နွေဦးကြယ် - မဲဆောက်မှာ မိုးတွေရွာရင်
နွေဦးကြယ် - မဲဆောက်မှာ မိုးတွေရွာရင်
(မိုးမခ) အောက်တိုဘာ ၄ ၊ ၂၀၂၄
ရေခဲတောင်တွေ
ပင်လယ်ထဲ မျောပါစီးဆင်းနေသလို
တိမ်ညိုတိမ်မည်းတွေ
မုတ်သုံ လေထဲ မျောပါစီးဆင်းနေတာ မြင်ရရင်
မကြာခင် မိုးတွေ ရွာသွန်းတော့မယ် ဆိုတာကို
မဲဆောက်က သိပါတယ်။
မဲဆောက်ကို သားသည်မိခင်တစ်ဦးလို ဝန်းရံထားတဲ့
ဟိုမဝေးမနီးက တောင်တန်းပြာပြာကြီးတွေမှာ
မှိုင်းပြာမြူငွေ့တွေ ထွေးပွေ့အုံ့ဆိုင်းလို့
မြင်ရသူရင်ထဲမှာ လှိုင်းထ
မျက်ရည်တပေါက်ပေါက်ကျခါနီးရင်
မကြာခင် မိုးတွေ ရွာသွန်းတော့မယ်ဆိုတာ
မဲဆောက်က သိပါတယ်။
ဟိုးအဝေးမှာ မြင်နေရတဲ့
ဒေါနတောင်တန်းကြီးတွေအပေါ်
ပျော်တတ်တဲ့ ငှက်ကလေးတွေ
လေအဟုန်ကို ခိုစီး
အရေးတကြီး ပျံသန်း
သူတို့ရဲ့လမ်းမှာ
မှိုင်းပြာမှုန်ဝေ
သောကတွေနဲ့ လှုပ်ရှား
ရပ်နားစခန်းကို ရှာဖွေနေကြပြီဆိုရင်
မကြာခင် မိုးတွေ ရွာသွန်းတော့မယ် ဆိုတာ
မဲဆောက်က သိပါတယ်။
သောင်ရင်းမြစ်ထဲက ရေတွေ
နာဠာဂီရိဆင် အရက်မူးသလို
ကမ်းနှစ်ဘက်ကို ရိုက်ခတ်
ကမ်းစပ်က ရေလှိုင်းကလေးတွေ ခုန်ပေါက်
ခိုးကူးလှေကလေးတွေ မြောက် မြောက်တက်သွားရင်
မကြာခင် မိုးတွေ ရွာသွန်းတော့မယ်ဆိုတာ
မဲဆောက်က သိပါတယ်။
မြန်မာပြည်နှာခေါင်းပေါက်နဲ့
ထိုင်းနှာခေါင်းပေါက်တွေကို
ဂျက်ပင်လို လှမ်းထိုးထားတဲ့
မြဝတီတံတားအပေါ်မှာ
အအေးဓာတ်ပါတဲ့လေနုအေးကလေးတွေ
တိုးဝှေ့ပြေးလွှားလာပြီဆိုရင်
မကြာခင် မိုးတွေ ရွာသွန်းတော့မယ်ဆိုတာ
မဲဆောက်က သိပါတယ်။
မဲဆောက်မှာ မိုးတွေရွာရင်
ရင်ခွင်မဲ့ကလေးလေးတွေ
နွေးထွေးတဲ့ နှလုံးသားတွေကိုမှန်း
နှုတ်ခမ်းမှာ အပြုံးတွေ ခန်းလို့
မျက်လုံးမှာတော့ မျက်ရည်သစ်သီးတွေပြွမ်းပြီး
အချစ်ကြီး ချစ်ရတဲ့ မိဘတွေကို တမ်းတငေး
နွမ်းလျလို့ဆွေးမြည့်ရှာရော့မယ်။
မဲဆောက်မှာ မိုးတွေရွာရင်
ဖုတ်ဖရ..၄၈ ကီလိုမီတာ
ကြယ်တခွပ်နဲ့ မယ်ကု အပါအဝင်
လယ်ယာမြေတခွင်က
ခေါင်းပုံဖြတ်တာခံရတဲ့ စိုက်ပျိုးရေးသမားတွေ
နွားက မိုးရွာရင် ကိုယ့်လယ်ပြင်ကိုယ် သတိရသလို
ဟိုအဝေးမှာ မှုန်ပျပျမြင်နေရ
မြန်မာပြည်က တောင်တန်းပြာကြီးတွေ အနောက်က
ညှိုးခြောက်နေတဲ့ လယ်ကွက်တွေနဲ့
မီးလောင်ပြင်ဖြစ်နေတဲ့ ရွာပျက်ကလေးတွေကိုမှန်း
လွမ်းဆွတ်လို့ နေရော့မယ်။
မဲဆောက်မှာ မိုးတွေရွာရင်
သစ်ကိုင်းသစ်ခက်တွေမှာ ချိတ်ဆွဲထားတဲ့
ခိုအိမ်ကလေးများလို ကျဥ်းကျပ်
ပူးကပ်အိပ်စက်ရတဲ့ စက်ချုပ်သမကလေးတွေ
ဒီနိုင်ငံ ဒီမြေရောက်ဖို့အရေး
ချေးခဲ့ရတဲ့ အရင်းအနှီး
အတိုးက ဘိုးဘိုးအောင်ရဲ့ ဝလုံးများလို
ပွားပွားလာတာကို တွေးပူလို့
မိဘတွေ ရင်မအေးတာကို စဥ်းစားမိတော့
မျက်တောင်ကော့ကလေးတွေ စိုစွတ်
ဦးညွှတ်ကန်တော့ တောင်းပန်နေရော့မယ်။
မဲဆောက်မှာ မိုးတွေရွာရင်
အိမ်မပြင် အိမ်မမိုးနိုင်လို့
တိမ်စိုင်တိမ်မည်းကြီးတွေကို ခိုးကြည့်
ရှိသမျှ အိုးခွက်ပန်းကန်တွေကို
မိုးယိုတဲ့ အပေါက်တွေအောက်မှာ ခံပြီး
သမီး ပို့မယ့် ပိုက်ဆံကလေး
သား ပို့မယ့် ပိုက်ဆံကလေး
တငေးငေး မျှော်ကြ
မိဘတွေကို သတိရ
သက်ပြင်းချနေကြရော့မယ်။
မဲဆောက်မှာ မိုးတွေရွာရင်
ကိုယ့်မြေက စာသင်ခန်းတွေကို
နောက်ပြန်လှည့်မကြည့်စတမ်း
ခြေလှမ်း ခိုင်ခိုင်မာမာတွေနဲ့
အမှန်တရားအတွက် စွန့်ခွာလာတဲ့
CDM ဆရာတွေ ဆရာမတွေ
သူများမြေ စာသင်ခန်းထဲက
ထွက်ကျလာတဲ့ စာအံသံကလေးတွေကို
ခရေပွင့်အကြွေလေးတွေ ကောက်သလို
ကောက်ယူ နမ်းရှိုက်လို့ အံတင်း
ပြည်တွင်းက တပည့်ရင်းကလေးတွေကို သတိရ
မျက်ရည်စို့ကြရော့မယ်။
မဲဆောက်မှာ မိုးတွေရွာရင်
ဝင်ငွေက နှမ်းစေ့ပေမယ့်
ရောဂါတွေက ဆင့်ပါးစပ် ဖြစ်လာတဲ့အခါ
ဆေးရုံ ဆေးခန်း သွားရင် ငါးထောင် တစ်သောင်း
ပုဂ္ဂလိကဆေးရုံတွေကို ချောင်းတောင်မကြည့်ရဲလို့
ပြည်သူ့ဆေးရုံ ဆိုတာတွေ အထဲသွားပြရတဲ့အခါ
မြင်မြင်ရာ လူတိုင်းကို ကြောက်နေရရှာတဲ့
အခြေခံလူတန်းစားတွေကို မြင်ယောင်တော့
အားလျော့သလို ဖြစ်ပြီး ငေးငိုင်သွား
ငါတို့ CDM လုပ်တာ မှားသွားပြီလားလို့
စဥ်းစားမိလိုက်ကြပေမယ့်
ဓမ္မနဲ့ အဓမ္မ လွန်ဆွဲပွဲမှာ
ဓမ္မဘက်က ဝင်ဆွဲတာဟာ
မှန်ရာကို လုပ်ရဲသူတွေရဲ့ သတ္တိမို့
လိပ်ပြာလုံပါတယ်ဆိုတဲ့ ဆရာဝန်နဲ့ သူနာပြုတွေ
ကိုယ့်မြေကို မှန်းလွမ်းရော့မယ်။
မဲဆောက်မှာ မိုးတွေရွာရင်
ပြည်သူတွေရဲ့ အသည်းကြားက
မဲတစ်ပြားနဲ့ ရွေးကောက်
တင်မြှောက်ခံခဲ့ကြရတဲ့ ကိုယ်စားလှယ်တွေ
မတရားဖမ်းဆီးခံရ
မတရားအနှိပ်စက်ခံရ
မတရားသတ်ဖြတ်ခံရမယ့်ဘေးက
အခိုက်အတန့်လွတ်အောင် ပြေးခဲ့ကြရပေမယ့်
ပြည်သူတွေရဲ့ ဒုက္ခ သူတို့ရဲ့ဒုက္ခ
ပြည်သူတွေရဲ့ဘဝ သူတို့ဘဝမို့
ဘဝထဲက ဒုက္ခတွေ ဖြေရှင်းဖို့
လွှတ်တော်ထဲမှ ာအခြေအတင်
ငြင်းခဲ့ကြရတာတွေကို သတိရလို့
ချစ်ရတဲ့မြေ လွတ်မြောက်အောင် ကြိုးစား
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားဖို့ ပြင်ဆင်
" ဇွန်းမီတင် " တွေနဲ့ ညှိနှိုင်းကြ တိုင်ပင်ကြရင်း
ကောင်းကင်တွင်းက တိမ်စိုင်တိမ်မည်းတွေကိုကြည့်
ရင်ထဲမချိ ဖြစ်နေကြရော့မယ်။
မဲဆောက်မှာ မိုးတွေရွာရင်
စစ်မြေပြင်က ထွက်ပြေးကြ
စစ်ဘေးရှောင်ရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ
ရေတွေကြီးလို့ ရေဘေးရှောင်ရတဲ့ ပြည်သူတွေ
နေစရာ ရှား စားစရာရှား
ကလေးတွေကလည်း ဆာလို့ အော်ဟစ်
ရောဂါတွေဖြစ်တော့ ကုသစရာ ဆေးဝါးမပြည့်စုံ
တွေးကြည့်ရုံနဲ့ စိတ်ထိခိုက်ကြတော့
လူ့စရိုက် လူ့ယဥ်ကျေးမှုနဲ့ ကိုယ်ချင်းစာ
ကရုဏာက ချောင်းရေတွေလို စီးတော့
မညည်းမညူ
ကူကြဖို့ ကယ်မဖို့ အရေး
ပရဟိတအဖွဲ့ကလေးတွေက ရှာဖွေ
တတ်နိုင်သလောက် ထောက်ပို့ပေးကမ်းကြပေမယ့်
လွမ်းတဲ့စိတ်နဲ့ ကိုယ့်မြေကို သတိရ
ပြန်ချင်ကြရော့မယ်။
သြော်
မဲဆောက်မှာ မိုးတွေရွာရင်
မဲဆောက်မှာ မိုးတွေရွာရင်
မဲဆောက်မှာ မိုးတွေရွာရင်ပေါ့ကွယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar