ဟာရှိန်း - လေနှင်ရာ
Art by Aung Htet
လေနှင်ရာ
ဟာရှိန်း
(မိုးမခ) ဒီဇင်ဘာ၊၂၀၂၄
တိမ်တွေတောင်
နောက်တကြိမ်ပြန်လာသေးတာပဲ
မင်းကဘာလို့ပြန်မလာသေးတာလဲ ငါ့ညီ။
မြို့ထဲမှာ
ပန်းရောင်စုံပွင့်ပြီ
အဲဒီပန်းပွင့်တွေအပေါ် လာနားတဲ့လိပ်ပြာ
အဲဒါ မင်းပဲလား ငါ့ညီ။
တောင်တွေသွယ်တန်းလျက်
မြစ်တွေစီးဆင်းလျက်
ပြာမှုန်တွေ လေထဲ လွင့်တဲ့အခါ
မျက်တောင်ကို ခဏခဏပုတ်ခတ်ထားရတာ
အတောင်တွေလည်း ညောင်းလှပေါ့။
စိတ်က စွတ်စွတ်စိုလို့
မင့်လက်မောင်းအသားစတွေ ပြတ်ရှကျန်ခဲ့တဲ့
တောင်ကုန်းမှာ
အလံတော်ဟာ တစွတ်စွတ်စိုလို့
မင့်အသက်ကျကျန်ခဲ့တဲ့တောင်စောင်းမှာ
အသံတွေ စွတ်စွတ်စိုလို့။
ဓာတ်ပုံလေးတောင် ရိုက်မသွားခဲ့ဘူးကွာတဲ့
အခု
မင်းကိုင်ခဲ့တဲ့ သေနတ်က
လူမှုကွန်ရက်ပေါ် ကြွားတလူလူဝေလို့
မင်းက ဘယ်ရောက်နေတာလဲ ငါ့ညီ။
မပျော်ပါဘူးကွာ
ငိုအပြုံး ရယ်အပြုံးတွေပဲ လွမ်းပါတယ်
ဘဝက ငါတို့ဆီပြန်လာပြီ
မင်းက ဘဝဆီပြန်မလာတော့ဘူး။
မင်းအပေါ် လွှားထားတဲ့ အလံကိုရုတ်လိုက်တော့
မင်းအပေါ်ပိနေတဲ့ ဝန်တွေကို ဖယ်လိုက်တော့
တိမ်တွေတောင် နောက်တကြိမ်ပြန်လာသေးတာပဲ
တိမ်တွေကိုနောက်တကြိမ် ပြန်ငေးရအောင်ကွာ။
လိုအပ်တာထက်ပိုပြီး
လေတွေတိုက်ခတ်လို့။
လေတွေ လိုအပ်တာထက်
ပိုတိုက်ခတ်လို့
သစ်ရွက်တွေ ပိုကြွေရတာအမှန်ပါ။
ဒီဇင်ဘာ၊၂၀၂၄
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar