Breaking News

ICC ဖမ်းဝရမ်း လျှောက်ထားခံရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၇ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨


ICC ဖမ်းဝရမ်း လျှောက်ထားခံရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

ဒီနေ့အဖို့ အပြောများဆုံး မြန်မာသတင်း အကြောင်းအရာက နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court) က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ်  ဖမ်းဝရမ်းထုတ်ဖို့ ICC အဖွဲ့ရဲ့ အမှုလိုက်ရှေ့နေချုပ် ဖြစ်သူက ICC တရားရုံးထံ လျှောက်ထားလိုက်တယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်  အခုလို အမှုစွဲဆိုဖို့ လျှောက်ထားရသလဲလို့မေးရင် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုလို့ ဆိုတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုမှာ အမိန့်ပေးသူ၊ တာဝန်အရှိဆုံးသူ အနေနဲ့ တရားစွဲဆိုဖို့ရာ ဖမ်းဝရမ်းထုတ်ဖို့ အမှုလိုက်ရှေ့နေ (မြန်မာအရပ်အခေါ် ဆွဲချ ရှေ့နေ၊ ရုံးအခေါ် ဥပဒေအကျိုးဆောင်) ရာထူးရှိသူက တရားရုံးကို လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။ 

ဒီလို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားလိုက်ခြင်းက ဘာတွေ ဆက်ဖြစ်နိုင်သလဲ၊ ၄င်းတရားရုံးရဲ့ သြဇာ၊ အာဏာက ဘာတွေလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ICC နဲ့ ပတ်သက်တဲ့ သတင်းတွေကလည်း မကြာသေးခင် သီတင်းပတ်တွေမှာ ကမ္ဘာ့သတင်းတွေထဲ ပါရှိနေတာဖြစ်လို့ ခက်ခက်ခဲခဲ ရှာဖွေဖို့ မလိုလောက်အောင် လတ်တလော သတင်းတွေထဲ ပါရှိပြီးဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းတွေက အစ္စရေးလ် ဝန်ကြီးချုပ် နေတန်ယာဟု၊ မကြာသေးခင်က အနားပေးခံရတဲ့ အစ္စရေးလ်ကာကွယ်ရေး ဝန်ကြီးဖြစ်သူနဲ့ အစ္စရေးလ်နဲ့ ရန်ဘက် အဖွဲ့အစည်း ဖြစ်ပြီး အချို့သောနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ဟားမာ့စ် ခေါင်းဆောင် တဦး စုစုပေါင်း ၃ ဦးကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တဲ့ အဖြစ်က အနောက်သတင်းမီဒီယာတွေမှာ ဝေဖန်စရာ၊ အငြင်းပွားစရာအဖြစ် ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ 

မြန်မာနဲ့ ပတ်သက်တဲ့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ လူနည်းစုတွေ အပေါ် သတ်ဖြတ်ကျူးလွန်ခဲ့တဲ့ အမှုအတွက် ဖမ်းဝရန်းထုတ်ဖို့ရာ ၇ နှစ်နီးပါး ကြာမြင့်ခဲ့တယ်လို့ ယူဆကြပြီး အစ္စရေးလ်-ပါလစ္စတိုင်း စစ်ပွဲကိစ္စဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ ပြီးခဲ့တဲ့ တနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဖမ်းဝရမ်း ထုတ်ပြန်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူနည်းစုတွေ အပေါ်ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အခုလို ၇ နှစ်နီးပါး ကြာမြင့်ချိန်မှ ဝရမ်းထုတ်ဖို့ လျှောက်ထားရတာလဲ ဆိုတဲ့ နောက်ခံအခြေအနေတော့ တိတိကျကျ မသိရှိရပါဘူး။ 

အခု ICC တရားရုံးဖွဲ့စည်းဖို့ရာ ၁၉၉၈ ခုနှစ်မှာ အီတလီနိုင်ငံ Rome မြို့မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြလို့   Rome Statute လို့လည်း ခေါ်ဆိုကြတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပျက်တဲ့ တဦးချင်း တာဝန်ခံရမယ့် လူပုဂ္ဂိုလ်တွေအပေါ် တရားစွဲဆို အပြစ်ပေးဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ အဖွဲ့အစည်း ဖြစ်ပြီး အလားတူ နိုင်ငံတကာ တရားရုံးတခုဖြစ်တဲ့ International Court of Justice ကတော့ လူပုဂ္ဂိုလ် တဦးချင်း အပေါ်မဟုတ်ဘဲ နိုင်ငံအစိုးရတွေကို တရားစွဲဆိုတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ICC က ကုလသမဂ္ဂနဲ့ ဆက်စပ်သက်ဆိုင်ခြင်း မရှိဘဲ၊ ICJ ကတော့ ကုလသမဂ္ဂနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတွေ ထောင်နဲ့ချီ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်လို့ ICJ မှာလည်း ၂၀၁၉ ခုနှစ်ကတည်းက ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်နဲ့ မြန်မာနိုင်ငံအပေါ် အမှုဖွင့် စွဲဆိုခဲ့ပြီး ဖြစ်ပါတယ်။ 

အခု ICC ကတော့ ၄င်းစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ ၁၂၄ နိုင်ငံနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စတွေကိုသာ စွဲဆိုစီရင်ပိုင်ခွင့် ရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်တော့ မြန်မာနိုင်ငံဟာ လက်မှတ်ရေးထိုးထားတဲ့ ၁၂၄ နိုင်ငံထဲက တနိုင်ငံ မဟုတ်တာကြောင့် စီရင်ခွင့်မရှိဘူးလို့ တဖက်က ဆိုနိုင်ပေမယ့် ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းနီးပါး ထွက်ပြေးတိမ်းရှောင်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက Rome Statute ကို လက်မှတ်ရေးထိုးထားတာကြောင့် ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ စီရင်ပိုင်ခွင့် ရှိတယ်လို့ သတ်မှတ်တယ်လို့ ဆိုပါတယ်။ 

တဖက်မှာလည်း ICC က ဖမ်းဝရမ်းတွေ ထုတ်ပြန်လိုက်တဲ့အခါ ပြင်ပမှာရော တကယ် ဖမ်းဆီးနိုင်ရဲ့လား ဆိုတဲ့ မေးခွန်းလည်း ရှိပြန်ပါတယ်။ ခုနှစ်ပိုင်း ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဖြစ်တဲ့ ယူကရိန်း-ရုရှား စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ဆက်နွယ်ပြီး ရုရှားသမ္မတ ပူတင်ကိုလည်း ICC က ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့မှာ ဖမ်းဆီးပို့ဆောင်နိုင်ခြင်း မရှိသလို မကြာသေးခင်က ထုတ်ပြန်တဲ့ အစ္စရေးလ် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး၊ ဟားမာ့စ် ခေါင်းဆောင်တို့ကိုလည်း ဖမ်းဆီးနိုင်ဖို့ အလားအလာက သိပ်မရှိပါဘူး။ အဲဒီမတိုင်ခင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာလည်း အာဖရိက တိုက်က လက်နက်ကိုင်ခေါင်းဆောင် နိုင်ငံခေါင်းဆောင်အများအပြားကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပေမယ့် ပြင်ပမှာ မဖမ်းဆီးနိုင်တဲ့ အဖြစ်တွေလည်း ရှိနှင့်ပြီး ဖြစ်ပါတယ်။ 

လတ်တလော အစ္စရေးလ် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းအပေါ် ဖမ်းဝရမ်း ထုတ်ပြန်တဲ့အပေါ် ကာယကံရှင် အစ္စရေးလ်နိုင်ငံကသာမက Rome Statute ကိုလက်မှတ်ထိုးမထားတဲ့ အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ပြီး အချို့သော အမေရိကန် လွှတ်တော်အမတ်တွေက ICC တရားရုံးရဲ့ အဓိကကျတဲ့ သူတွေကိုပါ အမေရိကန်နိုင်ငံက ပိတ်ဆို့ အမည်ပျက်စာရင်းသွင်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ခြုံငုံပြောရရင်တော့ ICC တရားရုံးကို တည်ထောင်တဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ကမ္ဘာပေါ်မှာ တရားဥပဒေ စိုးမိုးမှုရှိစေဖို့ ရည်ရွယ်ချက်ကို ပြည့်မြောက်ဖို့ အတွက် အတားအဆီးကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့  အင်အားနဲ့ လိုချင်တဲ့ရလဒ်က အဓိကဆိုတဲ့ လက်တွေ့ကျင့်သုံးမှုက ရည်ရွယ်ချက်ကို မအောင်မမြင်ဖြစ်စေတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ ကိစ္စမှာ  စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေတဲ့ သတင်းအပေါ် ပြည်သူလူထုအများက ကြိုဆိုကြပေမယ့် လက်တွေ့မှာ အကောင်အထည်ပေါ်ဖို့ တထစ်ချ မျှော်လင့်လို့မရတဲ့ အနေအထားဖြစ်ပြီး ဖမ်းဆီးနိုင် မနိုင်ကတော့ ပြည်တွင်းနဲ့နိုင်ငံတကာ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေး အခင်းအကျင်းတွေပေါ်မှာ မူတည်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar