Breaking News

ကိုသန်းလွင် - အင်တာရိုစက်ရှင်း

ကိုသန်းလွင် - အင်တာရိုစက်ရှင်း

(မိုးမခ) စက်တင်ဘာ ၂၅ ၊ ၂၀၂၄


(၁)

ကောလိပ်ဂျင်နေဝင်း သရုပ်ဆောင်ထားသော ပန်းပန်လျက်ပါ ရုပ်ရှင်ကားကို ကြည့်ရစဉ်က ကျွန်တော်တို့ နှလုံးသားသည် နူးညံ့သော အတွေးအဖြင့် သိင်္ဂါရသက ဆွဲဆောင်သွားခြင်းကို ခံခဲ့ကြရပါသည်။ ဝရမ်းပြေး ဖိုးသိန်း ဇာတ်ကားကို ကြည့်ရသောအခါ တချိန်က မတရားမှုများကြောင့် တောက်အကြိမ်ကြိမ် ခေါက်ရပြီး ရင်ထဲမှာ တလှပ်လှပ်ဖြစ်ခဲ့ရပါသည်။ Mission Impossible ကိုကြည့်ရသောအခါ ပင့်သက်ရှူရှိုက်ရပြီး အင်ဒရယ်လင်း (adrenaline) တိုးနေမှုကြောင့် ရင်တွေတဒိန်းဒိန်း ခုန်ခဲ့ရဖူးသည်။ ကျွန်တော်တို့၏ ကိုယ်ခန္ဓာအတွင်းပိုင်းနှင့် အငြင်းပိုင်း အတွေ့အကြုံ များသည် ကျွန်တော်တို့၏ ဘဝများကို ဖြစ်ကြပါသည်။

မိမိကိုယ်ခန္ဓာအတွင်းက အဖြစ်အပျက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်းကို (Interoception) အင်တာရိုစက်ရှင်းဟု ခေါ်ပါသည်။ ၄င်းသည် exteroception နှင့် မတူပါ။ ၄င်းသည် ကိုယ်ခန္ဓာ၏ပြင်ပမှာ ဖြစ်ရပါသည်။ ကျွန်တော်တို့၏ အသက်ရှင်နေနိုင်မှုနှင့် ကောင်းမွန်အေးချမ်းစွာ နေနိုင်ရေးအတွက် ထိုအချက်နှစ်ခုသည် အရေးကြီးလှပါသည်။ အင်တာရိုစက်ရှင်းက မိမိကိုယ်ခန္ဓာအတွင်းအင်္ဂါများ၏ လိုအပ်ချက်များ၊ ပြောင်းလဲမှုမှန်သမျှကို စောင့်ကြည့်လေ့ (monitor) ရှိပါသည်။ ထိုအင်္ဂါများကို ဆက်လက်၍ အေးအေးချမ်းချမ်း နေနိုင်အောင် ဆောင်ရွက်ပေးပြီး ပြောင်းလဲရန် လိုအပ်ပါကလည်း ပြောင်းလဲမှုများကို လုပ်ဆောင်ပေးပါသည်။

ထိုစနစ်ကို ဖျက်ဆီးနှောင့်ယှက်မှုများကို တွေ့ကြုံရပါက ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဝင်လာပြီး ကျွန်တော်တို့၏ အသက်ရှင်နေရသော ဘဝကို အနှောင့်အယှက်ပေးပါတော့သည်။ ဤစနစ်တွင် ကိုယ်ခန္ဓာနှင့် ဦးနှောက်ကို ဆက်သွယ်ပေးသောအရာမှာ ဗားဂတ်နာဗ်ကြော (vagus Nerve) ဟုခေါ်ပြီး ၄င်းသည် ဤဆက်သွယ်မှုအတွက် အရေးကြီးသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပါသည်။ ဗားဂတ်နာဗ်အလုပ် လုပ်ရာ၌ ဦးနှောက်နှင့် ကိုယ်ခန္ဓာကို ခြားထားသော Blood Brain Barrier ကို ကျော်ဖြတ်စရာမလိုဘဲ နျူရုန်းများက ကျရာအသီးသီးကို တာဝန်ယူလုပ်ဆောင်ကြသည်။ ကိုယ်ခန္ဓာမှ အဓိကတင်ပို့ရသော အတွင်းအင်္ဂါများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အင်္ဂါများ၊ သွေးလှည့်ပတ်ခြင်းဆိုင်ရာ အင်္ဂါများ၊ အစာအိမ်လမ်းကြောင်း၊  ကိုယ်ခံအားစနစ်ဆီတို့သို့ ဖြစ်ပါသည်။ အခြားအာရုံခံအင်္ဂါများနှင့် နျူရုန်းများသည်လည်း ဤနာဗ့်စနစ်နှင့် ရောထွေးပါဝင်လျက်ရှိပါသည်။

VSN- Vagal Sensory Neurons များသည် ဦးနှောက်အတွင်းမှာ ရှိနေပြီး ကိုယ်ခန္ဓာမှ လာသမျှအချက်အလက်များကို လက်ခံ၍ လိုအပ်သလို စီစဉ်သည်။ ကိုယ်ခန္ဓာမှလာသော အချက်အလက်များသည် များပြားလှပေရာ ၄င်းတို့အားလုံး၏ အလုပ်လုပ်ပုံကို နားလည်နိုင်ရန် မလွယ်ကူပါ။ ၄င်းတို့မှ လိုအပ်ချက်တစ်ခုစီကို ဦးနှောက်က စိစစ်ပြီး ညွှန်ကြားချက် ထုတ်ပေးပါသည်။

(၂)

အင်ထရိုစက်ရှင်း ဆိုသည်မှာ အကြမ်းအားဖြင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများမှာ Signal များကို သိစေနိုင်ခြင်း၊ အဓိပ္ပာယ်ဖော်ခြင်း ကိုဆိုလိုပါသည်။ ၄င်း၏ အဓိပ္ပာယ်မှာ အချိန်နှင့်အမျှပြောင်းလဲခဲ့ရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော်က ၄င်းသည် ကိုယ်တွင်းအင်္ဂါတခု၏ အခြေအနေကို ဖော်ပြရန်သာ အသုံးဝင်ခဲ့သည်။ ၂၀ ရာစု အလယ်သို့ ရောက်သောအခါ ကိုယ်တွင်းအင်္ဂါများ၏ အခြေအနေ တည်တည်ငြိမ်ငြိမ်ရှိစေရေးအတွက် ဒိုင်းနမစ်ဖြစ်နေသော အခြေအနေကို ဖော်ပြခြင်းသာ ဖြစ်သည်။ များမကြာမီကာလအတွင်းမှာသာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများသည် မိမိတို့အခြေအနေကို အမြဲသိရှိနေပြီး နာဗ့်ကြောနှင့်ချိတ်ဆက်၍ ၄င်းမှတဆင့် ဦးနှောက်နှင့် အမြဲဆက်သွယ်နေသည်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတခုစီက မိမိအခြေအနေကို လိုအပ်သလို ပြင်ပသို့ အချက်အလက်( Signal) ကို ပို့ဆောင်နေခြင်းကို ခေါ်သည်။

ဤအခြေခံနက်ဝပ်ကြီးကို လူတို့၏ ရုပ်ပိုင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်နေကြပါသည်။ အသက်ရှူခြင်း၊ ဆာလောင်ခြင်း၊ အစာကျွေးခြင်း၊ အညစ်အကြေးစွန့်ခြင်း၊ အစာချက်ခြင်း စသည်တို့ ဖြစ်ပါသည်။ ထို့ပြင် တခြားအာရုံခံအင်္ဂါများ အလိုအလျောက်လုပ်ရသောအလုပ်၊ ဆန္ဒပြည့်ဝခြင်း။ နှလုံးသားဆိုင်ရာခံစားချက် အထိအတွေ့ မှတ်ဉာဏ်၊ လူမှုဆက်ဆံရေး စသည်တို့ ပါဝင်ကြသည်။

ကိုယ်ခန္ဓာအတွင်းမှ ထုတ်လုပ်လိုက်သော အချက်အလက်များမှာ ယေဘုယျအားဖြင့် သုံးမျိုးရှိသည်။ ပထမအမျိုးအစားမှာ ဘိုင်အိုကယ်မီကယ် ခေါ် အင်အော်ဂဲနစ် ဖြစ်သည့် အက်ဆစ်များ၊ အိုင်းယင်းများ၊ မော်လီကျူးများနှင့် သေးငယ်သောကွန်ပေါင်းများပါဝင်သည်။ ဒုတိယအမျိုးအစားမှာ မက္ကနီကယ် အားများ၊ ကိုယ်အင်္ဂါ ပုံစံပြောင်းသွားခြင်း၊ ဆွဲဆန့်ခြင်းများ ပါဝင်ပါသည်။ တတိယအမျိုးအစားမှာ electromagnetic Signal များဖြစ် ပြီး ၄င်းတို့သည် ကြိမ်နှုန်းအမျိုးမျိုးဖြင့် များစွာရှိနိုင်သည်။

အဆုပ်အတွင်း တစ်သျှူးများ ဆန့်သွားခြင်းမှာ လေရှူသွင်းခြင်းကို ကိုယ်စားပြုပါသည်။ အစာအိမ်အတွင်းမှ ကြွက်သားများဆန့်သွားခြင်းမှာ အစာအိမ်ကျယ်လာခြင်း၊ အစာချေခြင်းကိုကိုယ်စားပြုပါသည်။ ထို့အတူ အခြားအင်္ဂါများ၌ အရွယ်အစား၊ ရုပ်ပုံသဏ္ဌာန် ပြောင်းလဲခြင်းမှာ ကိုယ်စီကိုယ်စီ အဓိပ္ပာယ်အသီးသီးရှိကြပါသည်။ ထိုအပြောင်းအလဲများကို VSN များက လက်ခံယူ၍ ၄င်းတို့ကို နားလည်စေပါသည်။

အင်တာရိုစပက်ရှင်း စနစ်ကို အကြမ်းအားဖြင့် လေးပိုင်း ခွဲခြားနိုင်ပါသည်။ (i) မူလအခြေခံဆဲလ်များက ကိုယ်ခန္ဓာ၏ အပြောင်းအလဲရှိခြင်းကို သိနိုင်ခြင်း၊ (ii) ရရှိသော အချက်အလက်များကို ဦးနှောက်သို့ ပို့ပေးခြင်း (iii) ဦးနှောက်တွင် ထိုအချက်အလက်များကို စုစည်းသိမ်းဆည်းခြင်း အဓိပ္ပာယ်ဖော်ဆောင်ခြင်းနှင့် (iv) ဦးနှောက်က လိုအပ်သလို ပြုပြင်ပြောင်းလဲမှုကို ညွှန်ကြားပေးခြင်းတို့ ဖြစ်ပါသည်။

Glomus ဆဲလ်များသည် သွေးတွင် ပါဝင်သော အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်နှုန်းကို သိနိုင်စွမ်းရှိပါသည်။ ထို့ပြင် မလိုအပ်သော အနံ့အသက်များ ပါဝင်လာလျှင်လည်း သိနိုင်သည်။ သွေးတွင် ပါဝင်သော ဟိုမုန်းတို့၏ အရည်အသွေးကိုလည်း သိနိုင်ပါသည်။ ၄င်းမှတဆင့် လိုအပ်လျင် ATP ခေါ်သော နာဗ်ကြောများတွင်ဖြစ်ပေါ်သည့် အရည်တမျိုးကို ထုတ်လုပ်ပေးနိုင်စွမ်းရှိပါသည်။ Laryngeal ဆဲလ်သည် လေတွင်ပါဝင်သော အမှုန်များနှင့် ဓာတုပစ္စည်းများကို စိစစ်နိုင်သည်။ ၄င်းသည်လည်း ATP အရည်များကို စိမ့်ထုတ်ပေးနိုင်စွမ်းရှိသည်။ အဆုတ်ထဲတွင် PNEC ဆဲလ်များရှိပြီး ၄င်းသည် အဆုတ်အတွင်း နာဗ်ကြောများအတွက် လိုအပ်သောအရည်များကို ထုတ်ပေးပါသည်။

Aortic arch မှာ သွေးလွှတ်ကြောအတွင်း သွေးပေါင်ချိန်ကို စောင့်ကြည့်နေသော ဆဲလ်များဖြစ်သည်။ သွေးဖိအားက သွေးကြောနံရံများကို ဖိနေပြီး ၄င်း၏ အနည်းအများကို ကြည့်၍လိုအပ်သလို ပြုပြင်ပေးပါသည်။ အစာအိမ်တွင်ရှိသော Sensory Nerve များက စုပ်ယူသောအစာများတွင် အာဟာရတန်ဖိုးကို ကြည့်ရှုဆုံးဖြတ် နေသည်။ Enteroendocrine ဆဲလ်များက ထိုအစာတွင်ပါဝင်သည့် အာဟာရတန်ဖိုး လိုက်၍ တစ်သျှူးများ ဖြစ်ပေါ်ရေးကို ဆောင်ရွက်သည်။ တစ်သျှူးများ၏ ပြင်ပအလွှာနှင့် ခုခံအားဆဲလ်များသည် ပြင်ပပစ္စည်းများကို သိနိုင်ပြီး ၄င်းသည် တွေ့ရှိသမျှသော ဗက်တီးရီးယားပိုးနှင့် မလိုလားအပ်သောပစ္စည်းများကို တိုက်ခိုက်သည်။ ၄င်းသည် အူတွင်း၌ရှိပြီး အူ၏အတွင်းပိုင်းကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။

ဤစနစ်ကို နှောင့်ယှက်ခံရခြင်းသည် တဖြည်းဖြည်းနှင့် နျူရိုဆိုင်ရာကိစ္စများ၊ စိတ်ပိုင်းဆိုင်ရာကိစ္စများ၊ အခြားအပြုအမူဆိုင်ရာကိစ္စရပ်များတွင် အရေးကြီးသောအစိတ်အပိုင်းမှ ပါဝင်လာသည်ကိုတွေ့ကြရပါသည်။ နျူ ရယ်နက်ဝပ်နှင့် ဆက်သွယ်မှုတွင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု လုပ်ငန်းပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် ခေါင်းတခြမ်းကိုက်သည့်ရောဂါ (migraine) ဝေဒနာရှင်များကို တွေ့လာရပါသည်။ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွင် အကြောင်းမဲ့ နာကျင်မှုများကိုလည်း တွေ့လာရပါသည်။ အရက်နှင့် ဆေးသုံးစွဲမှုကြောင့် စိုးရိမ်သောကရောက်ရခြင်း၊ စိတ်ဖိအားပြင်းပြခြင်း၊ စထရုတ် စသည့်ရောဂါများ ဖြစ်နိုင်ပါသည်။

ဦးနှောက်ထဲတွင် အင်ဆူလာ (Insula) ခေါ် အစိတ်အပိုင်းရှိရာ ၄င်းနှင့် ဤနက်ဝပ်တို့ အဆက်အသွယ် ပြတ်တောက်ခြင်း၊ အချိန်အဆ လွဲမှားခြင်းတို့ကြောင့် အစာမကြေခြင်း၊ (Irritable bowel syndrome) ဖြစ်နိုင်ပါသည်။ အဝလွန်ရောဂါဖြစ်ခြင်းမှာလည်း အင်ဆူလာနှင့် ဤနက်ဝပ် တို့ အဆက်အသွယ်ပြတ် တောက်သောကြောင့် ဖြစ်ရပါသည်။

ထို့ပြင် စိတ်ရောဂါဖြစ်သည့် စကီဇိုဖရီးနီးယား (Schizophrenia)  ရောဂါ၊ စိတ်မစူးစိုက်နိုင်သည့် ရောဂါ၊ Depression အစရှိသည့် ရောဂါများမှာလည်း အင်တာရိုစပက်ရှင်း နက်ဝပ်၏အခြားဦးနှောက်နှင့် ကိုယ်တွင်းအင်္ဂါများ ကောင်းမွန်စွာ မချိတ်ဆက်နိုင်သည့် အခြေအနေကြောင့် ဖြစ်ရပါသည်။

(၃)

အန္တရာယ် တစုံတရာရှိသဖြင့် မျက်စိအလိုလိုပိတ်သွားရခြင်းတွင် ဦးနှောက်က ပါဝင်ပါတိသက်ခြင်း ရှိ၊ မရှိ မသိရသေးပါ၊ ထိုနည်းတူ ဖြေရှင်းစရာ ကိစ္စများစွာ ကျန်ပါသေးသည်၊ ပညာရှင်များအနေဖြင့် လူတို့ သိသမျှကို နေ့စဉ်နှင့်အမျှ ရှာဖွေနေကြပါသည်။

ကိုသန်းလွင်

Ref: The emerging science of Interoception Dr Wen Chan, Trends in neurosciences, January 2021.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar