ခရစ်စမတ်အခါသမယ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ တိမ်းရှောင်နေကြရတဲ့ ဘဝတွေ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၄ မြင်ကွင်း
မိုးမခ၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၄
ခရစ်စမတ်အခါသမယ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ တိမ်းရှောင်နေကြရတဲ့ ဘဝတွေ
ခရစ်ယာန် ဘာသာကိုးကွယ်သူများအဖို့ ခရစ်စမတ် အခါသမယဟာ အလေးအမြတ်အထားဆုံး အခါသမယ ဖြစ်ပြီး ခရစ်စမတ်အခါသမယ မှာ မိသားစုပြန်လည်ဆုံတွေ့ခြင်း ဝတ်ပြုဆုတောင်းခြင်းတို့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ စစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေ အဖို့တော့ အခုလိုစစ်မီးလျှံတွေအကြား အလေးအမြတ်ထားတဲ့ အခါသမယတွေမှာ တောထဲတောင်ထဲ မှာ မဟုတ်ရင် စစ်ဘေးလွတ်ကင်းရာ ရပ်ရွာတွေ မှာ စစ်ဘေးရှောင် ယာယီစခန်းတွေမှာ ကျရောက်ကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။ မိသားစုဝင်တွေ ပြန်ဆုံစည်းကြဖို့ အခွင့်အလမ်းကလည်း တမြို့တနယ် ဆက်သွယ်ထားတဲ့ လမ်းခရီးတွေမှာ တိုက်ပွဲဖြစ်ပွားနေကြသလို၊ ကန့်သတ်ပိတ်ဆို့မှုတွေလည်း အတားအဆီး ဖြစ်နေတာပါ။ ဒါ့အပြင် ယခင်ကထက် ၂ ဆကနေ ၁၀ ဆလောက်ထိ မြင့်တက်လာတဲ့ ကားခတွေကြောင့်နဲ့ နယ်မြေလုံခြုံမှုမရှိခြင်းတွေက မိသားစုတွေ ဆုံတွေ့ဖို့အခြေအနေကို တားဆီးထားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်း မှာ ခရစ်စမတ်အခါ သမယအကြိုနေ့မှာ ဖရူဆိုမြို့နယ်ထဲက မိုဆူကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေကနေ ရှောင်တိမ်းလာတဲ့ အမျိုးသမီး၊ ကလေးငယ်တွေ အပါအဝင် ကျေးရွာသူ ကျေးရွာသား ၄၀ ကျော်ကို စစ်ကောင်စီတပ်တွေက ပစ်ခတ်သတ်ဖြတ်ကာ စီးနင်းလာတဲ့ ကားနဲ့အတူ လက်ရာခြေရာတွေကို မီးရှို့ဖျောက်ဖျက်ခဲ့ကြပါတယ်။ ကရင်နီပြည်က ဒေသခံအများစုဟာ ခရစ်ယာန်ဘာသာကိုးကွယ်သူတွေ ဖြစ်ကြပြီး အခုလိုခရစ်စမတ် အကြိုနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ဟာ ပြည်တွင်းစစ်မီး တကျော့ပြန်တောက်လောင်လာခါစ ကာလမှာ ရုပ်ဆိုးအကျည်းတန်ဆုံး ဖြစ်ရပ်တခု ဖြစ်ခဲ့ပါတယ်။ ဒီစစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြတဲ့ လက်နက်ကိုင်တပ်ရင်း တပ်ဖွဲ့တွေနဲ့ အမိန့်ပေးစေခိုင်းခဲ့ကြသူတွေကို အခုလအချိန်ထိ အပြစ်ပေးအရေးယူနိုင်ခြင်းတော့ မရှိသေးပါဘူး။
မိုဆူကျေးရွာ အဖြစ်အပျက်ဟာ ခရစ်စမတ်အကြို အခါသမယမှာ ဖြစ်ပွားခဲ့ပြီးနောက် စစ်မီးအရှိန်ပိုမို မြင့်တက်လာခဲ့ပြီး ၃ နှစ်အကြာ အခုကာလအထိ မြန်မာနိုင်ငံတနိုင်ငံလုံး နီးပါး စစ်ပွဲတွေ၊ ပိတ်ဆို့ကန့်သတ်မှုတွေ၊ လူငယ်တွေကို စစ်မှုထမ်းဆောင်ခိုင်းဖို့ အဓမ္မဖမ်းဆီးမှုတွေနဲ့ ပြန်ပေးဆွဲသကဲ့သို့ ငွေကြေးနဲ့ ရွေးယူကြရတဲ့ ဖြစ်ရပ်တွေက နေ့စဥ်လိုလို နိုင်ငံရဲ့ ဒေသအနှံ့အပြားမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေရဲ့ အလေးအမြတ်ပြုတဲ့ ခရစ်စမတ် အခါသမယလိုပဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တွေမှာလည်း ဗုဒ္ဓဘာသာဝင်တွေ တိုက်ပွဲကနေ ပြေးလွှားတိမ်းရှောင်ကြရတဲ့ အဖြစ်၊ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့လို ဒေသတွေမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ပွဲတွေအတွင်း လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဘာသာရေးဆိုင်ရာ အလေးအမြတ်ထားတဲ့ အခါသမယတွေမှာလည်း တိုက်ပွဲတွေကို ရပ်နားထားတာမျိုး မတွေ့ကြရပါဘူး။ မိုးရာသီ၊ ခြောက်သွေ့ရာသီ၊ ဘာသာရေး အလေးအမြတ်ထားတဲ့ နေ့ရက်တွေ၊ သီတင်းပတ်တွေကို ရှောင်ရှားတာမျိုး မရှိတော့တဲ့ အခြေအနေမျိုး ရောက်နေကြတယ်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။
မြန်မာနိုင်ငံထဲမှာ လူဦးရေအားဖြင့် ၄ သန်းကျော်လာတဲ့ စစ်ဘေးရှောင်တိမ်းရှောင်နေရသူတွေ အနေနဲ့ အခုလို အချိန်အခါမှာ ဘာသာရေးအရ တနှစ်တာ မိသားစု ပြန်လည်ဆုံဆည်းခွင့် အခွင့်အရေးတွေကို ခံစားနိုင်ခြင်း မရှိကြတဲ့ကာလတွေက ၃ နှစ်ကျော် ၄ နှစ်ထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ခရစမတ်ပွဲတော်ကို လျှပ်စစ်မီးမရှိ၊ သောက်သုံးရေ လုံလုံလောက်လောက်မရှိ၊ ရာသီဥတုဒဏ်ကနေ လုံခြုံတဲ့အမိုးအကာမရှိ၊ နာဖျားမကျန်း ဖြစ်တဲ့အခါ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်ခြင်း မရှိတဲ့ နေရာဒေသတွေဖြစ်တဲ့ ဒုက္ခသည်စခန်းတွေ၊ ဘုရားကျောင်းတွေနဲ့ တောထဲတောင်ထဲမှာ တိတ်ဆိတ်စွာ၊ ခြိုးခြံချွေတာစွာနဲ့ ဖြတ်သန်းနေကြရတဲ့ အခြေအနေဖြစ်ပါတယ်။
နိုင်ငံအနှံ့အပြားက တိုက်ပွဲသတင်းတွေ၊ အကျအဆုံး သတင်းတွေ၊ နေအိမ်ပျက်စီးဆုံးရှုံးမှု ကိန်းဂဏန်းတွေနဲ့ ထိခိုက်သေဆုံးမှု သတင်းတွေက ခရစ်စမတ်အခါသမယရဲ့ နွေးထွေးမှု၊ စိတ်ပျော်ရွှင်မှုတွေကို ချေဖျက်တိုက်စားသွားကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ လတ်တလော အနေအထားမှာ ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေပြီး သောင်းနဲ့ချီတဲ့ မြို့နေလူထုဟာ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး တိုက်ပွဲနဲ့ လွတ်ကင်းရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း မကွေးတိုင်းအထက်ပိုင်းက အညာဒေသမှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ဝင်ရောက်တဲ့ ကျေးရွာတွေ၊ မြို့တွေက ဒေသခံတွေ ချမ်းအေးလှတဲ့ ကာလမှာ နေအိမ်က ထွက်ပြေးတိမ်းရှောင်နေကြရသလို နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေကြရတဲ့ အဖြစ်အပျက်တွေလည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
လက်နက်ကိုင် တော်လှန်ရေး မြန်မြန်ဆန်ဆန် အောင်ပွဲရဖို့ လူထုအနေနဲ့ မိမိတို့ရဲ့ ဒုက္ခ ဆင်းရဲမှုတွေကို လ၊ နှစ်ချီ ဒုက္ခဆင်းရဲခံကာ ကျော်ဖြတ်နေကြရတာ ဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ဒေသအလိုက် စစ်ရေးအရ တခုတည်းသော စုစည်းမှု၊ နိုင်ငံရေးအရ တခုထည်းသော ရည်မှန်းချက် ပန်းတိုင် ဖြစ်ဖို့ ဆွေးနွေးညှိနှိုင်းမှု သဘောတူညီမှုတွေ ရဖို့ အရေးတကြီးလိုအပ်နေတာပါ။ လက်နက်ကိုင်တိုက်ခိုက်မှုတွေရဲ့ ဘုံရန်သူက အာဏာသိမ်း စစ်ကောင်စီဖြစ်တာ မှန်သော်လည်း အဲဒီရည်မှန်းချက်ရဲ့ နောက်တဆင့် ဘယ်လိုစနစ်နဲ့ ထူထောင်ကြမလဲ ဆိုတဲ့ ပန်းတိုင်ဆိုတဲ့အချက်မှာလည်း ဘုံသဘောတူညီမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ တူညီကြဖို့ အရေးကြီးလှပါတယ်။
အဲဒီလို ဘုံသဘောတူညီမှု အကျိုးစီးပွားမတူညီမှုတွေကို နိုင်ငံရေးနည်းလမ်းတွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ခြင်း မရှိခဲ့ရင် လက်နက်ကိုင် ပဋိပက္ခ အသစ်တွေ ပေါ်ထွက်လာနိုင်တဲ့ အလားအလာကိုလည်း ကြိုတင်တွေးဆ သဘောပေါက်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar