KIA သိမ်းယူလိုက်တဲ့ ကချင်အထူးဒေသ (၁) နယ်မြေ ဖျက်သိမ်းကြောင်း KIA ကြေညာ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၈ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၂၄
KIA သိမ်းယူလိုက်တဲ့ ကချင်အထူးဒေသ (၁) နယ်မြေ ဖျက်သိမ်းကြောင်း KIA ကြေညာ
မကြာသေးတဲ့ သီတင်းပတ်တွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းယူထိန်းချုပ်လိုက်တဲ့ ကချင်ပြည်နယ် အရှေ့ပိုင်းက ကချင်အထူးဒေသ (၁) ကို ဖျက်သိမ်းလိုက်ကြောင်း KIA က နိုဝင်ဘာ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ “ယခင်စစ်အာဏာရှင် အစိုးရများမှ ၄င်းတို့အာဏာ ခိုင်မြဲစေရန် အတွက် ကချင် အထူးဒေသ (၁) ဟူ၍ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့သောကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့ပါသည်” လို့ ရေးသားဖော်ပြထားပြီး ယနေ့မှစ၍ ကချင်အထူးဒေသ (၁) ဟူသော သတ်မှတ်ချက် မရှိတော့ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ကချင်အထူးဒေသ (၁) အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သော ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများ အားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIO နှင့်ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်သွားကြပါရန် ဖိတ်ခေါ်အပ်ပါသည်လို့လည်း ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
ကချင် အထူးဒေသ (၁) ပေါ်ထွက်လာတဲ့ သမိုင်းနောက်ခံ အချက်အလက်ကို ပြန်ကြည့်မယ်ဆိုရင် ဒီဒေသကို စိုးမိုးအုပ်ချုပ်လာတဲ့ NDA-K ဟာ ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ မပြိုကွဲခင် ယင်းပါတီရဲ့ တပ်ရင်း ၁၀၁ အဖြစ် ဖွဲ့စည်းပါဝင်ခဲ့ပြီး ယင်းဗကပ အဖွဲ့ထဲက ဒီဒေသမှာ တပ်မှူး အဖြစ်တာတန်ခံသူက ကချင်တိုင်းရင်းသား တပ်မှူးဖြစ်သူ ဇခုန်တိန့်ယင်း ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲပြီးနောက် ကချင်ပြည်နယ်ထဲက ဆိုရင် စစ်အစိုးရနဲ့ ပထမဆုံးသော အပစ်ရပ်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး နံပါတ်အားဖြင့်လည်း အထူးဒေသ (၁) လို့အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
ပန်ဝါမြို့ မှာ အခြေစိုက်တဲ့ ကချင်ဒီမိုကရေစီတပ်မတော်သစ် NDA-K ဟာ ချီဖွေ၊ လော့ဆော်၊ ကန်ပိုက်တည် အစရှိတဲ့ဒေသတွေကို ထိန်းချုပ်ထားတာ ဖြစ်ပြီး အခုလတ်တလော တိုက်ပွဲတွေကြောင့် NDA-K သို့မဟုတ် ကချင်ပြည်နယ်ကက နယ်ခြားစောင့်တပ်ထိန်းချုပ် နယ်မြေအားလုံးနီးပါးလောက် KIA လက်နက်ကိုင် အဖွဲ့က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲတဲ့ ၁၉၈၉ ခုနှစ်မှာပဲ ဗကပထဲက ခွဲထွက်ကာ ကချင်ဒီမိုကရေစီသစ် တပ်မတော် NDA-K အဖြစ် ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး ၂၀၀၉ ခုနှစ် ၂၀၀၈ အခြေခံဥပဒေ အရ အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးရာမှာ NDA-K လည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလတွေကနေ အခု လက်ရှိကာလ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးရတဲ့အချိန်အထိ ဆယ်စုနှစ်တွေအတွင်း ဦးဇခုန်တိန့်ယင်း ခေါင်းဆောင်တဲ့ NDA-K အသွင်ပြောင်း နယ်ခြားစောင့်တပ်ဟာ နိုင်ငံရေး အဖွဲ့အစည်းထက်ကို လက်နက်ကိုင်ထားတဲ့ ပြည်သူ့စစ်အဖွဲ့တဖွဲ့သဖွယ် ရပ်တည်ခဲ့ပြီး စီးပွားရေး အခွင့်အလမ်းတွေ၊ ၄င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေက ထွက်ရှိတဲ့ သယံဇာတတွေကို ထုတ်ယူရောင်းချတာတွေသာ လုပ်ဆောင်နေခဲ့တာလို့ ဆိုရင် မလွန်ပါဘူး။ ၄င်းတို့ ထိန်းချုပ်တဲ့နယ်မြေဒေသတွေမှာ ထွက်ရှိတဲ့ မြေရှား rare earth လို ဈေးကောင်းရပြီး ဝယ်လိုအားများတဲ့ သယံဇာတ ထုတ်ယူရောင်းချတာတွေ အပြင် ကချင်ပြည်နယ် ပြင်ပ မြန်မာနိုင်ငံ အခြားသောဒေသတွေက သယံဇာတ တွင်းထွက်သတ္တု တူးဖော်တင်ပို့တဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ပိုင်ခွင့်ရရှိနေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ ဦးဇခုန်တိန့်ယင်း ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့အနေနဲ့ အချို့သော နယ်ခြားစောင့်တပ်တွေနဲ့ မတူဘဲ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို ဆက်လက် သစ္စာရှိ ရပ်တည်ခဲ့ပြီး KIA ဆန့်ကျင်ဘက် ရပ်တည်ခဲ့ကာ ယခုနှစ် ဇွန်လမှာတော့ ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရ ငြိမ်းချမ်းရေး အဖွဲ့ချုပ် ပန်ဝါဗဟိုဌာနချုပ် ဆိုတဲ့ ခေါင်းစဥ်နဲ့ စစ်မိန့်ပေးခြင်း ဆိုပြီး အမိန့်ထုတ်ပြန်ခဲ့ရာမှာ ၄င်းတို့ဒေသထဲ ကို KIA နဲ့ PDF ပူးပေါင်း တပ်ဖွဲ့ဝင်များ ဝင်ရောက်လာရင် နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃၊ တပ်ဖွဲ့များနဲ့ ဒေသလက်နက်ကိုင် ပြည်သူ့စစ်တွေ အနေနဲ့ ယတိပြတ် ချေမှုန်းဖို့ စစ်မိန့်ပေးအပ်လိုက်သည် ဆိုပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီအမိန့် ထုတ်ပြန်ပြီး ၅ လ ကျော် အကြာမှာ ကချင်အထူးဒေသ (၁) နယ်မြေတွေထဲက နယ်ခြားစောင့်တပ်တွေကို KIA က တိုက်ခိုက်အနိုင်ယူခဲ့ပြီး နယ်မြေ အားလုံးသိမ်းယူခဲ့တာ ဖြစ်ပါတယ်။
ချုံ့ရရင် ၁၉၈၉ ခုနှစ် နောက်ပိုင်း ဗကပ ချုပ်ငြိမ်းပြီး ကွဲထွက်လာတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ငယ်တခု အဆုံးတိုင် ချုပ်ငြိမ်းသွားပြီလား ဆိုတဲ့အထိ ကောက်ချက်ချဖို့ စောသေးပေမယ့် ၄င်းတို့ ထိန်းချုပ်စိုးမိုးခဲ့တဲ့ နယ်မြေတွေအားလုံးနီးပါး KIA ထိန်းချုပ်မှုအောက် ရောက်ရှိခဲ့ပြီး စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်က ကျန်ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မကြာတဲ့ကာလတွေအတွင်း ပြန်လည် သိမ်းယူနိုင်ဖို့ အလားအလာ မရှိသေးတာတော့ အသေအချာဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar