ကိုအောင်မှိုင်း - ပစ်တိုင်းထောင်
ကိုအောင်မှိုင်း - ပစ်တိုင်းထောင်
(မိုးမခ) အောက်တိုဘာ ၃ ၊ ၂၀၂၄
တရားစွဲမရရင်
ဓားဆွဲရတာ
ဘဝရဲ့ ပြဋ္ဌာန်းချက်ဘဲ။
စစ်ရေး ဆိုတာ
နိုင်ငံရေးရဲ့အဆက်
ဘဝ ဆိုးလာရင် စစ်ထိုးရမှာဘဲ။
သင်းသတ်ခံရတဲ့
နိုင်ငံရေးတေးသွား
ညည်းတွားနေလို့ ပြန်ရှင်မလာဘူး။
စစ်ကြီးဟာ
မြစ်ကြီးတစင်းလို
တသွင်သွင်စီးဆင်းနေပြီ။
အမေရေ
မနက်ဖြန် ဆိုတာတွေဟာ
မြစ်ပြင်ကြောမှာ ပေါလောမျောနေတယ် ။
အမေရေ
ခေါင်းပေါ်က ဖြတ်နေတဲ့
ကျည်ဆန်တွေဟာ ကဗျာတွေ ရေးနေတယ်။
အမေရေ
နေထွက်လာရင် ပျော်ရတယ်
နေဝင်သွားလည်း ပျော်ကြတယ်
အမေနဲ့ ရွာကိုတော့ လွမ်းပါတယ်။
အသံကြားတယ်
ဗုံးခိုကျင်းထဲ ဝင်ကြ
နားခါးလိုက်တာ အမေရယ်။
အဖေတို့ခေတ်က
လေယာဥ်ပျံကို ခဲနဲ့ ပေါက်တယ်
သားတို့ခေတ်မှာ
လေယာဥ်ပျံကို ဖိနပ်နဲ့ ပေါက်တယ်။
ပေါက်ကွဲ သံစဥ်တွေဟာ
ရင်ကွဲနာကျတဲ့ ဒေသတွေရဲ့
အိပ်ရာဝင်ပုံပြင် စစ်စစ်တွေပါ။
ငွေရရင်
ခွေးကတက်ဆင်း
နိုင်ငံရေးဇာတ်ခင်း
စစ်သီချင်းတွေဆို
မျက်နှာအိုတွေ ပြောင်လှ
ချိန်မှတ်နေကြတဲ့ ဇာတ်ပျက်တချို့။
ခေတ်အပျက်မှာ
သူခိုးကြီးငါးရာ
အနုမောဒနာပြုဘို့
ပုံပြင်ထဲက ထွက်လာ
ကျားသားမိုးကြိုး သူခိုး။
ဇာတ်ထဲက
တိမ်ကြားမင်းခေါင်
တိမ်ကြားလို အယောင်ဆောင်
ကန့်လန့်ကာ အမှောင်ကြားက
လူပေါ်လူဇော် လူလည်လုပ်
မဟုတ်တရုတ် ဇာတ်ရှုပ်။
နွေဦးတေး
ရေးရင်းနှုတ်ဆက်
ထွက်ခွာရက်သူ
အို ပြည်သူတွေ
အမိမြေက နှုတ်ဆက်
ကျဆုံးသူတို့တွက်
သူရဲကောင်းတေး
ဆက်ရေးနိုင်မှ
နွေဦးသစ္စာ စောင့်သိရာရောက်မယ်။
နွေဦးတေး
ဘယ်သူရေးရေး
ဘယ်သူငေးငေး
ဆုံးဖြတ်ပေးမှာ ပြည်သူဘဲ။
မင်းရော ငါရော
ပစ်လိုက်တိုင်း ထောင်နေမှ
ပစ်တိုင်းထောင် ဖြစ်မယ်။
ငါတို့လား...
ငါတို့ကတော့
ပစ်တိုင်းထောင်တွေဘဲ။