ဘာတဝန်းက လူတွေ သွားရောက်လေ့လာနိုင်ကြပြီ ဖြစ်ပါတယ်။
Holocaust မှာ ပစ်မှတ်ထားခြင်းခံရသူတွေကတော့ ဂျူးလူမျိုးများ ( Jews ) ၆ သန်း ၊ဂျစ်ပစီများ ( Roma and Sinti ) ၂၀၀,၀၀၀ မှ ၅၀၀,၀၀၀ ၊ ရုရှားစစ်အကျဥ်းသားများ (Soviet POWs) ၃ သန်း မှ ၃.၅ သန်း၊ စိတ်ရောဂါရှင်များနဲ့ မသန်စွမ်းသူများ (Disabled People) T4 Program ၊ လိင်တူချစ် သူများ (Homosexuals) ကြာရှည်ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး ၅,၀၀၀ မှ ၁၅,၀၀၀ခန့်၊ နိုင်ငံရေးအကျဥ်း သားများ (Political Prisoners) အများစုမှာ ပိုလန်လူမျိုးများနဲ့ ကွန်မြူနစ်များ ဖြစ်ကြပါတယ်။ ကိန်းဂဏန်းအရ အားလုံးပေါင်း ၁၁ သန်းခန့်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
Holocaust ဆိုတာ ကမ္ဘာသမိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အကြီးမားဆုံးဖြစ်ရပ် ဖြစ်ပြီး၊ ဂျူးလူမျိုးတွေအတွက် စိတ်ထိခိုက်နာကျင်မှုတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီ Holocaust ရဲ့ သက်ရောက်မှုကြောင့် ကမ္ဘာအနှံ့ အပြားမှာ လူ့အခွင့်အရေးများကို အထူးဂရုစိုက်မှုများ တိုးပွားလာကာ ၁၉၄၈ ခုနှစ် လူ့အခွင့်အရေးကြေညာစာတမ်း၊ Genocide Convention စသဖြင့် နိုင်ငံတကာဥပဒေများကို ဖွံ့ဖြိုးလာစေခဲ့တာကတော့ သိသာထင်ရှားလာပါတယ်။
ဒီနေရာမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ( ICC - International Criminal Court ) ICC အကြောင်း မိတ်ဆက်ပေးလိုပါတယ်။ ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ်မှာ နိုင်ငံပေါင်းချုပ်အသင်း ကြီးကို တည်ထောင်ခဲ့ပေမဲ့ မအောင်မြင်ဘဲ ဒုတိယကမ္ဘာစစ်ကြီး ထပ်မံဖြစ်ပွားခဲ့တာ သိကြပြီးဖြစ် ပါတယ်။
ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာ ခေါင်းဆောင်တဲ့ နာဇီပါတီက ဂျူးလူမျိုး ၆ သန်းကျော် အပါအဝင် အခြားလူသားများကို လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့စွာ သတ်ဖြတ်ခဲ့ပါတယ်။ စစ်အပြီးမှာ နာဇီစစ်ခေါင်းဆောင်တွေသာမက အရပ်သားတာဝန်ရှိသူတွေ အပါအဝင် လူပေါင်း ၂ဝဝ ကျော်ကို ဂျာမနီနိုင်ငံ၊ နျူရင်ဘတ်မြို့ စစ်ခုံရုံးတင် စစ်ဆေးအပြစ်ပေးခဲ့ပါတယ်။
နျူရင်ဘတ်ခုံရုံးမှာ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ထိပ်တန်းခေါင်းဆောင်တွေ၊ သံတမန်တွေနဲ့ စစ်ဗိုလ်ချုပ်တွေကို အပြစ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ စီရင်ချက်များ ချမှတ်နိုင်ခဲ့ပါတယ်။ အရှေ့အာရှမှာလည်း ဂျပန်လူမျိုးတွေရဲ့ ဖက်ဆစ်စနစ်ကြောင့် တာဝန်ရှိသူတွေကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့ပါတယ်။
တိုကျိုခုံရုံးမှာ အရှေ့အာရှမှ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ဂျပန် ထိပ်တန်းခေါင်းဆောင်တွေ၊သံတမန်တွေနဲ့ စစ်ဗိုလ်ချုပ်တွေကို အပြစ်ပေးနိုင်ခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း စီရင်ချက်များ ချမှတ်နိုင်ခဲ့ပါတယ်။
သို့သော် စစ်ရှုံးသူများကိုသာ စီရင်ခဲ့ပြီး စစ်နိုင်သည့်နိုင်ငံများမှ ကျူးလွန်သူတဦးကိုမှ အရေးယူခဲ့ခြင်းမရှိလို့ ထောက်ပြကြတာလည်း ရှိခဲ့ပါတယ်။ စစ်အတွင်း ကျူးလွန်သူတွေကို ခုံရုံးတင်စစ် ဆေး အရေးယူမှုများသာမက အလားတူ လူသားချင်း မတရားရက်စက်မှု၊ နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်မှုများ ထပ်မံမပေါ်ပေါက်စေရန်၊ ငြိမ်းချမ်းမှု ထွန်းကားရန်နဲ့ ပဋိပက္ခချုပ်ငြိမ်းရေးအတွက် နိုင်ငံအစိုးရများက ကြိုးပမ်းလုပ်ဆောင်လာခဲ့ကြပါတယ်။
၁၉၄၆ ခုနှစ် နျူရင်ဘတ် ခုံရုံးနောက်ပိုင်း “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (International Criminal Court – ICC) နဲ့ နိုင်ငံတကာပြစ်မှုဆိုင်ရာ ဥပဒေတခု လက်ခံစေဖို့ “International Criminal Code prohibiting crimes against humanity” ကို ပဲရစ်မြို့မှာနိုင်ငံတကာ ညီလာခံတရပ် ကျင်းပပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဒီနေရာမှာ ကျနော် ပြောလိုတာက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှာ လူမျိုးတုံး သတ်ဖြတ်မှုကို ပြစ်မှုတခုခုအပေါ် ပြစ်ဒဏ်ပေးခြင်းနဲ့ ကာကွယ်ခြင်းသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြု လက်ခံခဲ့ပါတယ်။
ဒီစာချုပ်ကို အခြေခံပြီး တရားရုံးတစ်ခု တည်ထောင်ဖို့ သင့်လျော်တဲ့ ပြဋ္ဌာန်းချက်တွေကို လေ့လာဖို့အတွက် နိုင်ငံတကာဥပဒေကော်မရှင် (International Law Commission – ILC) ကို ကုလသမဂ္ဂအထွေထွေညီလာခံက တာဝန်ပေးခဲ့ပါတယ်။
ဒါကြောင့် ၁၉၄၉ – ၁၉၅၄ ခုနှစ်တွင် “နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး၏ Draft Statute for an ICC” မူကြမ်းတရပ်ကို ရေးဆွဲခဲ့ရာ အင်အားကြီးနိုင်ငံများက ဆန့်ကျင်ခဲ့ပါသည်။ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးဖွဲ့စည်းရန် အစီအစဉ်များ နှောင့်နှေးကြန့်ကြာ နေခဲ့ပါတယ်။
အစိုးရတွေက ကိုယ့်ပြည်သူများအပေါ် လူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်မှု၊ လက်နက်ကိုင် စစ်ပွဲများအတွင်း အပြစ်မဲ့ပြည်သူများအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို ကျူးလွန်လာခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံတကာ မဟုတ်ပေမဲ့ နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့ နိုင်ငံအလိုက် လုပ်ဆောင်ကြိုးပမ်းမှုများ ရှိလာခဲ့ပါတယ်။
ဒီနေရာမှာ ထောက်ပြချင်တာက ၁၉၉၈ ခုနှစ် အီတလီနိုင်ငံ၊ ရောမမြို့ကုလသမဂ္ဂမှ ကြီးမှူးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို ဖွဲ့စည်းတည်ထောင်ရန်အတွက် သဘောတူစာချုပ် မူကြမ်းကို ရေးဆွဲတဲ့ ညီလာခံတခု ကျင်းပခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၆ဝ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ၅ ပတ်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် တက်ရောက်လာတဲ့ နိုင်ငံတွေထဲက နိုင်ငံပေါင်း ၁၂ဝ အတည်ပြု ထောက်ခံမဲပေးခဲ့ပေမဲ့ တရုတ်၊ လစ်ဗျား၊ အီရတ်နှင့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံ ၇ နိုင်ငံက ထိုစာချုပ်ကို ကန့်ကွက်မဲပေးပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံက ကြားနေမဲပေးခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်၊ ဇူ လိုင်လ ၁၇ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
ထိုစာချုပ်အား လက်မှတ်ရေးထိုးခဲ့တဲ့ ရောမမြို့ကို အစွဲပြု၍ ရောမစာချုပ်လို့လည်း ခေါ်ပါတယ်။။ စာချုပ်အရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို ဖွဲ့စည်းထူထောင်နိုင်ဖို့အတွက် နိုင်ငံပေါင်း ၆ဝ က အတည်ပြုလက်မှတ် ရေးထိုးဖို့ လိုအပ်ပြီး ၂ဝဝ၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် နိုင်ငံပေါင်း ၆၆ နိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့အတွက် ၂ဝဝ၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများတရားရုံး (ICC) ဟာ လူသားများကို ဆန့်ကျင်သောရာဇဝတ်မှု များ၊ စစ်ရာဇဝတ်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများနှင့် တိုင်းရင်းသား သတ်ဖြတ်မှုများ (genocide) စသည်တို့ကို စစ်ဆေးပြီး သေချာတဲ့ တရားဥပဒေရေးရာစနစ်အတိုင်း အမှုများကို စုံစမ်းစစ်ဆေး ကာ တရားစီရင်ခြင်းများ ပြုလုပ်ရပါတယ်။ ဒီတရားရုံးကို ၂၀၀၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက် နေ့မှာ Rome Statute အောက်မှာ တရားဝင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။
ICC မှာ စစ်ဆေးခဲ့ပြီး ဆုံးဖြတ်ချက်ချခဲ့သော အရေးကြီးသော အမှုများမှာ—
1. Thomas Lubanga Dyilo (DR Congo)
ရာဇဝတ်မှုများ။ ။ကလေးစစ်သားများအဖြစ် အသုံးချခြင်း (war crimes of conscripting child soldiers)
ဆုံးဖြတ်ချက်။ ။ ၂၀၁၂ ခုနှစ်တွင် ICC သည် Congo မှ Lubanga ကို စစ်ရာဇဝတ်မှုများအတွက် ၁၄ နှစ် အကျဉ်းသတ်မှတ်ခဲ့သည်။ Lubanga သည် ICC မှ တရားစီရင်ခံရသည့် ပထမဆုံးသူဖြစ်သည်။
2. Jean-Pierre Bemba Gombo (Central African Republic)
ရာဇဝတ်မှုများ။ ။ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုး ဆန့်ကျင်ရာဇဝတ်မှုများ (war crimes and crimes against humanity), အဓမ္မပြုကျင့်မှုများ (rape), သတ်ဖြတ်မှုများ (murder)
ဆုံးဖြတ်ချက်။ ။ ၂၀၁၆ ခုနှစ်တွင် ICC သည် Bemba ကို ၁၈ နှစ် အကျဉ်းချမှတ်ခဲ့သည်။
3. Germain Katanga (DR Congo)
ရာဇဝတ်မှုများ: စစ်ရာဇဝတ်မှုများ (war crimes), လူသားမျိုး ဆန့်ကျင်ရာဇဝတ်မှုများ (crimes against humanity)
ဆုံးဖြတ်ချက်: ၂၀၁၄ ခုနှစ်တွင် ICC သည် Katanga ကို စစ်ရာဇဝတ်မှုများအတွက် ၁၂ နှစ်အကျဉ်းချမှတ်ခဲ့သည်။
4. Ahmad Al Faqi Al Mahdi (Mali)
ရာဇဝတ်မှုများ: ယဉ်ကျေးမှုအမွေအနှစ်များ ဖျက်ဆီးခြင်း (destruction of cultural heritage)
ဆုံးဖြတ်ချက်: ၂၀၁၆ ခုနှစ်တွင် Al Mahdi ကို Timbuktu တွင်ရှိသည့် ယဉ်ကျေးမှုနယ်မြေများ ဖျက်ဆီးခဲ့သည့်အတွက် ၉ နှစ် အကျဉ်းချမှတ်ခဲ့သည်။ ယဉ်ကျေးမှုအမွေအနှစ် ဖျက်ဆီးမှုအတွက် ပထမဆုံးစီရင်ခဲ့သောအမှု ဖြစ်သည်။
5. Omar al-Bashir (Sudan)
ရာဇဝတ်မှုများ: Darfur အမျိုးသားသတ်ဖြတ်မှု (genocide), စစ်ရာဇဝတ်မှုများ (war crimes), လူသားမျိုး ဆန့်ကျင်ရာဇဝတ်မှုများ (crimes against humanity)
ဆုံးဖြတ်ချက်: Sudan အတိုက်အခံခေါင်းဆောင် Omar al-Bashir ကို ၂၀၀၉ ခုနှစ်တွင် ICC မှ ကလောင်စစ်ပွဲကိစ္စတွင် လူသားမျိုးဆန့်ကျင်ရာဇဝတ်မှုများအတွက် စွပ်စွဲခဲ့သည်။ Bashir သည် အနည်းဆုံး ဆယ်စုနှစ်အတွင်း တရားရုံးထံကို လာရောက်ခြင်းမရှိသေးပါ။
6. Bosco Ntaganda (DR Congo)
ရာဇဝတ်မှုများ: စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးဆန့်ကျင်ရာဇဝတ်မှုများ (war crimes and crimes against humanity)၊ အဓမ္မပြုကျင့်မှုများ၊ ကလေးစစ်သား အသုံးချခြင်း
ဆုံးဖြတ်ချက်: ၂၀၁၉ ခုနှစ်တွင် Ntaganda ကို ၃၀ နှစ် အကျဉ်းချမှတ်ခဲ့သည်။
ဤဆုံးဖြတ်ချက်မှာ ICC မှ ချမှတ်ခဲ့သော အကြီးမားဆုံးအကျဉ်းဒဏ် ဖြစ်သည်။
7. Dominic Ongwen (Uganda)
ရာဇဝတ်မှုများ: စစ်ရာဇဝတ်မှုများနှင့် လူသားမျိုး ဆန့်ကျင်ရာဇဝတ်မှုများ (war crimes and crimes against humanity)၊ အဓမ္မပြုကျင့်မှုများ၊ ကလေးစစ်သား အသုံးချခြင်း
ဆုံးဖြတ်ချက်: ၂၀၂၁ ခုနှစ်တွင် Ongwen ကို ၂၅ နှစ် အကျဉ်းချမှတ်ခဲ့သည်။
ဖက်ဆစ်နာဇီတွေဟာ လက်နက်မချခင် သူတို့ စစ်ရှုံးမှန်း တလလောက် ကြိုသိနေခဲ့ကြပြီး သူတို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားကြပေမဲ့ နောက်ဆုံးတော့ ပေါ်တာပါပဲ။
သေချာတာကတော့ ဗိုလ်မင်းအောင်နဲ့ အပေါင်းပါတွေအတွက် နိုင်ငံတကာမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC ( International Criminal Court )၊ ပြည်တွင်းမှာတော့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ( transitional Justice ) ဆိုတာတွေက စောင့်နေတယ် ဆိုတာပါပဲ။
လေယာဥ်ပျံနဲ့ ကလေးတွေကို ဗုံးချ သတ်နေတဲ့ ဖက်ဆစ်တွေလည်း စစ်ရာဇဝတ်မှုဆိုတာ ဘယ်တော့မှ ဖျောက်လို့မရသလို သားသမီး မြေး မြစ်အထိ ဒီစစ်ရာဇဝတ်မှုအကျိုးကို ခံရမယ်ဆိုတာတော့ အသေအချာ ပြောလိုက်ပါရစေဗျာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar